Monday, May 5, 2014

ကျနော့ဘဝထဲက မှတ်မှတ်သားသားအဖြစ်အပျက်များ

ရှစ်လေးလုံးအရေးတော်ပုံကာလ စစ်အာဏာရှင်များရဲ့ ရက်စက်၊ယုတ်မာ မှုပုံရိပ်တစ်ခု






-လွန်ခဲ့တဲ့ (၁၄) နှစ်ကျော်က ကိုရီးယားရဲ့ စက်ရုံတစ်ခုမှာ ကျနော်နဲ့ အလုပ်အတူတူလုပ်ဖက် ကိုသန်းဇော်က အလုပ်နားရက်တစ်ရက်မှာ ရှစ်လေးလုံးအရေးတော်ပုံကာလက သူ့ရဲ့ကိုယ့်တွေ့ အဖြစ်အပျက်လေးတစ်ခုကို ကျနော်ကို အခုလိုပြောပြတယ်။ အဲဒီအဖြစ်အပျက်လေးဟာ ကျနော်ရင်ထဲမှာ အခုထိ စွဲ..ကျန်ရစ် နေတုန်းဖြစ်သလို၊ မြန်မာပြည်ပြန်သွားပြီဖြစ်တဲ့ ကိုသန်းဇော်ကိုလည်း အမှတ်တရ ဖြစ်လာတာနဲ့ ဒီအဖြစ်အပျက်လေးကို ချရေးဖြစ်လိုက်တာပါ။

ဖြစ်ပုံကဒီလို……
ရှစ်လေးလုံးအရေးတော်ပုံကြီး အရှိန်ကောင်းနေတုန်းအချိန်မှာပဲ စစ်တပ်က မတရားအာဏာသိမ်းပြီး ညမထွက်ရ အမိန့်တွေကို ထုတ်ပြန်ထားလို့ ပြည်သူတွေ သွားရေး၊လာရေးခက်ခဲနေဆဲကာလ…. မွန်ပြည်နယ် ဘီလူးကျွန်းမှာ နေထိုင်တဲ့ ကိုသန်းဇော်နဲ့ သူ့သူငယ်ချင်း ကိုမြင့်ဖေ တို့ နှစ်ယောက် ရွာမှာ စားစရာ ရှားပါးနေလို့ မော်လမြိုင်ကိုသွားပြီး ဈေးသွားဝယ်ဖို့ အတွက် ရွာကနေ မော်လမြိုင်ကို ပြေးတဲ့ တစ်စီးတည်းသော အမြန်ယာဉ် ဘက်စ်ကားကြီးကိုစီးပြီး မော်လမြိုင်ကိုအသွား။ မော်လမြိုင်ဂိတ်အဝင် စစ်ဆေးရေးဂိတ်မှာ ထုံးစံအတိုင်း လုံခြုံရေးအကြောင်းပြပြီး ဘော်ချက်တဲ့ စစ်တပ်ဂိတ်ကနေ ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ အကုန်အောက်ကို ဆင်းခိုင်းပြီး မှတ်ပုံတင်စစ်တယ်။ စစ်တဲ့ စစ်သားက ဗမာစစ်သား။ သောက်ထားလိုက်တာလည်း အနားကပ်လို့ပင်မရ။ အဲဒီစစ်သားက တစ်ယောက်ချင်းစစ်လာပြီး ကိုမြင့်ဖေရှေ့ကို ရောက်လာပြီး မှတ်ပုံတင်တောင်းယူကြည့်ပြီး နာမည်ကိုမေး တယ်။ မင်းနာမည်ဘယ်သူလဲ။ မေးတဲ့စစ်သားက ကိုမြင့်ဖေထက်ငယ်ပါတယ်။ ငယ်ပေမယ့်လည်း မေးတဲ့ပုံစံကကြည့် မင်းတဲ့။ ပြည်သူကို ကျွန်လိုသဘောထားကြတဲ့စစ်သားတွေ။ ကိုမြင့်ဖေကလည်း လူရိုးဆိုတော့ ကြောက်ကြောက် ရွံ့ရွံ့နဲ့ဖြေရှာတယ်။ မွန်လူမျိုးဖြစ်တော့ စကားသံကလည်းဝဲနေတယ်။ ညကတစ်ညလုံးမအိပ်ခဲ့ရတော့ ကားပေါ်မှာ မှေးပြီး အိပ်လာတဲ့ အရှိန်ကလည်း မသေသေးတော့ “မြင့်ဖေ”ပါ။ ဗမာစစ်သားက ခေါင်းကို ဆက်ကနဲမော့ပြီး မျက်နှာကြီးနီပြီး ထပ်မေးတယ်။ မင်းနာမည်မေးနေတာ။ ကိုမြင့်ဖေကလည်း ဗမာစစ်သားက အသံကိုမြင့်ပြီး ထပ်မေးတော့ ပိုပြီး ကြောက်ပြီး ထပ်ဖြေရှာတယ်။ ဆရာ….ကျနော်နာမည် “မြင့်ဖေ” ပါ..ခင်ဗျားလို့လည်း ထပ်ဖြေရော ဗမာစစ်သားက ဘာမှမပြောမဆို ကိုမြင့်ဖေကို ဒေါသတကြီးနဲ့ ပါးစပ်ကနေလည်း အယုတ္တ၊ အနတ္တ တွေဆဲပြီး မင်းငါ့ကို လာနောက်တာလည်းဆိုပြီး ထိုးကြိတ် ကန်ကျောက်ပါလေရောဗျာ။ ရက်စက်ပုံက။

ကဲ..ဗမာစစ်သားက မူးနေတယ်။ မူးနေတဲ့ ဗမာစစ်သားနားထဲမှာ မြင့်ဖေဆိုတဲ့ နာမည်ကို သူဘယ်လိုကြားလိုက်သလဲ။ အမှန်အတိုင်းဖြေလိုက်တဲ့ ကိုမြင့်ဖေကလည်း မွန်လူမျိုး၊ အသံကလည်းဝဲနေတယ်။ ညကလည်း တစ်ညလုံးမအိပ်ခဲ့ရလို့ ကားပေါ်မှာအိပ်လာတယ်။ ကဲ.. စာဖတ်သူ ခင်ဗျားတို့သာ အဖြေပေးလိုက်ပါတော့ ဗမာစစ်သား ဘယ်လိုကြားလိုက်တယ်ဆိုတာကို။

ခင်ဗျားတို့ စဉ်းစားကြဗျာ…(၆၂) ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီး အခုလက်ရှိ ဗိုလ်သိန်းစိန် အစိုးရလက်ထက်အထိ ‘ ဒါတို့ပြည်၊ ဒါတို့မြေ၊ ဒို့ပိုင်တဲ့မြေ’ ဆိုပြီးတော့ လယ်တွေသိမ်းတယ်၊ ယာတွေသိမ်းတယ်၊ တိုင်းရင်းသူ သမီးပျိုတွေကို ဖျက်စီးတယ်၊ မထင်ရင်မထင်သလို ပြည်သူ၊ပြည်သားတွေကို အနိုင်ကျင့်တယ်၊ နာဂစ်လေမုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေတဲ့ အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို မတရားအတည်ပြုပြဌာန်းပြီး ၊ လွှတ်တော်ထဲမှာ အချောင်ဝင်ထိုင်နေကြ တဲ့ ဒီ ၂၅% သော စစ်သားတွေကို ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာမှန်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် ၊ လက်ရှိ အထွေထွေသော အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေပေမယ့်လည်း ယခုလက်ရှိ သမ္မတနဲ့ ကာချုပ်တို့က တုတ်တုတ်မျှ မလှုပ်တာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာဟာ အကောင်းဖက်ကို ဦးတည်တော့မယ့် ပုံတော့ မပေါ်တော့ဘူးဆိုတာကို တော့ ကျနော်ပြောချင်ပါတယ်။ အရေးကြီးပြီ ညီနောင်အပေါင်းတို့ ဆိုတဲ့ သီချင်းကလည်း အခါခါဆိုရတော့ ညအိပ်ရင်တောင် အိမ်မက်ထဲမှာ ကြားယောင်နေမိတယ်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

No comments: