Saturday, May 24, 2014

၂၀၀၈ ဖွဲ့စည်းပုံ အနုလုံပဋိလုံ

ပုဒ်မ (၄၃၆)ကို ဘယ်လို၊ ဘယ်လောက် ပြင်ဖို့လိုသလဲ


ဟိုအရင် ဆောင်းပါးတစ်ပုဒ်မှာ ဆက်နှစ်မဲ့ ဆယ့်နှစ် ခေါင်းစဉ်နဲ့ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ (၄၃၆) က၊ ခ နဲ့ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ လိုတိုရှင်း ပြန်ပြောရရင် အပိုဒ်ခွဲ(က)မှာပါတဲ့ ပြဌာန်းချက်တွေဟာ စစ်အုပ်စုရဲ့ အချုပ်အခြာအာဏာကို ထိပါးမဲ့ တနည်းပြောရရင် သူတို့အတွက် အသက်တမျှ အရေးကြီးတာတွေ ဖြစ်နေလို့ပါပဲ။ အဲဒီအပိုဒ်မှာပါတဲ့ ဟာတွေကို ပြင်ချင်ရင် ပထမအဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၂၀)ရာခိုင်နှုန်းက တင်ပြရမယ်။ ဒုတိယအဆင့် လွှတ်တော်ကိုယ်စားလှယ် (၇၅)ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်။ ပြီးရင် တတိယအဆင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆန္ဒမဲပေးခွင့်ရှိတဲ့လူအားလုံးရဲ့ ဆန္ဒမဲနဲ့ ပြင်ရမယ်လို့ ပြဌာန်းထားပါတယ်။

အပိုဒ်(ခ)မှာတော့ ခုနအပိုဒ်(က)မှာပါတဲ့ ပြဌာန်းချက်တွေကလွဲရင် တခြားဟာတွေကိုတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမလိုဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ (၇၅)ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ပြင်ရမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာစံနှုန်းအရတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံနှစ်ပုံထောက်ခံမဲနဲ့ ပြင်နိုင်ပါတယ်။ ဒီနေရာမှာ အထူး အထူးကို သတိပြုရမဲ့အချက်က ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဆိုလိုတာဖြစ်ပါတယ်။

အခု ကျနော်တို့နိုင်ငံမှာ ပုဒ်မ(၄၃၆)ကိုပြင်ဖို့ အုန်းအုန်းကျွက်ကျွက် တောင်းဆိုလာကြတဲ့အချိန်မှာပဲ အဖွဲ့ဝင်(၃၁)ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီက ဒီပုဒ်မကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ (၇၅)ရာခိုင်နှုန်းကျော်အစား (၆၆.၆၇)ရာခိုင်နှုန်း(သုံးပုံနှစ်ပုံ)ထောက်ခံမဲနဲ့ ပြင်ဆင်နိုင်ဖို့ဆိုတဲ့ သဘောထားကို မီဒီယာတွေကနေတဆင့် သိရပါတယ်။ ဒီသုံးပုံနှစ်ပုံ ထောက်ခံမဲနဲ့ ပြင်နိုင်ဖို့ကိုပဲ လွှတ်တော်ကိုယ်စားလှယ် (၇၅)ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမဲရမှ ဖြစ်မှာပါ။

ဒီနေရာမှာ ကော်မတီရဲ့သဘောထားကို နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ ဥပဒေပညာရှင်တချို့က ကြိုဆိုထောက်ခံလိုက်တာကိုတော့ ကျနော်သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာစံနှုန်း သုံးပုံနှစ်ပုံဆိုတာက ပြည်သူကတိုက်ရိုက် ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ရည်ညွှန်းတာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိလွှတ်တော်က (၂၅)ရာခိုင်နှုန်းဟာ ကာချုပ်ကရွေးပြီး လွှတ်ထားတဲ့ စစ်သားတွေဆိုတာကို သတိချပ်ပါ။ ကျန်တဲ့ (၇၅)ရာခိုင်နှုန်းသာ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေလို့ ပြောလို့ရပါတယ်။

ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်အစစ်ရဲ့ သုံးပုံနှစ်ပုံထောက်ခံမဲနဲ့ ပြင်နိုင်မှသာ နိုင်ငံတကာစံနှုန်းနဲ့ ညီမှာဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ကျနော်တို့နိုင်ငံ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ (၅၀)ရာခိုင်နှုန်းထောက်ခံမဲနဲ့ ပြင်နိုင်မှသာ နိုင်ငံတကာစံနှုန်း သုံးပုံနှစ်ပုံနဲ့ အတိအကျ ညီမျှမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

သက်နိုင် (၂၄. ၅. ၂၀၁၄)

No comments: