Thursday, June 5, 2014

မျိုးစောင့် ဥပဒေ နဲ့ ဒီမိုကရေစီ




ဒီမိုကရေစီ ဆိုတာဘာလဲ

ဒီမိုကရေစီနိုင်ငံတွေမှာ မှီတင်းနေထိုင်နေကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေဟာ တန်းတူရရှိစေ ရမယ်။ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ရှိရမယ်။ လွတ်လပ်စွာရေးသားပိုင်ခွင့် ရှိရမယ်။ လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့် ရှိရမယ်။ လွတ်လပ်စွာ ထိမ်းမြားလက်ထပ်ပိုင်ခွင့် ရှိရမယ်။ လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိရမယ်။ ဒီမိုကရေစီ ဆိုတဲ့ အမည်ရှေ့မှာ ဘာနာမဝိသေသန မှ မလိုဘူး။ ဒီမိုကရေစီ လို့ ဆိုလိုက်တာနဲ့ အားလုံးပါသွားပြီ။ စည်းကမ်းပြည့်ဝသော ဒီိမိုကရေစီဆိုတာ သုံးစရာမလိုပါ ဘူး။ ဒီမိုကရေစီ စာသားထဲမှာပဲ စည်းနဲ့ကမ်းနဲ့ အများကိုမထိခိုက်စေဘဲ လွတ်လပ်စွာ ပြောဆိုရေသား တတ်ဖို့ ပါသွားပါပြီ။

ကျနော် မျိုးစောင့်ဥပဒေကို မထောက်ခံရခြင်းအကြောင်းရင်းက အထက်မှာဖော်ပြခဲ့သလို လွတ်လပ်စွာလက်ထပ်ထိမ်းမြားပိုင်ခွင့် နဲ့ လွတ်လပ်စွာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် တွေကို ချိုးဖောက်နေလို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ အဲဒီလို ကန့်ကွက်လို့ ကျနော်ကို အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်မယ်ဆိုရင်လည်း ရပါတယ်။ ကျနော်တို့က ကန့်ကွက်နေပေမယ့်လည်း အများက ထောက်ခံလိုက်လို့ ဒီမျိုးစောင့် ဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ရင်တော့ ကျနော်တို့လည်း ဒီဥပဒေကို လေးစားလိုက်နာရမှာပဲ။ ဒါ ဒီမိုကရေစီ ပဲ။ ဒီမိုကရေစီမှာ ချစ်စရာကောင်းတဲ့အကွက် ကလေးက အဲဒါပဲ။ လူများစုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရသလိုပဲ၊ လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးစားအသိအမှတ်ပြုရပါတယ်။ ဒါကြောင့်လဲ ဒီမိုကရေစီစံနစ်ကို နိုင်ငံတော်တော်များများက ကျင့်သုံးနေကြတာဖြစ်မှာပါ။ နောက်တခုကလည်း ဒီမိုကရေစီ ဆိုတာ အများဆန္ဒမှန်ပေမယ့် ..အများဆန္ဒတိုင်းကတော့ ဒီမိုကရေစီမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီစံနစ်မှာ အများဆန္ဒသဘောထားကို ကောက်ယူ အတည်ပြုတော့မယ်ဆိုရင် ပြည်သူတိုင်းဟာ အဲဒီအတည်ပြုပြဋ္ဌာန်း မယ့် ဟာကို ပထမဆုံးနားလည်ဖို့လိုပါတယ်။ ဒုတိယ အနှောင့်အဖွဲ့ကင်းစွာ၊ လွတ်လပ်စွာနဲ့ ရွေးချယ်ရမှ အဲဒါ အများဆန္ဒအစစ်အမှန်ပါ။ ကျနော်က ဘာကိုဆိုလိုချင်တာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို နာဂစ်လေမုန်တိုင်းကြောင့် ပြည်သူတွေ စိတ်ဒုက္ခရောက်နေကြတဲ့ အချိန်မှာ ပဲ အတင်းအကြပ်နဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ၉၄ ရာခိုင်နှုန်းကျော်က ထောက်ခံတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ဥပမာပေးတာပါ။ နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲမှာ အတိုက်အခံအများစုကို ထောင်ထဲမှာထည့်ထားပြီး ရွေးကောက်ပွဲလုပ်တယ် သူတို့နိုင်တယ်။ အဲဒါမျိုးတွေကြောင့် အများဆန္ဒတိုင်းကတော့.. ဒီမိုကရေစီမဟုတ်ပါဘူး။

ကျနော်တို့ နိုင်ငံမှာ ဘာသာခြားနဲ့ လက်ထပ်လိုက်တဲ့ ဗုဒ္ဓဘာသာအမျိုးသမီးလေးတွေဟာ ကွဲကြ၊ ပြဲကြလို့ တရားရုံး တွေရောက်ပြီး တရားဥပဒေကြောင်း အရ အမှုရင်ဆိုင်ရင် အရှုံးကြီးပဲ ဖြစ်နေတယ်လို့ပြောကြပါတယ်။ အဲဒါဘာကြောင့်လဲ။ ကျနော်ဥပဒေပညာရှင် မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်သိသလောက်ပြောပါရစေ။ ပထမဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိလို့ပါ။ တရားရေးမဏ္ဍိုင် ယိုင်နဲ့နေလို့ဖြစ်ရတာပါ။ ဆရာတော် ဦးဝီရသူရဲ့ ဗွီဒီယို ဖိုင်တွေကိုကြည့်ရင်..ဒုက္ခရောက်လာကြတဲ့ အမျိုးသမီးတွေဟာ ရုံးတွေ၊ ဂါတ်တွေကို မတိုင်ဘဲနဲ့ ဆရာတော်ဆီကို ရောက်လာတာကို ကြည့်ခြင်းအားဖြင့် ရုံးတွေ၊ဂါတ်တွေကိုတိုင်လည်း တရားမျှတတဲ့ အဆုံးအဖြတ်ကိုမရနိုင်တာလည်းတကြောင်း၊ နားမလည်တာလည်းတကြောင်း၊ ငွေကြေးမတတ်နိုင်တာလည်းတကြောင်း အဲဒီအကြောင်း..ကြောင့်တွေပါမယ်လို့ထင်ပါတယ်။

အထက်က ဟာတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ငွေများတရားနိုင် ဆိုတဲ့ သာဓက..ကထင်ရှားနေပါတယ်။ နောက်တချက်က အများက ဝိုင်းကူညီပြီး၊ တရားရုံးရောက်လို့ အမှုရင်ဆိုင်ပြန်ရင်လည်း ရှုံးရတယ်။ မိအေးနှစ်ခါနာတဲ့ ဇာတ်လမ်းမျိုးဖြစ်နေတယ်။ ဘာကြောင့် ရှုံးရတာလဲ။

တရားရေးမဏ္ဍိုင် တည့်မတ်မှုမရှိလို့၊ တရားသူကြီးတချို့ လာဘ်စားလို့နဲ့ တရားရုံးအဆုံးအဖြတ်မှာ ဘာသာခြားတွေရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ခံနေရလို့ ကျနော် အဲလိုပဲနားလည်တယ်။ ဒါဆိုရင် ကျနော်တို့ လွှတ်တော်ဥက္ကဌကြီး ပြောသလို No Man is Above The Law အရ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရအောင် ဆောင်ရွက်ရပါ့မယ်။ ဘုရားသခင်တွေလည်း ဥပဒေအထက်မှာ မရှိစေရပါဘူး။ အဲဒီလို တရားရေးမဏ္ဍိုင်ကို အရင်တည့်မတ်ပေးဖို့ နဲ့ ဒီ လင်ခန်း၊မယားခန်း ဆုံးဖြတ်တဲ့ ဥပဒေတွေမှာ ဗုဒ္ဓဘာသာဖက်က အားနည်းနေတယ်ဆိုရင် အဲဒါမတရားတာပါ။ အဲဒါကို အရင်တိုက်ဖို့လိုပါတယ်။ ကျနော်တို့အားလုံး အဲဒါကို ဝိုင်းတွန်းဖို့လိုပါတယ်။ ကျနော်အနေနဲ့ ကိုရီးယားမှာ ရောက်နေပေမယ့်လည်း ကျနော်တတ်နိုင်တဲ့ဖက်ကနေဝိုင်းတွန်းပေးမှာပါ။ နောက်အရေးအကြီးဆုံးတချက်က ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေတွေရေးဆွဲကြမယ်ဆိုရင် ရေးဆွဲကြမယ့် သူတွေဟာ စိတ်ခံစားမှုတွေမပါဖို့အရေးကြီးပါတယ်။ အမုန်းတွေ မပါဖို့ အရေးကြီးပါတယ်။ အဲဒီစိတ်ခံစားမှုတွေ၊ အမုန်းတွေ ပါနေတဲ့ ဥပဒေတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့ မဖြစ်နိုင်ပါဘူး

နောက်ဆုံးအနေနဲ့ မျိုးစောင့် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကူညီအားထုတ်နေကြတဲ့ ဆရာတော်၊ သံဃာတော်များကို တပည့်တော်တခုလောက် လျှောက်ပါရစေဘုရား။ အရင်ဆုံး အဲဒီမျိုးစောင့် ဥပဒေတွေကို မပြဋ္ဌာန်းခင်မှာ တရားရေးမဏ္ဍိုင်ကို တည့်မတ်အောင် ဝိုင်းဆောင်ရွက်ပေးတော်မူပါဘုရား။ တရားရေးမဏ္ဍိုင်မတည့်မတ်ရင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းထားပေမယ့်လည်း သဲထဲရေသွန်သလို ဖြစ်မှာကို တပည့်တော် စိုးရိမ်မိပါတယ်ဘုရား။ နောက်ပြီး ဗုဒ္ဓဘာသာတပည့်တော်မလေးတွေကို ဘာသာခြားနဲ့ လက်ထပ် တဲ့ ကိစ္စတွင်မကဘဲ တရုတ်ပြည်ကို ရောင်းစားခံနေရတဲ့ တပည့်တော်မလေးတွေ၊ လူကုန်ကူးခံနေရတဲ့ တပည့်တော်မလေးတွေ နဲ့ သူတို့တွေရဲ့ ပညာရေးတွေကိုပါ မြှင့်တင်ဖို့ အတွက် ကြိုးစားအားထုတ်ပေးတော်မူပါလို့ တပည့်တော် ကိုရီးယားကနေ လျှောက်လိုက်ပါတယ်ဘုရား။

အပ္ပမာဒေန သမ္ပာဒေထ

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

No comments: