Friday, November 28, 2014

လေးစားအတုယူစရာ ကျောင်းဆရာ အစ်ကိုကြီး

ရေးသားသူ — မေရီနွမ်



ကိုးရီးယားနိုင်ငံ ဒယ်ဂူးမြို့နယ်ရှိ မြန်မာတစ်စု အလုပ်လုပ်တဲ့ ချည်စက်ရုံတစ်ခုမှ ကျမတို့ ဆိုင်မှာ ၄ နှစ်ကြာ လစဉ် ဆန် ၅ အိတ်စီ မှာယူသူတစ်ဦး ရှိခဲ့ပါတယ်။
သူကတော့ သက္ကလမြို့သား အသက် ၄၇ အရွယ်ရှိပြီးကလေး ၂ ယောက်အဖေ ကိုမျိုးညွှန့် သိန်း (ခေါ်) ဆရာကျောင်းဖြစ်ပါတယ်။
၎ နှစ်တာလုံး ဖုန်းနှင့်သာ ဆက်သွယ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရုပ် မြင်ဖူးခြင်းမရှိခဲ့ပေမယ့် မြန်မာလုပ်သားတွေကို ကူညီဖို့  ရံဖန်ရံခါ information ဖလှယ်စရာများရှိခဲ့ပါတယ်။
ဒီလ ၃၀ ရက်နေ(့ KEနှင့်) မြန်မာပြည်ကို အပြီး ပြန်သွားတော့မှာမို့ ကျမတို့ ကို နှုတ်ဆက်ဖို့ နှင့် လက်ဆောင်ဝယ်ဖို့  တကူးတကရောက်လာပါတယ်။

စကားတွေများစွာပြောဖြစ်ခဲ့ပါတယ်။ သူဟာ ကိုးရီးယားမြေမှာ မရှိမဖြစ် လိုအပ်တဲ့ မြန်မာနိုင်ငံသားကောင်းတစ်ဦးဖြစ်ကြောင်းကို ရင်ထဲပီတိဖြစ်စွာ အသိအမှတ်ပြုရင်း ဒီစာလေးနှင့် နှုတ်ဆက်လိုက်ပါတယ်။

၁။ သူ့ ရဲ့ ကိုးရီးယားအတွေ့အကြုံတချို့
2005 ခုနှစ်မှာ ကိုးရီးယားနိုင်ငံသို့  T အလုပ်သမားဗီဇာနှင့် (Training အလုပ်သမားစနစ်/ ယခု EPS စနစ်ထက် ဆိုးရွားလှတဲ့ကာလ) ဘဝတူ မြန်မာတစ်စုနှင့် မိသားစုဝမ်းရေးအတွက် ရောက်လာပြီး ဆေးဝါးစက်ရုံမှာ ၁၀ လ လုပ်ခဲ့ပါတယ်။
အဲဒီရုံမှာ အဆင်မပြေခဲ့ကြလို့  Chemical စက်ရုံတစ်ခုကို ပြောင်းခဲ့ပေမယ့် လွန်စွာ ဆိုးရွားသော ဓါတုအနံ့ ကတမျိုး ကြမ်းတမ်းရိုင်းစိုင်းတဲ့ အလုပ်ရှင်ကတမျိုးကြား၊ ကြိုးစားညည်းခံခဲ့ပေမယ့် တနေ့  မြန်မာလုပ်သားတယောက် ပါးရိုက်ခံကာ ခြေဖြင့်ကန်ခံရမှုနှင့် အလုပ်ရုံဟာ ငရဲရုံလိုဖြစ်လာပါတော့တယ်။
တရားဝင်နည်းနှင့် အလုပ်ပြောင်းချင်ခဲ့ကြပေမယ့် စကားကမရ တာဝန်ရှိအထက်လူတွေရဲ့ ဥပေက္ခာပြုခံရမှုတွေကြောင့် သီးမခံနိုင်တဲ့အဆုံး ထိုရုံမှ ရက်ပိုင်းသာလုပ်ပြီး ထွက်ပြေးခဲ့ကြရာက အိုဗာစတေးဘဝ ခါးခါးကို စတင် ဖြတ်သန်းခဲ့ရပါတယ်။

ဒီလိုနှင့် နွားခြံမှာ ၄ နှစ် ~
လစာတော့ကောင်းပါရဲ့  အလုပ်ရှင်လင်မယား တစ်လတစ်ခါ နပန်းလုံးရန်ဖြစ်လေ့ရှိပြီး မယားအိမ်ပေါ်ကဆင်း ၁၀ ရက်ခန့် ပြန်မလာ ခင်ပွန်းကစိတ်ညစ်ညစ်နှင့် နေ့ တိုင်းနီးပါးအရက်သောက်တော့ မြန်မာအလုပ်သမားက ည 11နာရီထိအလုပ်လုပ်ရပြီး မနက် ၅နာရီထရတယ်လေ။

ချည်စက်ရုံမှာ ၄ နှစ်ခွဲ ~
အခန်းလေးကျယ်ကျယ်လည်းရထားတယ်၊ ဒါကြောင့်ကိုယ့်လိုခက်ခဲသူတွေကို အဆင်ပြေတဲ့ထိ အခန်းမှာတည်းစေခွင့်တောင်ရထားတယ်၊ မြန်မာ ၁၀ ယောက်လည်းလူညီတယ် ဒါပေမယ့် ပိတ်ရက်မရှိ စက်လည်ရတဲ့ အလုပ်မျိုးမို့  တနင်္ဂနွေနေ့ တိုင်း overtime တွေမဖြစ်မနေဆင်းခဲ့ရတယ်လေ။ (၉နှစ်တာအခက်အခဲတစ်ထောင် စာမဖွဲ့ ပါရစေနှင့်တဲ့)

၂။ သူ့ နောက်ကြောင်းအကျဉ်းချုပ်
မြန်မာပြည်ရဲ့ အခြေခံဘဝမှ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်ထိုးထွက်လာတဲ့ ဓါတုကျူ ရှင်ဆရာတစ်ဦးပါ။ ဘော်ဒါ ၃ နေရာမှာစာပြပြီး မိဘကိုကျွေးမွေးလို့ ညီ ၂ ယောက်ကိုလည်း ဘွဲ့ ရတဲ့ထိကျောင်းထားပေးခဲ့သူပါ။ တက္ကသိုလ်ကျောင်းသားဘဝ ၄ နှစ်လုံး Chemistry major နှင့် နှစ်စဉ် ပထမဆုဆွဲလာသူ။ I.C (hon) နှင့် ဂုဏ်ထူးတန်း ၆ နှစ်တက်ရမှာဖြစ်ပေမယ့် မိသားစုအရေးကြောင့် ၄နှစ်နှင့် ရိုးရိုးဘွဲ့ ယူခဲ့ရပါတယ်။ ဥစ္စာရှိ စိတ်ထားကောင်း ယောက္ခမ၏ ကူညီမှုကြောင့် ထိုစဉ် သာမန်မိသားစု မတတ်နိုင်တဲ့ သိန်း ၅၀ အား အတိုးမဲ့ယူပြီး အိပ်မက်ကမ္ဘာပြည်ပကို ထွက်လာခွင့်ရခဲ့သူပါ။ ဇနီးနှင့် သားသမီး ကိုပါ ယောက္ခမကြီးမှ ၉ နှစ်တိတိ ဆက်လက်ကျွေးမွေးပြုစုခဲ့လို့ အိမ်ငှားဘဝမှ အိမ်ပိုင်ဘဝ ဖြစ်ခွင့်ရရုံမက မိအိုဖအိုကိုလည်း ထောက်ပံ့လို့  အသင့်အတင့်ထားနိုင်ခဲ့ပါတယ်။ သွေးသားမတော်စပ်ပေမယ့် သူ့ ပတ်ဝန်းကျင်က လိမ္မာတဲ့ လူငယ်တချို့ ကို အတိုးမဲ့ငွေချေး မစပြီး ဘဝထူထောင်ဖို့ / အိမ်မြေတွေဝယ်နိုင်ဖို့ / နိုင်ငံခြားသွားနိုင်ဖို့ ကူညီလာသူပါ။

၃။ ဘဝတူများအား ပြန်လည်လက်ကမ်းခြင်း
ကိုးရီးယားရောက် ဒုက္ခရောက် မြန်မာလူငယ်များစွာကိုလည်း ကိုယ်ထူကိုယ်ထ ကူညီခဲ့သူပါ။ အလုပ်အဆင်မပြေသူ/ ရုံပြောင်းလိုသူ/ စိတ်အားငယ်သူ/ သောက်စားသူတွေကို ကူညီသင့်တာကူညီ ဆုံးမသင့်တာဆုံးမခဲ့တဲ့ အစ်ကိုကြီး ဆရာကြီးပေါ့။ ကိုးရီးယားနိုင်ငံကိုလည်း ဆွေမျိုးတော်သူ/မတော်သူ ၄ ယောက်ရောက်အား အတိုးမဲ့ ငွေချေးပြီး ပို့ဆောင်ခဲ့ပါတယ်။ ၁ယောက် ကတော့calling စောင့်နေဆဲပါ။ ဒီနေ့ ထိ ကူညီခဲ့ရသူ ၇၀ ဦးမကခဲ့တော့ပါ။ ကားတတန် ဖုန်းတပြန်ဖြင့် မသွားမလာတတ်သူတွေကိုလည်း ကူညီရလွန်းလို့  ကိုးရီးယား Taxi driver ဖိုးဖိုးတဦးနှင့် မိတ်ဖွဲ့ ခင်မင်မိပြီး စက်ရုံ/ အလုပ်သမားရုံးနှင့် ဆေးခန်းပေါင်းများစွာကို အတူသွားလာခဲ့ပါတယ်။ ထိုကိုးရီးယား ဦးကြီးရဲ့ ကျေးဇူးတွေက မနဲပါ။
ဘာသာရေးကဏ္ဍမှာတော့ ဒယ်ဂူးဘုန်းကြီးကျောင်းမှာလည်း ဒုဥက္ကဌအဖြစ် အစေခံခဲ့ပါတယ်။ အရက်သေစာကြိုးစားရှောင်ပါတယ်။ (ရံဖန်ရံခါ မိတ်ဖြစ်ဆွေဖြစ်ဘီယာမှလွဲ၍ပေါ့)။ အဝတ်အစား အသင့်အတင့်သာ ဝတ်ဆင်ပြီး ငွေကိုခြွေတာပါတယ်။ မြန်မာပြည်မှာ တောက်ပြောင်ဖို့  ကိုးရီးယားမှာ အရောင်မှိန်နေပါစေ ကျေနပ်ပါတယ်။

၎။ ကိုးရီးယားမှာကျန်ရစ်ခဲ့မယ့် ညီငယ်များသို့ အမှာ စကား
- မိမိအချိန်နှင့် အခြေအနေတွေကို သိနားလည်ပြီး လိမ္မာပါးနပ်ကြပါ။
- မျိုးချစ်စိတ်နှင့် တဦးကိုတဦးရိုင်းပင်းကြပါ။
- မြန်မာပြည်ကိုလန်းစေသူတွေဖြစ်ကြပါစို့ ။
- စက်ရုံကောင်းမှာလုပ်နေရရင် ကိုယ့်မြန်မာလူ တယောက်ဖြစ်ဖြစ် ထပ်ဝင်လာပြီး ခြေချနိုင်ဖို့  အနစ်နာခံပြီးသွင်းပေးပါ ။အလုပ်သင်ပေးကြပါ။
- ကိုးရီးယားမှာရတဲ့ငွေတွေကို ကိုးရီးယားမှာ မသုံးပစ်မိပါစေနှင့်
- မိဘက သားသမီးကိုထားခဲ့တဲ့ စိတ်ခံစားမှုမျိုးနှင့် ကျွန်တော်မြန်မာပြည်ပြန်သွားရမှာပါ။ အချင်းချင်း ရိုင်းပင်းတဲ့သတင်းလေးတွေကို အစ်ကိုကြီးနားစွင့်နေမှာပါ. . .

၅။ နိဒါန်းတစ်ခုအတွက် နိဂုံးမို့ 
ကိုးရီးယားမြေမှ ဘဝတူ စိတ်တူ ခြေလှန်းတူ အနွံတာခံ မြန်မာအစ်ကိုကြီးတစ်ဦး လျှော့သွားခြင်းအတွက် ကျမတစ်ယောက် ဒီစာရေးရင်း အားငယ်မျက်ရည်ဝဲမိပါတယ်. . . ဒါပေမယ့် သူ့ မိသားစုတခု ပိုပြီးသာယာ စိုပြေဖို့  မြန်မာ့မြေမှာ သူနှင့်တွေ့ သမျှလူတွေ ကောင်းခြင်း - ကောင်းမှု ကူးဆက်ဖို့  ငွေရှာခြင်းထက်သာ၍ကြီးမားတဲ့ သူ့ ရည်မှန်းချက်တချို့ ကို စတင်အကောင်အထည်ဖေါ်ဖို့  မြန်မာပြည်ကို လန်းစေသောသူဖြစ်ဖို့  သူ~ သွားပါစေတော့ တနေ့ နေ့ ခရမ်းမြို့ ရောက်ဖြစ်ခဲ့ရင်လည်း သူတို့ ကံထိုက်လို့  ဖွင့်ခွင့်ရခဲ့တဲ့ ဖုန်းဆိုင် *သဇင် Mobile* ကိုတော့ ရောက်အောင်သွားပါဦးမယ်။ (ဒီဆိုင်ဖွင့်ဖို့ သူတို့ မရည်ရွယ်ခဲ့ပေမယ့် သူပြုခဲ့တဲ့ အကျိုး သူခံစားရတာပါ။ စာရှည်သွားလို့ ဒီအကြောင်း မရေးဖြစ်တော့ပါ) သူ့ ရဲ့ ၉ နှစ်တာ ကိုးရီးယားမြေမှ နွမ်းနယ်မှုတွေကို ပီတိနှင့် ဆေးကြောနိုင်ဖို့ comment ထဲမှာ စာတိုလေးတစ်ခုရေးပြီး နှုတ်ဆက်နိုင်ပါတယ်။ သူ့ ကိုသိသူများလည်း တခုခု ရေးပေးခဲ့ကြပါ။ စာရှည်ရှည်ဖတ်ပေးသူများသို့  ကျေးဇူးတင်ပါတယ်။

ဆရာမ မေရီနွမ်
(ရှီလိုအမ် ဘုရားကျောင်း & ပူချွန်း စီးတီးမတ်)

No comments: