Sunday, June 15, 2014

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ June 14, 2014

(၁)


နိုင်ငံရေးကို ဆွေးနွေးရေးသားတယ် ဆိုသော်လည်း မိမိအနေနဲ့ကတော့ ဗုဒ္ဓဓမ္မရှုထောင့်မှလည်းပဲ အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်ပါတယ်။ ဗုဒ္ဓဓမ္မဆိုတာ ဗုဒ္ဓက ရော်ရမ်းမှန်းဆပြီး အထင်အမြင်ကို ဟောကြားထားခြင်းမဟုတ်သလို ဗုဒ္ဓရဲ့ တီထွင်ဖန်တီး ဟောကြားထားမှုလည်း မဟုတ်ပါ။ ဗုဒ္ဓဓမ္မဆိုတာ သဘာဝအရှိတရားကို ဥာဏ်တော်နဲ့ ထိုးထွင်းသိမြင်ပြီး ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓဟောကြားထားတော်မူခဲ့တဲ့ အရှိတရား သဘာဝဓမ္မဆိုတာ ဗုဒ္ဓပွင့်သည်ဖြစ်စေ၊ ဗုဒ္ဓမပွင့်သည်ဖြစ်စေ လောကမှာ ရှိနှင့်ပြီးသား အမှန်တရားပါ။ ဗုဒ္ဓဓမ္မဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဓမ္မဟာ လူမျိုးတစ်မျိုး ဘာသာတစ်ခုဆိုတဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာ တည်နေတာလည်း မဟုတ်ပါဘူး။

ဓမ္မကို နားလည်သူဖြစ်စေ၊ ဓမ္မကို နားမလည်သူဖြစ်စေ၊ မည်သူအတွက်မဆို ဓမ္မဟာ ဓမ္မလမ်းကြောင်းအတိုင်းသာ သွားပါတယ်။ တရားဓမ္မဆိုတာ မျက်နှာမလိုက်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ဓမ္မလမ်းကြောင်းကို လိုက်နာမှုကြောင့် ပေါ်ပေါက်လာမယ့် ကောင်းကျိုးတွေကို ဗုဒ္ဓကိုယ်တော်တိုင်လည်း တွန်းလှန်ဖယ်ရှား ဟန့်တား၍ မရနိုင်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဘယ်တန်ခိုးရှင်မှလည်း မကာကွယ်နိုင်သလို ဘယ်ယတြာနဲ့မျှလည်း မန်းမှုတ်တားဆီးမပေးနိုင်ပါ။

ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကမ္မဝါဒဆိုတာ အကြောင်းကြောင့် အကျိုးရလဒ် ဖြစ်ပေါ်ပုံကို ထုတ်ဖေါ်ဟောကြားထားတော်မူခဲ့တဲ့ သဘာဝနိယာမတရား ဖြစ်ပါတယ်။

ကမ္ဘာ့သာသနာပြုဖြစ်တော်မူသော ဘဒ္ဒန္တသေဋ္ဌိလ ဆရာတော်ဘုရားကြီး၏ ကမ္မဝါဒဖွင့်ဆိုချက်ထဲမှ တချို့ကို ထုတ်နှုတ်ပြပါရစေ။
Kamma is neither fatalism nor a doctrine of predetermination. The past influences the present but does not dominate it, for Kamma is past as well as present. The past and the present influence the future. The past is a background against which life goes on from moment to moment. The future is yet to be. Only present moment exists and the responsibility of using the present moment for good or for ill lies with each individual.

ပြုလုပ်မှု ကံ ဆိုတဲ့ ကမ္မဝါဒဟာ တရားသေဝါဒ (ဧကန်မုချ) မဟုတ်သလို ကြိုတင်ဆုံးဖြတ်စီမံထားမှုဝါဒလည်း မဟုတ်ပါဘူး။ အတိတ်က ပြုလုပ်ခဲ့မှုဟာ ပစ္စုပ္ဗန်ကို လွှမ်းမိုးမှုရှိသော်လည်း စိုးမိုးချယ်လှယ်နေတာတော့ မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကံဆိုတာ အတိတ်ကံရော ပစ္စပ္ဗန်ကံပါ ပါဝင်နေလို့ပါ။ အတိတ်နဲ့ ပစ္စုပ္ဗန်မှာ ပြုလုပ်မှုတွေဟာ အနာဂတ်ကို လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ ယခု ရရှိထားတဲ့ ဘဝရဲ့ ခဏတိုင်း ခဏတိုင်းဟာ အတိတ်နောက်ခံ အကြောင်းတရားအပေါ်မှာ အခြေခံထားပါတယ်။ ကံရဲ့ အနာဂတ်အကျိုးတရားက ရောက်မလာသေးပေမယ့် ယခု ပစ္စုပ္ဗန်ကံကတော့ ကိုယ့်လက်ထဲမှာ ရှိနေပါတယ်။ ပစ္စုပ္ဗန်ကံကို ကောင်းစွာ အသုံးချမလား လွဲမှားဆိုးရွားစွာ အသုံးချမလားဆိုတာ ကိုယ့်ရဲ့ တာဝန်သာ ဖြစ်ပြီး လူတစ်ဦးစီချင်းရဲ့ ရွေးချယ်ဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။

(၂)


လူနှစ်သိန်းနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ထောင်ပေါင်များစွာသော ပြည်သူလူထုကြီးကို အကူအညီပေးဖို့ ပြည်တွင်းပြည်ပမှ ရောက်လာကြသူတွေမှာ လူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံမှ စေတနာရှင်များ ပါဝင်ကြပါတယ်။

ဒုက္ခသည်များကို အကူအညီပေးဖို့ ရောက်လာကြတဲ့ အလှူရှင်တွေကို ဟန့်တားပိတ်ပင်သူတွေ၊ ဒုက္ခသည်များအတွက် လှူဒါန်းပေးပို့လာကြတဲ့ အထောက်အပံ့ပစ္စည်းတွေကို ကြားမှ ခိုးယူရောင်းစား အလွဲသုံးစားလုပ်ကြသူတွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ကြပါတယ်။

ဒီပဲယင်း၊ လက်ပံတောင်းတောင်၊ ရွှေဝါရောင်၊ ၈၈ အရေးတော်ပုံကြီးနဲ့ ယခု လောလောလတ်လတ် မဟာသန္တိသုခကျောင်းကိစ္စ စသည် စသည် အရေးအခင်းအားလုံးမှာ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအားလုံးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ ဖြစ်ကြပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့ကြသူ အာဇာနည် (၉) ယောက်ထဲမှ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဟာ မူစလင်တွေပါ။

ဓမ္မပဒ၊ မိလိန္ဒပဥှာ၊ ဝိသုဒ္ဓိမဂ္ဂ စသည့် ဗုဒ္ဓဓမ္မ ကျမ်းစာပေါင်းများစွာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သူ စာပေပညာရှင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဝင်ပါ။

ဗုဒ္ဓဖြစ်လာခဲ့တဲ့ သိဒ္ဓတ္ထဂေါတမသည်ပင် မြန်မာလူမျိုး မဟုတ်ပါ။ လူအများ အခေါ်အဝေါ်နဲ့သာ ခေါ်ဝေါ်သုံးနှုန်း ရမယ်ဆိုရင်တော့ သိဒ္ဓတ္ထဂေါတမဟာ ကုလားလူမျိုး ဖြစ်ပါတယ်။

(၃)


လူတစ်ယောက်ကို လေ့လာအကဲဖြတ်ရာမှာ သူ့ရဲ့ မျိုးရိုးနဲ့ သူယုံကြည်ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကို ကြည့်လို့ မရပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားသာ ပဓာန ဖြစ်ပါတယ်။

မိမိအနေနဲ့ ၂၀၁၅ ခုနှစ်အလွန်မှာ အဖက်ဖက်မှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ သမ္မတကို သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ စိတ်ကောင်းစေတနာ၊ သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံမှုနဲ့ လူထုလေးစာယုံကြည်မှု စံတွေနဲ့သာ တိုင်းတာပါတယ်။ ထိုစံတွေနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ထက် သာလွန်သူ တခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ပါ။

မိမိဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တစ်ခါမျှ မမြင်ဖူးသလို NLD မှ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မျှလည်း မခင်မင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန့်ရှင်းဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကို ဓမ္မအသိနဲ့ ယှဉ်ပြီး နားလည်သိမြင်ထားပါတယ်။

၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေး ရလာခဲ့သော်လည်း နစ်နာဆုံးရှုံးမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ယခုတစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်ခွင့် မရခဲ့ပါက ပြည်သူလူထုအတွက် နောက်ထပ်တစ်ကြိမ် အတိုင်းအတာကြီးမားသော နစ်နာဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရပြန်ပြီလို့ပဲ ဆိုချင်ပါတယ်။


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

No comments: