Friday, October 4, 2013

သြော်……ဟုတ်လား

‘’ကျနော်တို့ မြန်မာနိုင်ငံမှာတော့ န၀တအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင်တက်လာမဲ့အစိုးရအဖွဲ့ကို လွှဲပေးတာ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး။ ဘယ်ပုံစံနဲ့ လွှဲပေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ။ ဒီအခြေခံဥပဒေသည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလို အာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး။

ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထားဝယ်မြို့တော်ခန်းမမှာ စက်တင်ဘာလ (၉) ရက်နေ့က ဒီအတိုင်းပြောခဲ့ပါတယ်။ သူ့စကားထဲမှာ ဘယ်နိုင်ငံမှ မလုပ်နိုင်ဘူး။ ဘယ်သူမှ မလုပ်နိုင်ဘူး လို့ပြောသွာတာကို ကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တနည်းအားဖြင့် ချီးမွမ်းခန်းဖွင့်သွားရုံမက အာဏာလွှဲပေးခဲ့တဲ့ စစ်အစိုးရကိုပါ အမွှန်းတင်သွားတယ်လို့ နားလည်ပါတယ်။

ကောင်းပြီ။ ဒါဆို ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲလို့ ပထမ သိဖို့လိုအပ်လာပါတယ်။ အဘိဓာန်ထဲမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(Constitution)ဆိုတာ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုစီမံခန့်ခွဲအုပ်ချုပ်မယ်လို့ ပြဌာန်းထားတဲ့ အခြေခံကျတဲ့ ဥပဒေတွေ၊ မူတွေလို့ဆိုထားပါတယ်။ တနည်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံးဥပဒေ (Supreme Law)ဖြစ်ပါတယ်။ အုပ်ချုပ်သူအစိုးရနဲ့ ပြည်သူတို့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ ပဋိဥာဉ်စာချုပ်ဆိုရင်လည်း မမှားပါဘူး။ အရေးအကြီးဆုံးအချက်က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတဲ့လူတွေဟာ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်တွေသာ ဖြစ်ရပါမယ်။ အုပ်ချုပ်သူအစိုးရက မိမိတို့အလိုကျ ရွေးထားတဲ့ လက်ညှိုးထောင် ခေါင်းညိမ့်ကိုယ်စားလှယ်တွေ မဖြစ်ရပါဘူး။ ဒီလို စိတ်တော်သိ ဘောင်းတော်ညိမ့် သမားတွေနဲ့သာ ရေးဆွဲထားတဲ့ဥပဒေဆိုရင်တော့ အုပ်ချုပ်သူအကျိုးအတွက် ရေးဆွဲထားတဲ့ ဥပဒေပဲဖြစ်မှာ အမှန်ပဲ။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးဆိုတာတွေက လူတိုင်းပြောတတ်တဲ့ စကားလုံးလှလှတွေ(သည်းခြေကြိုက် စကားတွေ)ပါ။

နိုင်ငံသားတိုင်းကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ဆိုရင်နိုင်ငံတစ်နိုင်ငံရဲ့အသက်သွေးကြောသဖွယ်အရေးကြီးတဲ့ဒီလိုဥပဒေမျိုးကိုပြည်သူကလွတ်လွတ်လပ်လပ်(မကြောက်မရွံ့၊ ဖိအားပေး အကျပ်ကိုင်မခံရဘဲ) ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကသာ ရေးဆွဲရမှာဖြစ်ပါတယ်။ ပြီးရင် အဲဒီမူကြမ်းကို ပြည်သူတွေကို နားလည်သဘောပေါက်အောင် လုံလောက်တဲ့အချိန်ကာလအတွင်း ချပြရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကိုပိုင်တာ ဒီပြည်သူတွေဖြစ်လို့ပါပဲ။ ဘယ်အုပ်စု၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ မပိုင်ပါဘူး။ တည့်တည့်ပြောရရင် နိုင်ငံတစ်နိုင်ငံကို စစ်တပ်မပိုင်ပါဘူး။ ပြီးတော့မှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုရမှာဖြစ်ပါတယ်။ လိုရင်းတိုရှင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားတိုင်းသိသင့်တယ်။ တာဝန်အရ သိကိုသိသင့်တယ်လို့ တောင်ပြောချင်တယ်။ အဲဒီအထဲမှာ ဘာတွေပြဌာန်းထားတာလဲဆိုတာကို ကျနော်တို့ကြည့်ကြပါစို့။

လက်ရှိသမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါတယ်ဆိုတဲ့ စကားတွေလည်း နားလျှံနေလောက်ပါရဲ့။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ ဦးရွှေမန်းကတော့ သူ့ကိုယ်သူ ဒီမိုကရေစီဘက်တော်သားလို့ ဟစ်ကြွေးထားတဲ့သူပေါ့။ ဒါပေမဲ့ သူတို့စစ်အုပ်စု အလိုကျရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ အားလုံးအချက် (၁၂) ချက်ရှိပါတယ်။

၁။ နိုင်ငံတော်၏ အခြေခံမူများတွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်ဟု ချမှတ်ထားခြင်း။

၂။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတတို့၏ အရည်အချင်းများတွင် စစ်ရေးအမြင်ရှိရမည်ဟူသော အချက်ကို ထည့်သွင်းထားခြင်း။

၃။ ဥပဒေပြုရေးနှင့် စပ်လျဉ်း`၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော် ၂၅% ပါဝင်နေခြင်း။

၎။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု ပြဌာန်းထားသော်လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအတွက် ခန့်အပ်ထားသော တပ်မတော်ကိုယ်စားလှယ်များကိုမူ တပ်မှအငြိမ်းစားယူရန်(သို့မဟုတ်)နှုတ်ထွက်ရန်မလိုဟု ပြဌာန်းထားခြင်း။

၅။ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း။

၆။ ရာထူးမှနှုတ်ထွက်ရမည့် အဆိုပါ တပ်မတော်သားဝန်ကြီး၊ ဒုတိယ၀န်ကြီးတို့နှင့် ပတ်သက်လျှင် နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်း။

၇။ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သားများ ပါဝင်ခြင်း။

၈။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁)ဦးဖြင့်ဖွဲ့စည်းထားရာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး(၆)ဦးဖြင့် အများစုမဲ(Majority Vote)ကို တပါတည်းရယူထားခြင်း။

၉။ တပ်မတော်သည် တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း။

၁၀။ တပ်မတော်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဌာန်းထားခြင်း။

၁၁။ အရေးပေါ်အခြေအနေ ပေါ်ပေါက်လျင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း။

၁၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏(၇၅%)ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှပြင်ဆင်ခွင့်မရနိုင်အောင် ပြဌာန်းထားခြင်း တို့ဖြစ်ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို စစ်တပ်ကသာ ရာသက်ပန်ချုပ်ကိုင်ထားဖို့ ရည်ရွယ်ပြဌာန်းထားတာကို အတတ်သိနိုင်ပါတယ်။ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ဆိုတာကတော့ အချုပ်အခြာအာဏာ(Sovereinty)ကိုပြောတာပါ။ အုပ်ချုပ်ရေးအာဏာ(Executive Power)၊ ဥပဒေပြုရေးအာဏာ(Legislative Power)၊ တရားစီရင်ရေးအာဏာ(Judiciary Power) ဆိုတဲ့ ဒီအာဏာသုံးရပ်ဟာ အချုပ်အခြာအာဏာပါပဲ။ ဒါကြောင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အချုပ်အခြာအာဏာကို ရာသက်ပန် လက်ဝါးကြီးအုပ်၊ မောင်ပိုင်စီးထားတာဟာ စစ်တပ်ပဲဖြစ်ပါတယ်။ ဒါဆို ကျနော်တို့တတွေ န၀တ၊ နအဖ လက်ထက်ကကော အခုအရပ်သားအရေခြုံ အစိုးရလက်ထက်မှာပါ နားအန်ချင်စရာကောင်းလောက်အောင် ကြားနေရတဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ သူတို့စစ်ဖိနပ်အောက်က ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့စစ်အုပ်စုရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးပဲဖြစ်ပါတယ်။

တကယ်တမ်းကျတော့ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည် ဆိုတဲ့စကားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး စစ်တပ်မှ ဆင်းသက်ရမယ်လို့ မိုက်ကြေးခွဲပြီး ပြဌာန်းထားတာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေ အခန်း(၁၄) အပိုဒ်(၄၄၅)မှာ ယခင် န၀တ၊ နအဖ အဆက်ဆက်မှာ တာဝန်အရဆောင်ရွက်ချက်တွေအပေါ် အဲဒီအဖွဲံ့၊ ဒါမှမဟုတ် အဖွဲ့ဝင်တစ်ဦးဦးကို တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုပြီး ပြဌာန်းထားလိုက်သေးတယ်။ သမ္မတသိန်းစိန်အစိုးရက ပြည်ပရောက် အတိုက်အခံတွေ ပြည်တွင်းကို ပြန်လာနိုင်ပါတယ်တဲ့။ ဒါပေမဲ့ သူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကိုတော့ တည်ဆဲဥပဒေအရ တရားရင်ဆိုင်ရပါမယ်လို့ ကြေညာထားတာ အားလုံးမှတ်မိကြမှပါ။ သူတို့ကျူးလွန်ခဲ့တာတွေအတွက်တော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက အကာအကွယ်ပေးထားတယ်။ သာမန်ပြည်သူတွေကျတော့ ပြစ်မှုကျူးလွန်ထားတာတွေရှိရင် အရေးယူမယ်တဲ့။

သြော်…ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းပေးခဲ့တာဟာ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စလို့ ပြောသွားပေတာကိုး။ ဟုတ်တယ်လေ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဖွဲ့ည်းပုံပေပဲ။ ဒါပေမဲ့ သူ့လေသံက ချီးမွမ်းသွားတာလား၊ ဖြောင့်ကွယ် ကွယ်ပြီး ၀န်ခံသွားတာလားဆိုတာကတော့ သူပဲသိပါလိမ့်မယ်။

သက်နိုင်(၄. ၁၀. ၂၀၁၃)

No comments: