Tuesday, March 25, 2014

ငရဲပြည်ထက်ဆိုးတဲ့ စက်ရုံ

ရေးသားသူ — စိုးမိုးသူ
 
ညနေဘက် ရုံးခန်းထဲ အလုပ်တွေ ပိနေတုန်း ညီလေး တယောက် သုတ်သီးသုတ်ပြာ ရုံးခန်းထဲ
ဝင်လာတယ်။  အလုပ်ဝတ်တောင် မလဲပဲ အပြေးအလွှားလာတဲ့ သူ့မျက်နှာမှာ စိုးရိမ်သောကတွေကလည်း အပြည့်နဲ့လေ။
 
ဘာဖြစ်လာတာလဲညီ။
 
အကို၊ ကျနော့်ကို သူဌေးကနှင်လိုက်တယ်။
ပြီးတော့ မင်းခုချိန်ကစပြီး ဘူးလ်ဘော့(တရားမ၀င်နေထိုင်သူ)ဖြစ်သွားပြီတဲ့ဗျာ။
သူပြောသလို ကျနော့် တကယ် ဘူးလ်ဘော့ဖြစ်ပြီလား အကို၊
ကျနော် ဘာလုပ်ရမလဲ၊
ကျနော့်ကို ကယ်ပါဦး။
 
လုပ်လက်စ အလုပ်ကိုရပ်ကာ သူ့ကို ထိုင်ခိုင်းပြီး

ညီ၊
သူက ဘူးလ်ဘော့ဖြစ်စေဆိုတိုင်း ဘူးလ်ဘော့ဖြစ်ရအောင်
မင်းသူဌေးက စေတလုံးပိုင်ရှင်မှ မဟုတ်တာ၊
ဘာမှ စိုးရိမ်မနေနဲ့ မင်းဘာမှ
မဖြစ်ဘူး၊ကဲ စိတ်အေးအေးထားပြီး အကို့ကို ဖြစ်သမျှအကြောင်း ပြောပေတော့။
 
ဘာမှ မဖြစ်ဘူးလို့ အာမခံလိုက်တော့မှ သူ့မျက်နှာ အတန်ငယ်ပျော့ပြောင်းသွားတယ်။
ပြီးတော့ နာကျည်းခြင်း မခံမရပ်နိုင်ခြင်းတွေ အပြည့်ပါတဲ့ အသံတုန်ကြီးနဲ့ ဖြစ်ကြောင်း ကုန်စင်ကိုပြောပါတော့တယ်။
 
အန္တရာယ်ရှိတဲ့ စက်ကို သေချာ သင်မပေးပဲ အတင်းခိုင်းတဲ့အကြောင်း၊
မလုပ်ရဲလို့ငြင်းတာကို ဆဲဆို အတင်းခိုင်း၊မြန်မာပြည်ပြန်ပို့မယ်ခြိမ်းခြောက်၊
၃ယောက် မ မှ ရမယ့် ပစ္စည်းကို တယောက်တည်း အတင်း မ ခိုင်း၊
မ မနိုင်တာကို ဆဲ၊ ခြေနဲ့ကန်၊
ထမင်းစားချိန်အပြည့်မပေး၊
နားရက်ကို အလုပ်မလုပ်ပေးရင် မြန်မာပြည်ပြန်ပို့မယ်ဆိုပြီး ခြိမ်းခြောက် အလုပ်ခိုင်း။
 
ပြောပြရင်း အသားတဆတ်ဆတ်တုန်လာတဲ့ သူ့ကို ကျနော်က

အိုကေ ရပြီ လုံလောက်ပြီ ညီ၊ ဘာမှ မပူနဲ့တော့၊ အကိုဖြေရှင်းပေးမယ်၊ဟုတ်ပြီလား
ကဲ အခုတော့ ၀ါးတီးဆွဲကြမယ်၊ မင်း ထမင်းစားပြီးပြီလား။
 
အလုပ်ပြီးပြီးချင်းထွက်လာတာ အကို ဘာမှ မစားရသေးဘူး၊
 
အိုကေ လာခဲ့ အကိုနဲ့အတူဆွဲမယ်ဆိုပြီး
မီးဖိုချောင်ထဲသွား ဟင်းအိုးတွေ လိုက်လှန်ကြည့်လိုက်တော့
ပိတောက်ရိပ်က တို့အမကြီးရဲ့ လက်ရာကောင်း
ဝက်သား၊ ပုဇွန်၊ ပဲဟင်း ၊ငါးပိရည်တို့စရာတွေက သွားရည်ကျစရာ အပြည့်ပဲလေ။
 
အမကြီးကလည်း ကျနော့်နောက်ကလိုက်လာပြီး
ဟင်းတွေ ကူပြင်ပေးရင်း ထည့်ထည့် များများထည့်ပေးလိုက်၊
ဒီလိုအချိန်လေး တို့တွေ ကုသိုလ်ယူရတာ။
သြော် ဒုက္ခဒုက္ခ တို့နိုင်ငံသားတွေ တိုင်းတပါးမှာ ဒုက္ခတွေရောက်နေရရှာတယ်ဆိုပြီး
စိတ်မကောင်းသံနဲ့ ညီးရှာတယ်။
 
ဒါနဲ့ သူနဲ့ကျနော် အမကြီး ပြင်ပေးတဲ့ ထမင်းပွဲကို အားပါးတရဆွဲကြတယ်။
သူလည်း အလုပ်က ပင်ပန်းတော့ အတော်ဆာနေပုံရတယ်၊
ထမင်း အပြည့်၂ပန်းကန် တခဏတွင်း ပြောင်သွားတယ်။
 
၂ယောက်သား ဗိုက်လဲ တင်းရော  ဖြစ်သမျှအကြောင်းကို  သူက မြန်မာလိုရေး
ကျနော်က ကိုရီးယားလို ဘာသာပြန်ရေးပေး၊
နက်ဖြန် ဘူဖြောင်း နိုင်ငံခြားသားအလုပ်သမားစင်တာသွားနည်း၊
နိုဒုန်ဘူသွားနည်းကို လမ်းညွှန်ရင်း
၂ယောက်သား နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။
 
ကျနော့်ကို တရိုတသေ နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကိုကြည့်ရင်း
သူပြောသွားတဲ့ စကားလေးတခွန်းက  ကျနော့ရင်ထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ်။
 
အကိုရယ် ဒီငရဲပြည်လို စက်၇ုံကိုတော့ ကျနော်ဘယ်လိုနည်းနဲ့မှ ပြန်မသွားပရစေနဲ့။
နောက်ဆုံး ကျနော် အိုဗာစတေးဖြစ်လည်း ဖြစ်ပါစေတော့ အကိုရာ၊
အဲ့ဒီလို အိုဗာစတေးဖြစ်လို့  မြန်မာအစိုးရက ဒဏ်ငွေ သိန်း၃၀ရိုက်လည်း မတတ်နိုင်ဘူး၊ လောလောဆယ်  ဒီ ငရဲပြည်ကို ပြန်မသွားရဖို့က ပိုအရေးကြီးပါတယ်
...တဲ့။
 

No comments: