သန္တိကရဝိဟာရ
ကိုရီးယား ကောက်သစ်စားပွဲ အားလပ်ရက် အလှူ
ကိုရီးယား ယဉ်ကျေးမှု ကောက်သစ်စားပွဲ အားလပ်ရက်မှာ ကိုရီးယားတွေက
တော့ မိသားစု တွေ့ဆုံကြ စားသောက် ပျော်ရွှင်ကြ၊ လပြည့်ဝန်းကြီးကို
ကြည့်ပြီး ဆုတောင်းကြနဲ့ ရိုးရာယဉ်ကျေးမှုကို ဖြတ်သန်းကြချိန်
ကိုရီးယားရောက် ကိုရွှေမြန်မာတွေကတော့ ဗဟုသုတလည်းရ ရောက်ဖူး
အောင် လျှောက်လည်ကြသူ ရှိသလို သူငယ်ချင်းများ စုပေါင်းကာ ကုသိုလ်ပြု
တရားနာရင်း အမြတ်ထုတ်ကြသူတွေလည်း မနည်းပေ
မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တစ်စုတည်း တွေ့ဆုံမှုကိုလည်း ဖြစ်စေနိုင်
ကုသိုလ်လည်းရ ဝမ်းလည်းဝ၊ သူတပါး၏ ကုသိုလ်ပါရမီကို ဖြည့်ဆည်းပေးဘို့
မြန်မာဘုန်းကြီးကျောင်းသို့ သွားရောက်ကြရင်း အာဟာရသုံးဆောင်နိုင်ရန်
ဖိတ်ကြားပါရစေ
အန်ဆန်းမြို့က သန္တိကရဝိဟာရမှာကတော့
၁။ (၂၇.၉.၂၀၁၅) တနင်္ဂနွေနေ့ မွန်ပြည်နယ် လမိုင်းမြို့မှ ညီအစ်ကိုများ
၂။ (၂၈.၉.၂၀၁၅) တနင်္လာနေ့ "သပွတ်အူအဖွဲ့" သူငယ်ချင်းများ
၃။ (၂၉.၉.၂၀၁၅) အင်္ဂါနေ့ "စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့" သူငယ်ချင်းများ
အသီးသီးတို့က အာဟာရဒါနဖြင့် ကျွေးမွေးဧည့်ခံ ကုသိုလ်ယူကြမှာပါ။
တရားနာချင်ကြရင်ဖြင့် မနက် (၁၀) နာရီ အရောက်လာရောက်ကြဘို့
မမေ့ကြနဲ့နော်
တရားနာ ရေစက်ချပြီးမှ ဘုန်းတော်ကြီးများအား ဆွမ်းကပ်၊
ညီအစ်ကိုတို့အားလည်း ဧည့်ခံကျွေးမွေးမှာမို့ ဆက်ဆက်ကြွကြပါရန်
မေတ္တာများဖြင့်
ကျောင်းအကျိုးဆောင်အဖွဲ့
သန္တိကရဝိဟာရ
အန်ဆန်းမြို့
Tuesday, September 22, 2015
အားလပ်ရက် အလှူ ကြွရောက်ပါရန်
Saturday, May 30, 2015
Friday, May 29, 2015
အတူတကွ ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း
ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသား ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျာ မေ(၃၀) ဒီပဲယင်း နိုင်ငံတော် အကြမ်းဖက် လုပ်ကြံမှုကြီး (၁၂)နှစ်မြောက် နှစ်ပါတ်လည်နေ့ အောင့်မေ့ဖွယ် အထိမ်းအမှတ်နှင့် စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကန့်ကွက် ရှုတ်ချသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတရပ်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အစီအစဉ်
ေ နေ့ရက်။ ။ ၂၀၁၅ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့
အချိန် ။ ။ မွန်းတည့်၁၂ နာရီ မှ မွန်းလွဲ ၁ နာရီ အချိန် အထိ
နေရာ ။ ။ ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့
သို့ပါ၍ ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံသူ/သား ညီအကိုမောင်နှမများ အနေဖြင့် အထက်ဖော်ပြပါ အစီအစဉ်များအတိုင်း အတူတကွ ပူပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်၊၊
အထူးသတိပေးချက်
ကိုရီးယားနိုင်ငံအတွင်း မကြာသေးခင်ကာလက အမေရိကန်သံအမတ်အား ဆန္ဒပြသသူ ကိုရီးယား နိုင်ငံသားတစ်ဦးမှ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကိုရီးယားအစိုးရမှ နိုင်ငံတွင်းရှိ နိုင်ငံတကာ သံရုံး များကို ဒေသဆိုင်ရာ ရဲ၊ ထောက်လှမ်းရေး၊လူဝင်မှုကြီးကြပ်ရေးတို့မှ ပူးပေါင်းပြီး လိုအပ်သလို ကာကွယ်စောင့်ရှောက် မှုများပြုလုပ်ပေးရန်အမိန့်ချထားပါသဖြင့် ဆိုလ်းမြို့ မြန်မာစစ်အုပ်စု လက်ဝေခံ မြန်မာ ရုပ်သေး အစိုးရ သံရုံးရှေ့တွင် ကျင်းပပြုလုပ်မည် အထက်ဖော်ပြပါ သတင်းစာရှင်းလင်းပွဲသို့ တက်ကြွသော စိတ်ထားဖြင့် ပူးပေါင်းပါဝင်ကြမည့် ကိုရီးယားနိုင်ငံရောက် မျိုးချစ် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် မလိုလားအပ်သော ပြဿနာ တစုံတရာ မဖြစ်ပွား စေရန်အတွက် မိမိတို့၏ နိုင်ငံခြားသား သက်သေခံ ကဒ်ပြားများကို မမေ့မလျော့ တပါတည်း သယ်ဆောင် လာရန်နှင့် တရားမ၀င်နေထိုင်သူများအနေဖြင့် မလာရောက်စေလိုကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
Friday, May 15, 2015
သွားလေသူ ကိုအောင်ဝင်းကို အကြောင်းပြု၍ ဘာသင်ခန်းစာတွေယူကြမလဲ
သွားလေသူ ကိုအောင်ဝင်းကို အကြောင်းပြု၍ ဘာသင်ခန်းစာတွေယူကြမလဲ
မြန်မာအလုပ်သမားတစ်ယောက် ဆုံးပါးသွားပါပြီ ။ လာမည့် တနင်္ဂနွေမှာ သင်္ဂြိုဟ်ကြမှာပါ ။ ကျန်ခဲ့တဲ့ သူတွေအတွက် ဘာသင်ခန်းစာတွေများရနိုင်မလဲလို့ အတွေး လေကြမ်းတိုက် ကြည့်တာပါ ။
အချိန် = မေ ၉ စနေ ည ၁၀ နာရီ ၁၀ မိနစ် ခန့်
နေရာ = ကယောင်းကီဒို ၊ ဖိုချောန်းမြို့ ၊ ဖိုချောန်း အမှတ် ၁၁၆၀ လမ်း ၊ အမှတ် ၁၁၁ (ဂွန်နေးရွာ ၊ ဂျွာအွိရီ) လမ်းမပေါ်
ဖြစ်စဉ် (အကျဉ်း) = ဆိုင်ကယ် တိမ်းမှောက် ၊ ဒဏ်ရာရရှိရာ ၊ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၊ ဆေးဝါးကုသမှုခံယူနေစဉ် မေ ၁၂ နေ့လည် ၁၀ နာရီ ၃၀ တွင် ဦးဏှောက် အလုပ် မလုပ်သဖြင့် သေဆုံး
သူငယ်ချင်းတစ်စု ၊ အခြားသူငယ်ချင်းအခန်းမှာ ဂီတာတီးပြီး အပမ်းဖြေကြဖို့ စက်ရုံတစ်ရုံကနေပြီး ဆိုင်ကယ် ၂ စီးနှင့် ထွက်လာကြတာပါ ။ ၁စီး၂ ယောက်နှုန်း ၊ သွားလေသူက ဆိုင်ကယ်မောင်းပြီး အခြားတစ်ယောက် ကနောက်ကစီးတာပါ ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပါတယ် ။ နောက်ပြီး သွားလေသူဟာ လမ်းမသိပါဘူး ၊ စီစီတီဗီအရ လမ်းမှားပြီး စက်ရုံကိုကျော်သွားတာ ရှိခဲ့လို့ ပါ ။ (သူငယ်ချင်း) စက်ရုံက ထွက်လျင်ထွက်ခြင်း နောက်က ဖြစ်ပေမယ့် မီတာ ၄၀၀ လောက်အရောက်မှာ ရှေ့က ဆိုင်ကယ်ကိုကျော်အတက် လမ်းကွေ့၊ ကုန်းဆင်းနေရာမှာ အရှိန်လွန်ပြီး လမ်းဘေးက ရေနှုတ်မြောင်း (အဖုံးရှိ) အပေါ် ကျွံ ၊ အထွက် ဘေးက ကွန်ကရစ်တုံးကို တိုက်ပြီး ဆိုင်ကယ်မှောက်သွားတာပါ ။ နောက်စီးတဲ့သူက ဒဏ်ရာ အနည်းအကျဉ်းသာရပေမယ့် ၊ သွား လေသူကတော့ အဲသည်ထဲက သတိမရတော့ပါဘူး ။
ကျန်ခဲ့တဲ့ သူငယ်ချင်းများက ၊ သည်လိုဖြစ်သွားတဲ့အကြောင်း ၊ စက်ရုံမှာ ကျန်ခဲ့တဲ့ မြန်မာသူငယ်ချင်းများကို အကြောင်းကြားကြပါတယ် ။ နောက် စက်ရုံမှူးဆီ ဖုန်းဆက်ပါတယ် ။ စက်ရုံမှူး ရောက်လာတော့ အခြေအနေကို ကြည့်ပြီး ၊ ၁၁၉ (အရေးပေါ်ကယ်ဆယ်ရေးကား) ခေါ်ပါတယ် ။ အရေးပေါ်ကယ်ဆယ်ရေးကားရောက်လာတော့ ၊ ဆေးရုံကြီး တစ်ခုဆီခေါ်သွားပါတယ် ။ အရေးပေါ်ခမ်းမှာ ထားပေးပါတယ် ။ ပြည့်စုံတဲ့ ခွဲစိတ်ကုသမှုလုပ်ဖို့ အကုန်အကျများရှိနိုင်တာမို့ ၊ သွားလေသူရဲ့ သူဌေးက ၊ လက်မှတ်မထိုး(တာဝန်မယူ)ပါဘူး ။ မြန်မာသံရုံးက တာဝန်ရှိသူလာဖို့ တောင်းဆိုချက်အရ ၊ တာဝန်ရှိသူက သွားပါတယ် ။ ဆေးရုံရောက်တော့ တနင်္လာနေ့ (မေ၁၁) နေ့လည် ၁၁နာရီလောက်ရှိနေပါပြီ ။
သွားလေသူရဲ့ သူဌေးနှင့် စကားပြောကြည့်ပါတယ် ။ သူအကြောင်းပြချက်က အလုပ်လုပ်ရင်းထိခိုက်တာမဟုတ်လို့ ၊ အာမခံကြေးမရနိုင်ဘူး ၊ သူ့မှာလည်း စိုက်ဖို့ ငွေမရှိဘူး ။ ပြန်ကောင်းလာလို့ အလုပ်ပြန်လုပ်နိုင်မယ်ဆိုရင် ၊ စိုက်ထားတာတွေ ပြန်ရနိုင်ပေမယ့် ၊ သူအလုပ် ပြန်မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲတဲ့ ။ ဒါကြောင့် လက်မှတ်ထိုးမပေးတာပါ ။
သူ့ဗီဇာကြည့်လိုက်တော့ မေ ၂၈ ထိ ရှိပါတယ် ။
ဟာ သူဌေး သူ အလုပ်ခွင်ပြင်ပ ထိခိုက်မှုအာမခံ (ဆန်ဟဲဘိုဟောမ်) ရှိတယ်လေလို့ ဆိုတော့ ၊ အာမခံ ကြေးသွင်းမထားဘူးလို့ ဆိုတယ် ။ ဘာအာမံကြေးသွင်းမထားဘဲ ရှိမလဲ ၊ ကိုရီးယားရောက်ရောက်ချင်း အလုပ်သမားတိုင်းမထားမနေရ ထားရပါတယ် ။ သူအာမခံရှိတယ် ၊ ဆန်ဟဲ ဘိုဟောမ်လို့ခေါ်တယ်လို့ ၊ အလုပ်ခွင်ပြင်ပ ထိခိုက်မှုအတွက် အဲဒီအာမခံ ခံစားခွင့်ရှိပါတယ် လို့ ကျနော် ဖောကြည့်တော့ ၊ သူဌေးက ဟုတ်လား ၊ ဆရာဝန်ကို ပြောကြည့်မယ် ဆိုပြီး တာဝန်ခံ ဆရာဝန်ဆီသွားပါတယ် ။ ဆရာဝန်ကလည်း သူ ဆေးကုတာပဲ တတ်ပြီး ၊ အာမခံအကြောင်းမသိကြောင်း ၊ တာဝန်မှူး ရုံးခန်းသွားပြောဖို့ ၊ ညွှန်ကြားပါတယ် ။ တာဝန်မှူးရုံးခန်းရောက်တော့ ၊ တာဝန်မှူးကလည်း အာမခံနံပတ်ပြောဖို့ပြောပါတယ် ။ ဆမ်ဆောင်းမီးအာမခံဆီမေးကြည့်ပါလို့ ကျနော် ပြောတော့ ၊ သူဌေးကိုယ်တိုင်မေးပါတယ် ။ဆေးရုံတက်နေစဉ် ဆေးရုံစရိတ်တွေမရနိုင်ပေမယ့် ၊ ဆုံးပါးတာတို့ မသန်စွမ်းတာတို့ဖြစ်ရင် လျှောက်ထားနိုင်ပါကြောင်း တစ်ဖက်က ပြန်ပြောတာတွေ ကြားနေရပါတယ် ။
သည်တော့ သူဌေးမင်းက လေသံ နည်းနည်းပြောင်းသါားပါတယ် ။ ယနေ့ထိ ကျသင့်ငွေကို သူစိုက်ထားပေးမယ့်အကြောင်း နှင့် နောက်ပိုင်း ကျသင့်ငွေများကိုတော့ သံရုံးမှ တာဝန်ယူစေလိုကြောင်း ၊ သံရုံးအနေဖြင့်လည်း ဆင်းရဲသဖြင့် ဝန်ထမ်းတောင် တစ်ယောက်တည်းသာထားရှိနိုင်ကြောင်း ၊ ထို့ ကြောင့် ဘာညာဘာညာ ညှိနှိုင်းချက်အရ ၊ အခြား ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပြီး ၊ ဆေးဝါးကုသမှုခံယူဖို့ သဘောတူလိုက်ကြပါတယ် ။
သွားလေသူဟာ ဆေးရုံတင်ဆေးဝါးကုသမှုခံယူနေစဉ် ၊ မေ ၁၂ အင်္ဂါနေ့ နေ့လည် ၁၀ နာရီ ၃၀ မိနစ် အချိန်မှာ ဘဝတစ်ပါးသို့ တရားဝင်ကူးပြောင်းသွားပါတော့တယ် ။
ဆေးရုံက ဘာပြုလို့ အလွယ်တကူ ဆေးဝါးကုသမပေးသလဲလို့ ၊ စောကြောမိပါတယ် ။ ရှေ့မီ နောက်မီ သူတွေရဲ့ ပြောပြချက်အရ ၊ အရင် ဖိုချောန်းဒေသက ဆေးရုံတွေဟာ အလွယ်တကူပဲ ဆေးရုံတက်တာကို လက်ခံပေးခဲ့ကြောင်း ၊ နောက် တစ်ဦးသော မြန်မာ လူနာ (ဆိုင်ကယ်မတော်တဆမှုပါပဲ) က အကြီးစားခွဲစိတ်မှုတွေခံယူပြီး ၊ ဒဏ်ရာတွေ သက်သာတော့ ဆေးရုံစရိတ်တွေ မရှင်းဘဲ ဆေးရုံက ဆင်းပြေးခဲ့တယ် လို့ဆိုပါတယ် ။အဲသည်နောက် မှာတော့ ခုလို ဖြစ်လာတယ်လို့ ဆိုပါတယ် ။
တာဝန်ခံရဲအရာရှိရဲ့ မှတ်ချက်နှင့် သဘောထားကတော့ ၊ သေဆုံးကြောင်းဆေးရုံက အကြောင်းကြားမှ သိရပါတယ် ။ အမှုကို ခက်ခက်ခဲခဲပြန်တည်ဆောက်ခဲ့ရပါတယ် ။ စီစီတီဗီမှတ်တမ်းတွေက အများကြီးအထောက်အကူဖြစ်ပါတယ် ။ လူစားထိုးထားသလား ၊ အမှန်တကယ်ပဲ ဆိုင်ကယ်မှောက်သလား ၊ ဆိုင်ကယ်အတိုက်ခံရတာ(သူတစ်ပါးကြောင့်သေတာ)ဟုတ်မဟုတ် အဓိကထားစစ်ပါတယ် ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပေမယ့် ၊ မေးသိုင်းကြိုးစည်းမထားတာ အဓိပ္ပါယ် မရှိဘူး ။ ဖြစ်ဖြစ်ချင်း အရေးပေါ်ကယ်ဆယ်ရေးခေါ်ဖို့ လုပ်သင့်တယ် ။ လမ်းပန်းဆက်သွယ်ရေးအခြေအနေ အရ ဆိုင်ကယ်တွေစီးတာကိုတော့ ဘာမှမပြောလိုပါ ။ ဆိုင်ကယ်တွေလိုင်စင်မရှိဘူး ။ ဆိုင်ကယ်စီး လိုင်စင်မရှိဘူး ။ (ယာဉ်)မတော်တဆထိုခိုက်မှုအာမခံ မထားကြဘူး ။ ဖြစ်ဖြစ်ချင်း ကျနော်တို့မသိရတော့ ၊ ကျနော်တို့ ကူညီလို့ရတာတွေ မကူညီနိုင်ဘူး ။
ကျနော်ရဲ့ သဘောထားအမြင်ကတော့ -
- ဘာတွေဆက်ရေးရရင်ကောင်းမလဲလို့ တွေးနေဆဲပါဗျာ ။
အားလုံးကို လေးစားပါတယ် ။
ကိုဝိုင်း(မိုးညှင်း)
၂၀၁၅ မေ ၁၅
Monday, May 11, 2015
အူရီဘဏ် facebook page
ကျွန်တော်တို့ အူရီဘဏ်က ဖေ့ဘုတ်မှာ page လုပ်ထားပါတယ်။ နောက်ပိုင်း ဘဏ်နဲ့ ပက်သက်တာများကို အဲဒီ page မှာ တင်ပေးသွားပါမယ်။ သိချင်တာများရှိရင်လဲ မက်ဆေ့ပို့လို့ ရပါတယ်။ woori bank bucheon jungang ဖေ့ဘုတ်မှာ ရိုက်ရှာပြီး like နှိပ်ထားရင် ရပါပြီ။ အောက်က လင့်ကိုလဲ တိုက်ရိုက်ဝင်လို့ ရပါတယ်။
https://www.facebook.com/wooribankbucheon?ref=aymt_homepage_panel
Saturday, May 9, 2015
Smart Banking App ဖြင့် နိုင်ငံခြားငွေပို့နည်း
Monday, April 13, 2015
အူရီဘဏ်မှ လုံခြုံစိတ်ချလွယ်ကူသော မြန်မာ ငွေလွှဲမှုစနစ်
Sunday, April 12, 2015
အလှူမင်္ဂလာ ဖိတ်ကြားခြင်း
မြန်မာ့ နှစ်သစ် (၁၃၇၇-ခုနှစ်)ကို ကြိုဆိုသောအားဖြင့် မြန်မာနှစ်ဆန်း (၃)ရက် နေ့တွင်
ကျွန်တော်များ ဝီဂျောင်ဘူ+အန်ဆန်းမှ ညီအစ်ကို (ပဲခူး မှ ကိုနိုင်လင်းနှင့် သူငယ်ချင်း) များ
စုပေါင်းပြီး ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော
လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား
အတူတကွနာယူကြည်ညိုကြမည်ဖြစ်ပါသည်။
(ကျောင်းအကျိုးတော်ဆောင်အဖွဲ့)
Thursday, April 9, 2015
ကတ်ဖုန်းများ အသက်ကတ်ဖြည့်ခြင်းကို ဘဏ်မှတစ်ဆင့် ဖြည့်တဲ့နည်း
အချို့သော ကတ်ဖုန်းကိုင်ဆောင်သူများမှာ ၊ မိမိကိုင်သောဖုန်းသည် -
- ဘယ်လိုင်းဆိုတာ မသိ ၊
- အသက်ကတ်ဘာကတ် ဖြည့်ရသလဲဆိုတာလဲ မသိ ၊
- ဘယ်လိုဖြည့်ရ (နှိပ်ရ) သလဲဆိုတာဝေလာဝေး ၊
- အသက်ကတ် ဘယ်မှာ ဝယ်သလဲဆိုတာလဲ မသိ ၊
- ကိုရီးယားတွေမေးကြည့်တော့လည်း ကတ်ဖုန်းဆိုတာ နားမလည် ၊
- သည်လိုနှင့် ဖုန်းနံပတ်တွေ ခဏခဏပြောင်း ၊ ကတ်ဖုန်းစိတ်ပျက် လိုင်းဖုန်းကိုင်ရ ၊ အချို့လိုင်းဖုန်း ဘီလ်တွေ သိန်း ဆယ်ချီဆောင်ကြရ ။
အဲသည်အခက်အခဲ ရှိသူတွေအတွက် ၊ ဘဏ်(စာရင်း)မှ တစ်ဆင့် ဖုန်းကတ်ဖြည့်နည်းလေး တင်ပြပေးချင်ပါတယ် ။
- ဖုန်းတိုင်း (လိုင်းဖုန်းဖြစ်ဖြစ် ၊ ကတ်ဖုန်းဖြစ်ဖြစ်) မှာ (가산계좌/ Virtual Account) လို့ခေါ်တဲ့ စာရင်းရှင်းအကောင့် (လယ်ဂျာစာရင်း) တစ်ခုစီရှိကြပါတယ် ။ အမည်ပေါက် ဖုန်းပိုင်ရှင်ရဲ့ အမည်နှင့်ပဲ ရှိနေတာပါ ။ ကျနော်တို့ ထည့်လိုက်တဲ့ ကတ်ဖိုး (ပိုက်ဆံ)ဟာ အဲသည် စာရင်းထဲပဲ ရောက်ပြီး ၊ ကျနော်တို့ သုံးလိုက် (ပြောလိုက်) တဲ့ (ပိုက်ဆံ)ဟာလည်း အဲသည် စာရင်းထဲကပဲ ထွက် (နှုတ် ၊ လျှော့) သွားတာပါ ။
- သည်တော့ အဲသည် အကောင့်နံပတ် အမှန်ကို သိထားပြီဆိုရင် အဲသည်အကောင့်ထဲ ပိုက်ဆံရောက်အောင် ကိုယ်တိုင်ဖြစ်စေ ၊ အခြားသူတစ်ယောက်ယောက်ကဖြစ်စေ တစ်နည်းနည်းဖြင့် လွှဲထည့်လိုက်ရုံနှင့် ဖုန်းအသက်ကတ်ဖြည့်ပြီးဖြစ်တယ်လို့ သိထားကြစေချင်ပါတယ် ။
- ဖုန်းကတ် ဝယ်ဖို့ ၊ ဖြည့်ဖို့အခက်အခဲဖြစ်နေပါသလား ။ မိတ်ဆွေရဲ့ ဖုန်းနံပတ်နှင့် စာရင်းရှင်းအကောင့် (가산계좌/ Virtual Account) ကို တောင်းယူလိုက်ပါ ။ သက်ဆိုင်ရာ ဖုန်းလိုင်းရဲ့ Access နံပတ်သိရင် အလိုအလျောက်ဖြေကြားတဲ့စနစ်ဖြင့်လည်း တောင်းယူနိုင်ပါတယ် ။ နောက် အဲ သည်အကောင့်ထဲ မိတ်ဆွေ ပိုက်ဆံ ဖြည့်ချင်သလောက်သာ လွဲထည့်လိုက်ပါ ။ ပိုက်ဆံ လွဲပြီးတာ နှင့် ဖုန်းကတ်ဖြည့်ပြီး ဖြစ်သွားပါကြောင်း ။
အားလုံး အဆင်ပြေကြပါစေ ။
လေးစားမှုဖြင့်-
တယ်လီတော်ကီ မြန်မာဖုန်းဆိုင်
၂၀၁၅-၀၄-၀၉
ကြော်ငြာ = အမှန်တကယ် အခက်အခဲရှိသူများ တယ်လီတော်ကီထံ အကူအညီ ရယူနိုင်ပါကြောင်း
Wednesday, March 25, 2015
၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး
ဒဏ်ကြေး အာမခံငွေ (가납금) ဘယ်လို ပေးသွင်းကြရမှာလဲ
လွန်ခဲ့တဲ့ စနေည ဆိုင်ပိတ်ခါနီးမှာ ၊ မြန်မာ အီးနိုင်းကိုကို တစ်ယောက် ၊ အကူအညီတစ်ခု တောင်းချင်လို့ ဆိုပြီး ခွင့်တောင်းပါတယ် ။ ပြော-ညီလေး ဆိုတော့ ၊ တရားရုံးကစာလာလို့တဲ့ စာကို ထုတ်ပြတယ် ။
အဲသည်ဖြစ်စဉ် နှင့် ပတ်သက်ပြီး အခြားသော အီးနိုင်း ညီငယ်တွေလည်း သိရှိ ဆင်ခြင် နိုင်ကြစေဖို့ သည်စာကိုရေးပါတယ် ။
ဖြစ်စဉ်ကတော့ ၊ အင်တာနက် ကြည့်ကြ ။ ဖေ့စ်ဘွတ်ကြည့်ကြ ၊ ပုံတွေ တင်ကြ ၊ ရှယ်ကြတယ် ။ အဲသည်မှာ ခလေးသူငယ် များ မမြင်အပ်တဲ့ ပုံတွေ ၊ တင်ကြ ရှယ်ကြ ၊ ဖုန်းထဲမှာ သိုလှောင်ထားကြရာမှာ (아동•청소년의 성보호에 관한 법률) ခလေး နှင့် သူငယ် လိင် စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ နှင့်ငြိပြီး ဖြစ်တဲ့အမှုပါ ။
- အမှုတွဲမှာ ပူးတွဲစွပ်စွဲခံရသူ အားလုံးပေါင်း ၄ ယောက် ၊ မြန်မာတွေချည်းပါပဲ ။ ၃ ယောက်ကတော့ ပြန်သွားကြပြီ ။ လွန်ခဲ့တဲ့လ ဗီဇာ ကုန်လို့ ဗီဇာ သွားတိုးကြရာမှာ အမှု ရှိလို့ဆိုပြီး လဝက က ဗီဇာ တိုးမပေးတော့ဘဲ ၊ ပြန်သွားကြရတယ်လို့ ဆိုပါတယ် ။ သူကတော့ လာမယ့် ၄ လပိုင်းမှာ ဗီဇာကုန်မယ် ။
- လွန်ခဲ့သော နှစ် ၉ လပိုင်း ၊ တစ်နေ့ အခန်းသို့ ရဲတွေ ရောက်လာပြီး ၊ ဖုန်းတွေကို ယူစစ်ကြောင်း ၊ ပြန်သွားကြပြီဖြစ်သည့် ၃ ဦးသော ဖုန်းတွေ ထဲမှာတော့ ခလေးသူငယ်များ မမြင်အပ်တဲ့ ပုံတွေ သိုလှောင်ထားတာကို တွေ့သွားကြောင်း ။ နောက် (ယခုကျန်သူ) ရဲ့ ဖုန်းထဲမှာတော့ အဲဒါမျိုးမတွေ့ ။ သို့သော်လည်း ဖေ့စ်ဘုတ် အကောင့်တစ်ခု ကို ညွှန်ပြကြောင်း ၊ ၄င်းဖေ့စ်ဘုခ်မှာ ယခင်က ၄င်းအသုံးပြုခဲ့ဖူးသော အကောင့် ဖြစ်နေကြောင်း ၊ ၄င်းအကောင့် တွင် တင်ထားသော ကလေးသူငယ်များ မမြင်အပ်သည့် ပုံများမှာ ၄င်းတင်ခဲ့သော ပုံများ မဟုတ်လားဟု ထောက်ပြမေးမြန်းရာ မှန်ကြောင်း ဝန်ခံခဲ့တယ်လို့ ပြောပြသိရှိရပါတယ် ။
- ဒဏ်ငွေ ဘယ်လိုဆောင်ခဲ့ကြရတာလဲ လို့မေးကြည့်တော့ ၊ အမှုစွဲတင်အရာရှိက ဖုန်းဆက်ပြီး ဘဏ်အကောင့်ပေးတယ် ၊ အဲသည် အကောင့် ထဲ ပိုက်ဆံ လှမ်းထည့်ပေးရမယ်ဆိုလို့ ထည့်ပေးလိုက်ကြတယ် ။ ပြန်သွားကြတဲ့ ၃ ယောက် အမှုက အဲသည်လို ပြီးသွားတယ်လို့ ဆိုပါတယ် ။
တကယ်တော့ အဲသည် အမှုက မပြီးသေးပါဘူး ။ အခုမှ တရားရုံးတင်မှာပါ ။ ခု တရားရုံးကို အမှုတွဲတင်ပို့ချိန်မှာတော့ ပူးတွဲစွပ်စွဲခံ ၃ ယောက်က မြန်မာပြည်ပြန်သွားကြပြါုပီ ။ ဒါပေမယ့် ရဲဌာနာမှာ အမှုအစစ်ခံရပြီ ဆိုကတည်းက လက်ဗွေတွေယူ ၊ ကိုယ်ရေးမှတ်တမ်းမှာ ပြစ်မှု အတွက် သံသယ ဖြစ်ခံရသူ (피의자) သို့မဟုတ် အမှုဖြစ်နေသူအဖြစ် မှတ်ပုံတင်ခြင်းခံရပြီးသားပါ ။ အဲသည်မှာ ဗီဇာ သက်တမ်းတိုးမယ်လုပ်ကြတော့ အလုပ်လုပ်ခွင့်ဗီဇာ (E9) ပေးဖို့ ငြင်းဆန်ခံလိုက်ကြရတာပါ ။ (အမှန်တကယ်သာ အမှုကို နည်းလမ်းတကျ ရင်ဆိုင်ခဲ့ရမယ်ဆိုလျင် ၊ အမှုမပြိးသေးချိန်မှာ မိမိတို့မှာ အပြစ်ရှိတယ်မရှိဘူး မသိရသေးတဲ့အတွက် အလုပလ်လုပ်ခွင့်ဗီဇာ မရတောင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဗီဇာ တစ်ခုခု လျှောက်ထားခွင့်ရရှိကြရမှာပါ ။)
အဲသည်လိုမျိုးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လို ကိုင်တွယ်ဖြေရှင်းကြရတယ် ဆိုတာကို မြန်မာ အီးနိုင်း ညီအစ်ကိုများ ဥာဏ်မုန်တိုင်းဆင်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ် ။
- အဲသည်အမှုကို စတင်စစ်ဆေးတဲ့သူတွေက ဆိုင်ဘာရဲဌာန (사이버경찰청) က အမှုလိုက်ရဲ(수사경찰) တွေပါ ။ ရဲတွေက အမှုတွဲကို အမှုစွဲအရာရှိ(검찰관) ထံတင်ပြရပါတယ် ။
- အမှုစွဲအရာရှိ (검찰관) က စွဲချက်လွှာ(공소장) ရေး ပြီး အမှုတွဲကို သက်ဆိုင်ရာ တရားရုံး (관할법원) ထံ အမှုစွဲတင်ရပါတယ် ။ အမှုစွဲချက်လွှာ(공소장) နမူနာကို ပုံနှင့်တကွ ပူးတွဲ တင်ပြထားပါတယ် -
- အဲသည်လို စွဲတင်ရာမှာ လိုအပ်မယ်ဆိုရင် ရီမန်လို့ ခေါ်တဲ့ ချုပ်မိန့် (구속영장) တောင်းခံခြင်း ၊ ဒဏ်ကြေးအာမခံငွေ ပေးသွင်းမိန့် တောင်းခံခြင်း (가납명령청구) တို့ကို ၂၄ နာရီအတွင်း ဆောင်ရွက်ရပါတယ်
- အမှုစွဲတင်အရာရှိဟာ တရားရုံးက စွပ်စွဲခံရသူအပေါ် ဒဏ်ငွေပေးဆောင်စေရန် အမိန့် (가납명령) ချမှတ်ခဲ့ပါက ၊ စွပ်စွဲခံရသူအနေဖြင့် ဒဏ်ငွေမဆောင်ဘဲ တိမ်းရှောင်လိမ့်မည် သို့မဟုတ် ပေးဆောင်နိုင်စွမ်းမရှိလို့ ယူဆတဲ့အခါမှာ မိမိရဲ့ ထင်မြင်ချက် (검사의견) နှင့်တကွ ဒဏ်ကြေးအာမခံငွေပေးသွင်းရန် ကြားဖြတ်မိန့် (약식명령) ချမှတ်ပေးဖို့ တရားသူကြီးထံ တင်ပြရပါတယ် -
- တရားရုံးကတော့ အဲသည်လို အမိန့်တောင်းခံလာမှု အတွက်အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ဆောင်စေ သို့မဟုတ် ဆောင်စေခြင်းမှ ကင်းလွတ်စေဆိုတဲ့ ကြားဖြတ်မိန့်ကို ချမှတ်ပေးရပါတယ် ။
- တရားရုံးက ဒဏ်ငွေပေးဆောင်စေရန်အမိန့် (가납벌과금납부명령) ချမှတ်ပါက အမှုသည်ဟာ သက်ဆိုင်ရာ အမှုလိုက်အရာရှိရုံး (검찰청) က ညွှန်ကြားတဲ့ ဘဏ်စာရင်းသို့ လွဲပို့ခြင်း သို့မဟုတ် မိမိအမည် သီးသန့် ဘဏ်စာရင်းဖွင့် အပ်နှံခြင်းတို့ကို ဆောင်ရွက်ရပါတယ် ။
- အမှုလိုက်ဌာနမှာသုံးနေတဲ့ ငွေသွင်းပုံစံ ရှိပါတယ် ။ အလွဲသုံးစားလုပ်တာတွေ ၊ မသမာမှုတွေ မရှိရအောင်လို့ စနစ်တကျ စီမံထားကြတာပါ ။ ဒဏ်ငွေပေးဆောင်ရန် အမိန့်စာကို ပူးတွဲ တင်ပြထားပါတယ် -
- စွပ်စွဲခံရသူဟာ အမှုကို ရင်ဆိုင်ပြီး တရားရုံးအမိန့် ကျချိန်မှာ ၊ အမှုနိုင်ရင် အဲသည် သွင်းထားတဲ့ငွေတွေကို ပြန်လည်ထုတ်ယူရရှိနိုင်တဲ့ငွေဖြစ်ပါတယ် ။ ဒဏ်ငွေပါခဲ့မယ် ဆိုရင်တော့ ပေးသွင်းထားတဲ့ ဒဏ်ကြေးအာမခံငွေ ထဲက ခုနှိမ်ပေးဆောင်ရမှာပါ ။ ဆောင်ရမယ့် ဒဏ်ငွေက နည်းနေရင် ပိုငွေကို ပြန်လည်လျှောက်ထားရယူနိုင်ပြီး ၊ လိုနေရင်တော့ ထပ်ဆောင်းပေးရမှာဖြစ်ပါတယ် ။
- အမှုစွဲတင်အရာရှိများအနေဖြင့် တရားရုံးရဲ့ အမိန့်မပါဘဲ ဘယ်သူဆီကမှ ဒဏ်ကြေး အာမခံငွေကို တောင်းခံခွင့် ၊ လက်ခံခွင့်မရှိပါဘူး ။ အထက်ဖော်ပြပါ အမှုမှာ အမှုစွဲအရာရှိက ဒဏ်ငွေဆောင်စေရန် ဖုန်းဆက် ညွှန်ကြားပြီး ၊ ဖုန်းဖြင့် ဘဏ်အကောင့် ပေးသဖြင့် ဒဏ်ငွေဆောင်လိုက်ရသည်ဆိုခြင်းမှာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုရှိပါ၏လောဟု မေးခွန်းထုတ်လိုက်ချင်ပါတယ်။
- စဉ်းစားနိုင်ကြပါစေလို့ ။
- မေတ္တာဖြင့်-
- ကိုဝိုင်း (မိုးညှင်း)
- ၂၀၁၅-၀၃-၂၃