Tuesday, April 29, 2014

ကိုယ်က ကိုယ်ပဲ ဖြစ်ပါစေ

ရေးသားသူ — ခန့်နေသူတိုး





ကျနော် ၄ တန်းအောင်ပြီး ၅ တန်းတက်တော့ ကျနော်တက်ခဲ့တဲ့ မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းကို ပြောင်းရပါတယ် ။ အဲဒီလို အလယ်တန်း ကျောင်းသား ဖြစ်သွားတော့ မူလတန်းကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကျနော်နဲ့ အတူ ကျောင်းသွားဖော် ကျောင်းသွားဖက် ၊ ဘော်လုံး ကန်ဖော်ကန်ဖက် ညီငယ်လေးတွေရဲ့ အထင်ကြီး အားကျမှုကို ခံရပါတော့တယ် ။ ကျနော် မူလတန်းကျောင်းသား ဘဝတုန်းကလည်း လေးတန်းအောင်ပြီး အလယ်တန်းကျောင်းကို ပြောင်းသွားကြတဲ့ ကျနော့်ရဲ့ စီနီယာတွေကို ကြည့်ပြီး အားကျစိတ် ဖြစ်ခဲ့မိတာပါပဲ ။ စီနီယာတွေကလည်း အားလပ် ရက်တိုင်း ကျနော်တို့ကို ခေါ်ပြီး ဘောလုံးကွင်း နံဘေးမှာ ၊ မန်ကျီးပင်ပေါ်မှာ ၊ ရေကူးကန်အစပ်မှာ အစရှိသဖြင့် လူစုစေကာ ၄ တန်းကို ဘယ်လို အောင်မြင်အောင် ဖြတ်သန်းခဲ့ပုံ ၊ အလယ်တန်း ကျောင်းသားဘဝ သူတို့ရဲ့ ကြီးကျယ်ခန့်ငြားပုံတွေကို အာပေါင်အာရင်းသန်သန် ပြောပြတတ်ကြလေတော့ အလယ်တန်း ကျောင်းသား ရဲ့ ဘဝကို ကျနော် အားကျမိတာလည်း အဆန်းတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် ကျနော် ၅ တန်း ကျောင်းသားဖြစ်ပြီး အလယ်တန်းကျောင်းကို ရောက်လာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို ဝေဖန် သုံးသပ် လေ့လာကြည့်ရင်းက အသိတစ်ခုလည်း ပွင့်လင်းလာခဲ့ရတယ် ။ အဲဒီအသိက ဘာလဲဆိုတော့ ကျနော် အထင်ကြီးခဲ့တဲ့ ၅ တန်း ကျောင်းသား ဘဝဆိုတာဟာ တကယ်တော့ ဘာမှလည်း မဟုတ်သလို ကျနော်လည်း သူလိုငါလို ဘာထွေထွ ထူးထူး မှ အားမထုတ်ရပဲ ဒီလိုပဲ ရောက်လာတာပဲ ဖြစ်တယ်ဆိုတာပါပဲ ။ အဲဒီနောက်မှာတော့ ကျနော်ဟာ တော်ရုံ တန်ရုံ တစ်ဖက်သားအပေါ် အားကျတတ်တဲ့ အကျင့်ကို ဖျောက်နိုင်လာခဲ့ပါတော့တယ် ။

တစ်ဖက်သားကို အားကျနေရင် ကိုယ့်မှာ အားတွေလျှော့လာပါလိမ့်မယ် ။ ဘဝရဲ့ ပျော်ရွှင်မှုတွေကို စုတ်ယူရတဲ့ ဖြစ်တည်မှု ရေသောက်မြစ်တွေ ကြုံလှီလာပါလိမ့်မယ် ။ ဒါကြောင့် သူများကို အားကျတာထက် ကိုယ်ဟာကိုယ် ဖြစ်ချင်စိတ်နဲ့ ကြိုးစားဖို့ပဲ ဆုံးဖြတ်ချက် ချခဲ့မိပါတယ် ။ ကျနော့် ဒိုင်ယာရီ စာအုပ်ရဲ့ စာမျက်နှာတိုင်းမှာ ပထမဆုံး ရေးမိတဲ့ စာကြောင်းက “သူများလို ဖြစ်ဖို့ အားမထုတ်ပါနဲ့” ဆိုတာပဲ ဖြစ်ပါတယ် ။ တစ်ချို့ကတော့ သူများကို အားကျစိတ်နဲ့ စံနမူနာယူပြီး ကြိုးစားတာဟာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ဖို့ ကြီးစွာသော အထောက်အကူ ဖြစ်စေတယ်လို့ မှတ်ယူကြပါတယ် ။ ကျနော့် အမြင်ကတော့ သူများကို အားကျစိတ်နဲ့ ကြိုးစားတာဟာ စာကျက်ရင်း အိပ်ငိုက်လာလို့ မရမ်းပြားစားပြီး ကျက်တာနဲ့ တူတယ်လို့မြင်ပါတယ် ။ တကယ်တော့ အိပ်ချင်စိတ်ကို ကိုယ့်ရဲ့ ပင်ကိုယ် သတ္တိနဲ့သာ တွန်းလှန် ကျော်လွှားသင့်တာပါ ။ မတွန်းလှန် မကျော်လွှားနိုင်ရင် အိပ်သာပြစ်လိုက်ပါ ။ အိပ်စက်ခြင်းဟာ သဘာဝက ပေးတဲ့ ဆုလဒ်မဟုတ်လား ။ ဒီလို မဟုတ်လို့ အိပ်ချင်စိတ်ကို ကိုယ့်လုံ့လနဲ့ကိုယ် မတွန်းလှန်နိုင်ပဲ မရမ်းပြားရဲ့ အကူအညီကို ယူပြီး တွန်းလှန်ရင်း စာကျက်မယ်ဆိုရင် .. စာတော်သူတော့ ဖြစ်ချင်ဖြစ် လာမယ် ဒါပေမယ့် မရမ်းပြား စားတာကြီးက အကျင့်ပါသွားပြီး ဝမ်းတွေပျက်ကာ လေနဲ့ဝမ်းနဲ့ မကွဲတာတွေ ဖြစ်လာ နိုင်ပါတယ် ။ စာသင်ခန်းထဲက ထွက်လို့ တကယ့် လက်တွေ့ ဘဝထဲရောက်တဲ့အထိ တစ်စုံတစ်ခုကို အောင်မြင်ဖို့ ကြိုးစားအားထုတ်ရတဲ့ အခါတိုင်း မရမ်းပြားရဲ့ အကူအညီကို ယူနေရတဲ့ ဒီကနေ့ ကျနော်တို့ရဲ့ ပါတ်ဝန်းကျင်မှာ အောင်မြင်တယ်လို့ ဆိုနိုင်တဲ့ .. လေနဲ့ဝမ်းနဲ့ မကွဲတဲ့ နိုင်ငံရေးသမားတွေ ၊ ဘာသာရေးဆရာတွေ ၊ အသိပညာရှင် အတတ်ပညာရှင်တွေ ၊ အနုပညာရှင်တွေ ၊ စီးပွားရေးသမားတွေ .. ဒုနဲ့ဒေးပါ ။

သူများကို အားကျတာရဲ့ ဆန့်ကျင်ဖက် ကိုယ့်ထက်သာသူ တစ်ဖက်သား အပေါ် မနာလိုဖြစ်တာ ကျပြန်တော့လည်း ကိုယ့်မှာ အမြဲ ပူလောင်နေပြန်ပါတယ် ။ တစ်ခါတစ်ရံ ပါတ်ဝန်းကျင်မှာ ဒီလို အသံလေးတွေ ကြားရတတ်ပါတယ် ။ ဒီကောင်က မိန်းမ ၃ယောက် ရှိတယ်သာပြောတာ ယူထားတာတွေက ဂျေဂျေကဟာ သာသာလေးတွေပါကွာ .. ၊ ပိုက်ဆံဘယ်လောက်ရှာနိုင်တယ် ပြောပြော ဒီကောင့်ဗိုက်ကြီးက ပူပြီး နဖူးကြီးကတော့ ပြောင်နေပြီ ဟားဟားဟား .. ၊ ဒီလူကြီးက ပညာတတ် လို့သာပြောတာ ငွေနဲ့မျှားတော့လည်း ပါသွားတာပဲ အလကားပါကွာ .. အစရှိတဲ့ စကားသံ တွေဟာ မနာလိုစိတ်ရဲ့ အရိပ်တွေပဲ ဖြစ်ပါတယ် ။ ပြောနေစဉ်မှာလည်း ပူလောင်ရသလို .. တွေးလိုက်တိုင်းလည်း ပူလောင်နေမှာ သေချာပါတယ် ။ ဒါကြောင့် လူ့ဘဝကို ဖြတ်သန်းစဉ်မှာ လူများကိုလည်း အားမကျဖို့နဲ့ ကိုယ့်ထက် သာသူကိုလည်း မနာလို မဖြစ်ပဲ အဲဒီ နှစ်ခုအကြားမှာ ပေါ့ပါးသိမ်မွေ့စွာ လွတ်မြောက်နေဖို့ လိုပါတယ် ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်ရှု့ ။ ကိုယ့်ကိုယ်ကို လေးစား ။ လေနဲ့ဝမ်းနဲ့ ကွဲအောင်လုပ် ။ ကိုယ့်ရဲ့ အတွင်းထဲကို ကိုယ့်ဘာသာမေး ။ ကိုယ်က ကိုယ်ပဲ ဖြစ်အောင်လုပ် ။ ကိုယ့်လမ်း ကိုယ်ဖောက် ။ ကိုယ့်လမ်း ကိုယ်လျှောက် ။ ကဲ မိတ်ဆွေတို့ရော ဘယ်လို သဘောရသလဲဗျာ .. ။

No comments: