Tuesday, December 9, 2014

ငါတို့ မျက်နှာကောင်းမရဘူး – ဘယ်သူမှမချီးကျူးဘူး

ရေးသားသူ —တူမောင်ညို



ရေခဲတောင်တက်၊ ခေါင်းလောင်းဆယ်၊ မျိုးစောင့်ဥပဒေ၊ စသဖြင့် ထွင်လုံးတွေ အစီအရီဆိုသလို ပေါ်ပေါက်နေပါတယ်။

အဲဒီထဲကနေ နောက်ဆုံးပေါ်လာတာတစ်ခုက “ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့သူရဲကောင်းစစ်သည်များ အလေးပြုပွဲ” တဲ့။ “ဘီဘီစီ၊ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ” တို့မှာ ဒီသတင်းတွေပါသလားတော့ မသိပါဘူး။

(FB) မိတ်ဆွေ တစ်ဦးက (share) လို့ ရှေ့ဆုံးတန်းမှာ နေရာယူ အလေးပြုနေကြတဲ့ ဗိုလ်နေဝင်းမြေး၂ ယောက်နဲ့ ဗိုလ်ထွန်း ကြည်တို့ ဓါတ်ပုံတွေ တွေ့ရတယ်။

အချို့လည်း ဒီပွဲဟာ ဗိုလ်နေဝင်းမြေး အေးနေဝင်းနဲ့ကျော်နေဝင်းတို့ ညီအစ်ကိုက စပွန်ဆာလုပ်ပေးတာလို့ ပြောကြတယ်။ ဘယ်လောက်မှန်မည်တော့မသိပါ။ ဒီပွဲရဲ့ရှေ့ဆုံးတန်းမှာတော့ သူတို့ညီအစ်ကို ကိုတော့တွေ့ရပါတယ်။

သူတို့ညီအစ်ကိုနဲ့မေးဖြေ၊ ဗိုလ်ထွန်းကြည် နဲ့ မေးဖြေ ဗွီဒီယို အပိုင်းကလေးလည်းကြည့်ရပါတယ်။

စစ်အုပ်စုသူရဲကောင်းလား – ပြည်သူ့သူရဲကောင်းလား

ပြည်တွင်းစစ် (၁၉၄၈ ကနေ ဒီကနေ့အထိ) စစ်တပ်ဘက်က ကျဆုံးသူတွေဟာ “အရှင့်အမှုတော်ထမ်း”တွေသာဖြစ်ပါတယ်။ သူရဲကောင်းလို့ဆိုရင်လည်း “အရှင့်သူရဲကောင်း”၊ “စစ်အုပ်စုသူရဲကောင်း” တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။“ပြည်သူ့သူရဲကောင်း”တော့ လုံးဝမဟုတ်ပါ။

ပြည်သူ့သူရဲကောင်း၊ ပြည်သူ့အာဇာနည် ဖြစ်ဖို့ ဆိုရင်တော့ ပြည်သူ့ဘက်က ပြတ်ပြတ်သားသားရပ်တည်၊ ပြည်သူ့အကျိုး အတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်မှသာဖြစ်နိုင်ပါတယ်။

ပြည်သူ့သူရဲကောင်း၊ပြည်သူ့အာဇာနည်ဆိုတာ အကန့်အသတ်မရှိတဲ့ ပြည်သူ့အကျိုးအတွက်၊ အကန့်အသတ်ရှိတဲ့မိမိအသက် ကို ရဲရဲဝံ့ဝံ့ပိုင်းဖြတ်စွန့်လွှတ်သူတွေကိုသာ ပြည်သူတွေကပေးအပ်တာဖြစ်ပါတယ်။ “အာဇာနည်မျိုး”ဆိုပြီးလည်း မျိုးရိုးသီးသန့် မရှိနိုင်ပါ။ အာဇာနည်ရဲ့ မိခင်၊ ဖခင်၊ ဇနီးမယား၊လင်ယောက်ျား၊ သားသမီးမြေးမြစ်ရယ်လို့တော့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

၁၉၆၂ မတ် ၂ နောက်ပိုင်းကြတော့ စည်းကပိုပြီး ပြတ်သားသွားပါတယ်။

“သူရ”တွေ၊“သီဟသူရ”တွေဆိုတာ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် “တုံးတိုက်ကျားကိုက်”လုပ်တဲ့သူတွေအတွက် စစ်အုပ်စုထိပ်သီးက ထွင်ပြီးပေးသနားတဲ့ ဘွဲ့တံဆိပ်တွေသာဖြစ်ပါတယ်။

ပဒေသရာဇ်ဘုရင်ခေတ်ကတော့ သားချစ်တော့“သတိုး”၊ ကျွန်ချစ်တော့ “နေမျိုး” ဆိုပြီး မြှောက်စားသလိုပေါ့။

တနည်းပြောရရင် ဗိုလ်အောင်မင်း အာချောင်မိတဲ့အတွက် တောင်းပန်ရတဲ့စကားလိုပေါ့။ သွေးချင်းညီအစ်ကိုချင်းတိုက် လို့ သတ်လို့ဖြတ်လို့ရတဲ့ဟာတွေပါ။

ဒီပွဲဘာကြောင့် ကောက်ခါငင်ကာ ပေါ်လာရသလဲ

ကာချုပ်ပြောသလို “၁၀၅- မမနဲ့ သတိပေးပစ်ခတ်”လိုက်လို့ လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို ထိမှန်သွားသလိုပါပဲ။ MPC ရုံးအနားမှာ ကျင်းပသွားတဲ့ လိုင်ဇာမှာကျဆုံးသွားသူများအတွက် “ဆုတောင်းပွဲဆုတောင်းသံ” က (၁၀၅ – မမ) ထိတာထက် ထိချက် ပိုပြင်းထန်သွားတဲ့ ပုံပါပဲ။ စစ်အုပ်စု အသည်းကို တိုက်ရိုက်ထိသွားပြီး နာကျင်ခံခက်ဖြစ်သွားပုံရပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်ကို တုန့်ပြန်ဖို့အတွက် စစ်အုပ်စုတပည့်သားမြေးတစ်စုက ဒီပွဲကို ဖော်ထုတ်လာတာလို့ ယူဆပါတယ်။

တကယ်တော့ လိုင်ဇာမှာကျဆုံးသူများအတွက် ဆုတောင်းပွဲဟာ ပြည်တွင်းစစ်ရဲ့အနိဌာရုံကိုဖော်ပြတာဖြစ်ပြီး ပြည်တွင်း စစ်ရပ်စဲဖို့တောင်းဆိုသံလည်းဖြစ်ပါတယ်။တနည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဆုတောင်းပွဲကို စစ်အုပ်စုတပည့်သားမြေးတစ်စုက တန်ပြန်လိုက်တဲ့ပုံစံကတော့ ဂိုဏ်းဂဏဆန်လွန်းပြီး၊ ပြည်တွင်းစစ်ကိုအမွှမ်းတင်တဲ့သဘော၊ ပြည်တွင်းစစ်မှာ အုပ်စိုးသူအစိုးရ အဆက်ဆက်ဘက်က ၊ အစိုးရစစ်တပ် ဘက်က တိုက်ခိုက်သတ်ဖြတ်ခဲ့တာတွေဟာ မှန်တယ်၊ ဒီလိုတိုက်ခိုက်ခဲ့မှုတွေ၊ တိုက်ခိုက်သတ်ဖြတ်ခဲ့သူတွေဟာ သူရဲကောင်းတွေဖြစ် တယ်ဆိုပြီး ငါတကောကောတဲ့ လုပ်ရပ်သာဖြစ်နေပါတော့တယ်။

တနည်းအားဖြင့်ပြောရရင် ပြည်တွင်းစစ်ဆိုတာ အစိုးရစစ်တပ်က လူမျိုးစုံပြည် သူများအပေါ် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲကို ဘယ်သူကမှမလိုလားပါဘူး။ အကြမ်းဖက်၊ အနိုင့်ထက် စစ်ပြုလာရင်တော့လည်း ရရာလက်နက်စွဲ ကိုင်ပြီး ခုခံကြရမှာပဲ မဟုတ်ပါလား။

ဒီပွဲလုပ်ကြတဲ့ စစ်အုပ်စု တပည့်သားမြေးတစ်စုမှာ သွေးရိုးသားရိုးသဘောထားရှိတယ် ဆိုရင်၊ မြော်မြင်တတ်တယ် ဆိုရင် ပြည်တွင်း စစ်ကြီးရပ်ဆိုင်းပြီး ပြည်တွင်းငြိမ်း ချမ်းရေးရပ်စဲဖို့ တောင်းဆိုရမှာပေါ့။ သူတို့ဆီက ဒီတောင်းဆိုသံ မကြားရပါဘူး။ သူတို့ရင်ထဲ မှာ ဒီဆန္ဒလည်းရှိပုံမရပါဘူး။ တကယ်တော့ ပြည်တွင်းစစ်နဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ ဖြစ်လာသူတွေဟာ လက်တစ်ဆုပ်စာ စစ်အုပ်စု ထိပ်သီးတစ်စုပဲဖြစ်ပါတယ်။ အောက်ခြေက စစ်ဗိုလ်စစ်သားအများစုက မွဲတေဆင်းရဲလှပါတယ်။ “ဗိုလ်ချုပ်တွေက တိုက်ဆောက်၊ ရဲဘော်တွေက ချိုင်းထောက်၊ ပြည်သူတွေက ဗိုက်မှောက်” ဆိုတဲ့(မဆလ) အစိုးရလက်ထက်မှာ ပေါ်လာတဲ့ စကားတစ်ခွန်းဟာ ဒီနေ့ထိ မှန်နေတုန်းပါ။

ဗိုလ်ထွန်းကြည်ကတော့ ဒီပွဲမှာ အခုလို ဝန်ခံ ရင်ဖွင့်သွားတယ် “ဒါတွေကိုလူမသိဘူးကွ၊ ဘယ်သူကများချီးကျူးခဲ့သလဲ၊ ငါတို့ မျက်နှာကောင်းမရဘူး၊ ဘယ်သူမှ မချီးကျူးဘူး” လို့ ပြောသွားပါတယ်။

ဗိုလ်ထွန်းကြည်ထည့်ပြောမသွားတာက “ငါတို့လို ဗိုလ်ချုပ်ထိပ်သီးတွေကတော့ အငြိမ်းစားပဲယူယူ/ အဖြုတ်ခံရလို့ပဲဖြစ်ဖြစ် တပ်ကထွက်ပြီဆိုရင် ကိုယ်ပိုင်အိမ်၊ခြံ၊ ကုမ္ပဏီလုပ်ငန်းတွေနဲ့ ချမ်းချမ်းသာသာနေထိုင်နိုင်ပြီး မင်းတို့ အများစု အောက်ခြေစစ်သားတွေ ဘဝကတော့ဆင်းရဲမွဲတေလှပါတယ်” ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

မိုးမခမှ ကူးယူဖော်ပြပါသည်။

No comments: