Sunday, February 24, 2013

ကိုရီးယားနိုင်ငံ ဂမ်မဲင် ရှိ ရွှေအလင်းတန်း စာကြည့်တိုက်တွင် ကိုရီးယားဘာသာစကားသင်တန်း အပတ်စဉ်(၃) ဆင်းပွဲ ကျင်းပခဲ့


ကိုရီယားနိုင်ငံ ဂမ်မဲင်မြို့ရှိ ရွှေအလင်းတန်းစာကြည့်တိုက်တွင် ကိုရီယားဘာသာစကားသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ဖေဖေါ်ဝါရီလ (၂၄) ရက် ၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီက ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ ဘူဆန် ၊ ဂမ်မဲင် အနီးအနားရှိ ရွှေမြန်မာများမှ လာရောက်ခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစမီ လာရောက်ကြသော ရွှေမြန်မာများကို မြန်မာအစားအစာ အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံခဲ့ပါသည်။


ကိုရီးယားဘာသာစကားသင်တန်းကို ဆရာလှမင်းထွန်း ၊ ဆရာရဲသီဟ ၊ ဆရာမ ဂျောင်ဂွီဆွန်း ၊ ဆရာ ဟာဆန်ဒယ်တို့မှ သင်ကြားခဲ့ကြပါသည်။ သင်တန်းဆင်းပွဲ မစတင်မှီ အပတ်စဉ်(၄) သင်တန်းကို တက်ရောက်ရန်အတွက် သင်တန်းသား အသစ်များကို ၀င်ခွင့်ဖောင်များကို ဖြည့်ခိုင်းကြပါသည်။ သင်တန်းဆင်းပွဲတွင် အခမ်းအနားမှူးအဖြစ် ကိုတိုးသူရ မှ ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ ကိုရီးယားဘာသာ စကားသင်တန်း Level(1) သင်တန်းသားဆင်းလက်မှတ်များကို ဆရာလှမင်းထွန်း ပေးအပ်ခဲ့ပြီး ၊ Level(2) အောင် သင်တန်းသားများကို ကိုရီးယားဆရာမ ဂျောင်ဂွီးဆွန်း (နိုင်ငံခြားအလုပ်သမားကူညီပေးရေးရုံးမှ ဥက္ကဌ) မှ သင်တန်းဆင်းလက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ပါသည်။ 

ထို့နောက် ဆရာမ ဂျောင်ဂွီဆွန်းမှ  သင်တန်းဆင်းအမှာစကားပြောကြားရာတွင်   “ ကိုယ့်ရဲ့အခက် အခဲတွေကို အလုပ်မှာပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောနိုင်ပြီးတော့ အလုပ်အကိုင်တွေ အားလုံးအဆင်ပြဖို့ ရည်ရွယ်ပါတယ်လို့ ” ပြောကြားခဲ့ပါတယ် ၊ ဆရာလှမင်းထွန်း နှင့်ကိုတိုးသူရတို့မှလဲ အမှာစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆရာလှမင်းထွန်း နှင့် ဆရာမ  ဂျောင်ဂွီဆွန်း တို့ကို အသီးအသီးလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ သင်တန်းဆင်း ကျောင်းသားများကိုယ်စား ကိုရန်နောင်စိုး နှင့် ကိုအေးကိုတို့မှ လဲ ကျေးဇူးတင်စကား များပြောကြားခဲ့ကြပါသည်။ ထို့နောက် ရွှေအလင်းတန်းစာကြည့်တိုက် ကိုမင်းလတ်မှလဲ စာကြည့်တိုက်ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပါသည်။ 

သင်တန်းဆင်းလက်မှတ်များကို နိုင်ငံခြားသားအလုပ်သမားကူညီပေးရေးရုံးနှင့် ရွှေအလင်းတန်းစာကြည့်တိုက် ကိုရီးယားဘာသာစကားသင်တန်းတို့ ပူးပေါင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ အပတ်စဉ်(၃) သင်တန်းကို သင်တန်းကာလ (၆) လ သင်ကြားပေးခဲ့ပါသည်။ ဆက်လက်၍ အပတ်စဉ်(၄) သင်တန်းများကို ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကွန်ပျူတာသင်တန်း ၊ အလုပ်သမားဥပဒေသင်တန်း ၊ မြန်မာပြည်ပြန်ရောက် သည့်အခါ ကိုရီးယားလုပ်ငန်းရှင်များထံတွင် ပြန်လည်လုပ်ကိုင်အသုံးချနိုင်ရန် သင်ကြားပေးမည့် သင်တန်းများကို ဘူဆန်မြို့ ၊ မိုလာဒုံရှိ  နိုင်ငံခြားအလုပ်သမား ကူညီပေးရေးရုံး (BFC- Busan Foreign Workers Support Centre) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။

------------------
https://www.facebook.com/groups/goldenlight009/

1 comment:

စိုးမိုးသူ said...

ဂုဏ်ယူပါတယ်။ ကင်မ်မဲင်လို့ ခေါ်တာထက် ကင်မှဲ သို့မဟုတ် ကင်မ်ဟဲ လို့ ခေါ်တာ၊ ရေးတာက ပိုနီးစပ်မယ်လို့ အကြံပြုပါတယ်။