Monday, July 21, 2014

ဘဝ (သို့) အိမ်မက်

ရေးသားသူ — ခန့်နေသူတိုး




စက်ဘီးလေးတစ်စီး ဝယ်ထားတာ တစ်လတောင် မရှိသေးဘူး။ ကမ်းခြေဖက်စီးသွားရင်း ရေငတ်လာလို့ ဘီယာ တစ်ဗူးလောက်တော့ ဝယ်သောက်အုံးမှဆို စတိုးဆိုင်ထဲ ဘီယာဝင်ဝယ်ဖို့ ဆိုင်အပြင်ဖက်မှာ စက်ဘီးလေး ဒေါက်ထောက်ပြီး ရပ်ထားခဲ့တာ .. ခဏဆိုမှ တစ်ကယ့်ခဏလေး .. ပြန်ထွက်လာတော့ မရှိတော့ဘူး။ စက်ဘီး မရှိတော့ဘူးဆိုမှ စက်ဘီးမှာ ချည်ထားခဲ့တဲ့ ခါးပါတ်အိတ်ကို ချက်ခြင်းသတိရမိတယ် ။ ပါသွားပြီပေါ့ .. ။ အထဲမှာ ပိုက်ဆံအိတ်ရယ် မှတ်ပုံတင်ရယ် ဘဏ်ကဒ်တွေရယ် .. သွားပြီ .. ကုန်ပြီ .. အားလုံးပါသွားပြီ ။

တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး ။ မရှိမယ့်ရှိမယ့် ရိုးရိုးသားသား ရှာဖွေထားတာလေးတွေ ။ ရင်ထဲမှာ ပူတက်လာတယ် ။ လည်ပင်းအဝမှာ တစ်ဆို့နေသလိုမျိုးကြီး .. ငိုချင်တာလည်း မဟုတ် .. မငိုချင်တာလည်း မဟုတ် .. တော်တော် အခံရခက်တဲ့ ဝေဒနာပဲ ။ ဘယ်သူကို အပြစ်တင်ရမှန်းလည်း မသိ ။ ဒီကနေ့ အပြင်မထွက်လိုက်မိရင် ကောင်းမယ် .. ဆိုတဲ့ ဘာမဆိုင်ညာမဆိုင် နောင်တစိတ်က ခေါင်းထဲကို ဝင်လာလိုက် .. ဘာဆိုင်လို့လည်းကွာ .. ငါ့ဘာသာ အသုံးမကျလို့ ဖြစ်ရတာပဲ .. လို့ တွေးလိုက်ရင် .. ပြန်ထွက်သွားလိုက် .. နဲ့ပေါ့ ။

ဘဏ်ကဒ်ပိတ်ဖို့တွေ ၊ မှတ်ပုံတင် ပြန်လျှောက်ဖို့တွေ ၊ စက်ဘီးပျောက်တာကို ရဲစခန်းတိုင်ဖို့တွေ .. အလုပ်တွေက ရှုပ်ရတဲ့ အထဲ .. ထပ်လုပ်ရအုံးမယ့် အလုပ်တွေကို တွေးမိရင်း .. ရင်ထဲက အပူက ပိုပူသလို ဖြစ်လာတယ် ။ အဲဒီအချိန်မှာပဲ ဘယ်ဖက် ခြေသလုံးသားက စူးစူးဝါးဝါး နာကျင်လာတာကြောင့် အိမ်မက်ကနေ ဖြတ်ကနဲဆို လန့်နိုးလာတယ် ။ ငေါက်ကနဲ့ ထထိုင်ရင်း ပြူးပြဲပြီး ကြည့်လိုက်တော့ သေနာကျ ခြင်ကို ခြေသလုံးသား ပေါ်မှာ ဖင်ထောင်သွေးစုတ်နေလျှက် သွားတွေ့တယ် ။ ဖြန်း .. ကနဲ ရိုက်ချလိုက်တာ .. ဒီကောင် ဘာမှ မတတ်နိုင်ဘူး .. လက်ဖဝါးမှာ ပြားပြားလေး ကပ်ပါလာတယ် ။

စူးပြီး ယားကျန်ခဲ့တဲ့ ခြေသလုံးကို ကုတ်ခြစ်နေရင်းက စောစောက စက်ဘီးရယ် ပိုက်ဆံအိတ်ရယ် ဘဏ်ကဒ်ရယ် မှတ်ပုံတင်ရယ် အခိုးခံရလို့ ပျောက်သွားတာကို သတိရမိသွားတယ် ။ တစ်ဆက်တည်း ပြုံးလိုက်မိရင်းက .. အာ .. ဒါ တကယ်မှ မဟုတ်တာ .. အိမ်မက်ပဲ ဆိုတဲ့ အသိက ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်တော့ .. ပေါ့သွားတဲ့ ရင်နဲ့အတူ ပျော်လိုက်တာဗျာ ။ အင်း .. ငါ့ စက်ဘီးလေး ရှိသေးတယ် .. ပေါ့ ။ နောက်တော့ .. ခဏလေး ကျနော် ငိုင်ကျ သွားရင်းက အတွေးတစ်ခုက ထပ်ဝင်လာပြန်တယ် .. အခုကော ကျနော် အိမ်မက်မက်နေသေးတာ မဖြစ်နိုင်ဘူး လား .. ။ ပြီးတော့ စောစောက အိမ်မက်ကလည်း အခုမက်နေတဲ့ အိမ်မက်ထဲက နောက်ထပ်အိမ်မက် မဖြစ်နိုင်ဘူး လား .. ပေါ့ ။ ဟုတ်တယ် .. ရှင်းသွားပြီ .. ။ ကျနော် လက်ရှိဘဝမှာ ဘာတွေပဲလာလာ ဘာမှ မကြောက်တော့ဘူး .. ကောင်းတာတွေ လာရင် ခံစားပျော်ရွှင်လိုက်မယ် .. မကောင်းတာတွေ စိတ်ညစ်ကြေကွဲစရာတွေ လာတော့လည်း .. ဘာဖြစ်တုန်း .. အိမ်မက်က နိုးရင် ဒါတွေဟာ တစ်ကယ်မဟုတ်ပဲ အိမ်မက်တစ်ခုသာ ဖြစ်တယ်ဆိုတာ သိခွင့်ရပြီး .. ပျော်ရွှင်ခွင့်ရမှာပဲ မဟုတ်လား .. ။

No comments: