Monday, May 12, 2014

ဆော့ကရာတေး ၊ ဂယ်လီလီယို နှင့် မောင်နေသူ

ရေးသားသူ — ခန့်နေသူတိုး




တစ်နေ့သ၌ .. နတ်ပြည်ဝင်ပေါက်၏ အရှေ့ဖက်တွင် လူအုပ်ကြီး တစ်အုပ် အုံးအုံးကျက်ကျက်နှင့် ဆူညံပူညံတွေ ဖြစ်နေကြလေသည် ။

လူအုပ်ကြီး၏ အော်သံ - “ ဟေ့ တခါးဖွင့်ပါဟေ့ .. တခါးဖွင့်ပေးပါဟေ့ ”

ထိုအခိုက် တောက်တောက်ပြောင်ပြောင် အဝတ်အထည်များကို တံဆိပ်မဖြုတ်ပဲ သေသပ်ကျနစွာ ဝတ်ဆင်ထားကာ ဦးခေါင်းတွင်လည်း ပတ္တမြားနှင့် စိန်ကျောက်နီလာများ ဝန်းရံစီခြယ်ထားသည့် ရွှေရောင်လက်လက်ထနေသည့် ဦးခေါင်းဆောင်း တစ်ခုကို ဆောင်းထားသော နတ်သားတစ်ယောက်ထွက်လာကာ .. “Easy! Easy! No need to shout. ဘရားသားတို့ အေးဆေးလုပ်ကြပါဗျာ .. မအော်ကြပါနဲ့ မတိုးကြပါနဲ့ .. ဒါ နတ်ပြည်ဝင်ပေါက်ပါ ကိုရီးယားသွားဖို့ လျှောက်လွှာရောင်းတဲ့နေရာ မဟုတ်ပါဘူး..” ဟု့ အထက်ပါအတိုင်း အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် လူအုပ်ကြီးအား လွန်စွာ သြဇာရှိလှသော အသံပါဝါကိုသုံးကာ ဟန့်တားလိုက်လေတော့သည်။

ထိုအခါ လူအုပ်ကြီးမှာ ခွက်ထဲသို့ ငှဲ့ထည့်လိုက်ခါစ ကိုကာကိုလာဖျော်ရည်ထဲ ဆားခတ်လိုက်သကဲသို့ ရှဲကနဲဆို အသံမြည်ပြီးနောက် ရှူးကနဲဆိုကာ ငြိမ်ကျသွားလေတော့သည်။ ခဏအကြာ၌ လူအုပ်ကြီးထဲမှ ပညာတတ် လူတန်းစားများ တိုးထွက်လာကြကာ “ကျုပ်တို့ဟာ ပညာတတ်တွေပဲ .. အထဲကို ဝင်ခွင့်ရှိရမယ်” ဟု့ ဆိုကြလေ သည်။ ထိုအခါ နတ်သားက “Wait, wait. စာအုပ်တွေထဲကနေ စုဆောင်းထားတဲ့ ပညာဟာ နတ်ပြည်မှာ ဘာအသုံးမှ မကျပါဘူး .. ဒါကြောင့် ဘရားသားတို့ရဲ့ ပညာဟာ စာအုပ်တွေထဲကနေ လာတာလား .. ကိုယ်တွေ့ကနေ လာတာလားဆိုတာကို ကျနော်တို့ ဆန်းစစ်ပါရစေအုံး” ဟု အဆိုပါ ပညာတတ်များကို ပြောလိုက်ရင်း အနောက်ဖက် သို့ ပြန်ဆုတ်နေကြရန် လက်ဟန်ဖြင့် ညွှန်ပြတွန်းထုတ်လိုက်လေသည်။ ထိုအခိုက်မှာပင် သူတော်စင်တစ်ပါး လူအုပ်ကြီး အရှေ့ကို ထွက်လာပြီး “Open the gate, open the gate. ဂိတ်တခါးကို ဖွင့် .. ဂိတ်တခါးကို ဖွင့် .. အထဲကို ငါဝင်မယ် .. လူ့ဘဝတုန်းက ငါ့လောက် ဥပုသ်စောင့်ခဲ့တဲ့လူ ရှိမှာ မဟုတ်ဘူး” ဟု့ ပြောလိုက်လေသည်။ ထိုအသံကို ကြားလိုက်ရသော နတ်သားက “ခဏလေး သည်းခံပါအုံး ဘိုးတော် .. လူ့ဘဝတုန်းက ဘိုးတော် ဘာကြောင့် ဥပုသ်စောင့်သလဲ ဆိုတာကို ကျနော်တို့ ဆန်းစစ်လိုက်အုံးမယ် ..

စွန့်လွှတ်မှုမှာ မြူမှုန်သာသာလောက် တပ်မက်မှုတွေ ရှိနေတယ် ဆိုရင်တောင် ဘိုးတော်တို့ရဲ့ စွန်လွှတ်မှုဟာ စွန့်လွှတ်မှု မမြောက်သလို ၊ ဥပုသ်စောင့်တာဟာလည်း ဥပုသ်မြောက်မှာ မဟုတ်ဘူး။ ဘိုးတော်တို့တတွေ ဘာသာတရားနဲ့ ဥပုသ်စောင့်တာကို ရောထွေးနေပုံရတယ်။ မရှင်းမရှင်း ဖြစ်နေပုံရတယ်။ ဘာသာတရားဆိုတာ ကိုယ့်ရဲ့ အတွင်းက အဇ္ဈတ္တကို တော်လှန်ရေးလုပ်ရတာပဲ ဖြစ်တယ်။ ကုသိုလ်လိုချင်လို့ ဥပုသ်စောင့်တာမျိုး နတ်ပြည်ရောက်ချင်လို့ ဥပုသ်စောင့် တာမျိုး ဖြစ်နေတဲ့ မိမိရဲ့ အဇ္ဈတ္တကို တိုက်ထုတ်တော်လှန်ပြစ်ပြီး အသွေးထဲ အသားထဲက သူ့ဘာသာသူ အလိုအလျှောက် ဥပုသ်စောင့်ချင်လို့ကို ဥပုသ်စောင့်တာမျိုးမှ ဘာသာတရားကို သွားတဲ့လမ်းဖြစ်တယ်။ အခု ဘိုးတော်က နတ်ပြည်ရှိနေမှန်း ကြိုသိနေတယ်။ ဒါကြောင့် ဘိုးတော်ရဲ့ လုပ်ရပ်တွေဟာ မရိုးသားဘူး .. လောဘတွေ တပ်မက်မှု တဏှာတွေ ပါနေသေးတယ်။ Get back, get back” ဟု့ ဆိုကာ ပညာတတ်များနည်းတူ အနောက်သို့ ပြန်ဆုတ်ရန် ထပ်မံ ညွှန်ကြားလိုက်ပြန်လေသည်။ ထိုအခိုက်မှာပင် ပရဟိတသမားများ ရောက်လာကြပြန်ပြီး ၄င်းတို့လည်း အထဲသို့ ဝင်ချင်ကြောင်း ပြောဆိုကြပြန်လေသည်။ နတ်သားက “ဘရားသားတို့လည်း မှားနေပြီ .. တစ်ခုခုကို မျှော်ကိုးပြီး လုပ်တဲ့အလုပ်ကို ပရဟိတလို့ မခေါ်ဘူး။ ဘရားသားတို့ နာမည်ကြီးချင်လို့ လုပ်တာလား၊ နောက်လိုက်တပည့် ပေါချင်လို့ လုပ်တာလား ၊ အလှူငွေ လိုချင်လို့ လုပ်တာလား ၊ တစ်ဖက်လှည့်နဲ့ စီးပွားရှာဖို့ လုပ်တာလား .. ဘရားသားတို့ အကြောင်းကို ကျနော်တို့ စုံစမ်းစစ်ဆေးရအုံးမယ်” ဟု့ အားမနာ ရှာမကျိုး ပြတ်ပြတ်သားသားပြောဆိုကာ နတ်ပြည်တခါးကို ပြန်ပိတ်မည် အလုပ်တွင် ..

လူလတ်ပိုင်းအရွယ် အသား ခပ်ညိုညို ၊ အရပ် ခပ်လတ်လတ် ၊ နှာတံပေါ်ပေါ် ၊ နှုတ်ခမ်းလှလှ ၊ မျက်လုံး တောက်တောက် ၊ မိန်းခလေးငယ်များ စွဲလန်းတပ်မက်စေလောက်ကာ ယောင်္ကျားသားများကိုမူ အားကျလေးစားမှု ဖြစ်စေလောက်သည့် မျက်နှာပိုင်ရှင် ( ကဲ .. ဒီလောက် ရှင်းပြရေးပြနေရတာ လက်ညောင်းတယ် .. ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် .. အဲ့လူဟာ ကျုပ်ပဲဗျာ) လူငယ်တစ်ဦးအား လူအုပ်ကြီး၏ အဆုံး အမှောင်ထဲတွင် တစ်ဦးတည်း ရပ်နေသည်ကို နတ်သားမှ တွေ့ရှိသွားလေတော့သည်။ ထိုအခါ နတ်သားမှ အဆိုပါ လူငယ်အား လမ်းဖယ်ပေးရန် လူအုပ်ကြီးကို ချက်ခြင်း အမိန့်ပေးလိုက်လေသည်။ အဆိုပါ လူငယ်၏ မျက်လုံးထဲမှ မျက်ရည်များ လျှံကျလာသည်။

ထို့နောက် ချစ်ခင်စွဲမက်ဖွယ်ကောင်းသော လေသံဖြင့် အောက်ပါအတိုင်း ပြောကြားလေတော့သည် .. ။

“ကျနော် ဒီနေရာကို လမ်းမှားပြီး ရောက်လာတာပါ။ ဒီနေရာက နတ်ပြည် အဝင်ဝလား။ ကျနော် တကယ် မသိတာပါ။ တကယ်တော့ ကျနော် တော်တော်ကို အသုံးမကျတာပါ။ ဘာကျမ်းစာကိုမှ မသိခဲ့ဘူး။ စွန့်လွှတ်မှုကိုလည်း တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ စွန့်လွှတ်စရာလည်း တစ်ခုမှ ကျနော့်မှာ မရှိဘူး။ ပရဟိတလုပ်ဖို့လည်း ဝေလာဝေးပဲ။ ကျနော် လူတွေကို ချစ်တယ်။ တိရစ္ဆာန်တွေကို ချစ်တယ်။ ပန်းတွေကို ချစ်တယ်။ သစ်ပင်တွေ မြစ်တွေ တောင်တန်းတွေကို ချစ်တယ်။ ကျနော့်မှာ နှလုံးသားထဲကနေ ယိုစီးကျလာတဲ့ ချစ်ခြင်းတရားပဲ ရှိပါတယ်။ ဒါပေမယ့် နတ်ပြည်ကို ဝင်ဖို့ ဒီ ချစ်ခြင်းတရားလောက်နဲ့ ဘယ်လုံလောက်မှာလဲ ။ ရှင်းရှင်းပြောရရင် ကျနော် နတ်ပြည်ထဲလည်း မဝင်ချင်ပါဘူး။ ငရဲကို သွားတဲ့လမ်းကိုသာ ကျနော့်ကို စေတနာထားပြီး ပြပေးကြပါ။ ကျနော့်ရဲ့ နေရာအမှန်ဟာ ငရဲပဲ ဖြစ်ပါလိမ့်မယ် .. အဲဒီနေရာနဲ့ပဲ ကျနော်နဲ့ အံဝင်ဂွင်ကျ ဖြစ်မှာပါ”

အဆိုပါလူငယ်၏ စကားဆုံးသည်နှင့် နတ်သားက ၄င်း၏ ကိုယ်ကို တိမ်းဖယ်ပေးလိုက်ရင်း “ ကြွပါ ကိုနေသူ .. ခင်ဗျားဟာ လူသားတွေထဲက ကောင်းချီးပေးခံခဲ့ရသူပါ။ ခင်ဗျားအတွက် နတ်ပြည်ရဲ့ တခါးကို ထာဝရ ဖွင့်ထားပေး ပါတယ် ” ဟု့ ပြောဆိုရင်း ဦးညွှတ်အလေးပြုလိုက်လေတော့သည်။

ဖြတ်ကနဲ အိပ်ယာက နိုးတော့ မနက် ၆ နာရီ ထိုးနေပါပြီ။ အိပ်ယာကထပြီးနောက် ပန်းပင်တွေကို ရေလောင်း .. နောက်တော့ အိမ်နောက်ဖေးက ခိုတွေကို အစာကြွေးရင်း ညကအိမ်မက် အကြောင်း ပြန်စဉ်းစားနေမိပါတယ်။ တဆက်ထဲမှာပဲ ယုံကြည်မှုကြောင့် အဆိပ်သောက်ပြီး အသက်ပေးလိုက်ရတဲ့ ဆော့ကရာတေးတို့ .. ကမ္ဘာကြီးကို ပြားတယ်လို့ ဆိုနေသူတွေကြား ၊ ကမ္ဘာဟာ မပြားပဲ လုံးဝန်းတဲ့ သဏ္ဏန်ရှိတယ်လို့ ထုတ်ဖော် သက်သေပြမိတာ ကြောင့် အဲခေတ်အခါ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ခေါင်းဖြတ်အသတ်ခံရမယ်လို့ သတိပေးခံရတဲ့ အဖိုးအို ဂယ်လီလီယိုတို့ကို စိတ်ထဲ မြင်ယောင်လာမိကာ ကျောထဲလည်း စိမ့်ကနဲ ဖြစ်သွားမိပါရင်း အင်း .. ကိုယ့်ဘာသာ အေးအေးဆေးဆေး နေတာပဲ ကောင်းပါတယ်လေလို့ စိတ်နှလုံး သွင်းလိုက်မိပါတော့တယ် ခင်ဗျာ .. ။

No comments: