ရေးသားသူ — ကိုကြီးပေါ်
ဒီနှစ် မဟာသင်္ကြန် ပိတောက်လေညင်းနဲ့အတူ တကမ္ဘာလုံးကို ရိုက်ခတ်လာတာကတော့ စားနပ်ရိက္ခာ ရှားပါးမှုပါပဲ။ ကမ္ဘာကြီးက ဘယ်လောက်ပဲ ခေတ်မီတိုးတက်တယ်ဆိုဆို သတ္တ၀ါမှန်ရင် အစာမစားဘဲ အသက်ရှင်လို့မှ မရတာ။ လူကို ဓာတ်ခွဲခန်းထဲကနေ မွေးထုတ်လို့ ရပေမယ့်၊ မွေးလာတဲ့ လူကိုတော့ ဓာတ်ခွဲခန်းထဲထည့်ပြီး အစာမစားဘဲ အသက်ရှင်အောင် ပြုပြင်လို့မှ မရတာ။ ကမ္ဘာနဲ့ခွဲပြီး အာကာသထဲ သွားနေတာတောင် ထမင်းချက်စားရသေးတာပဲ မဟုတ်လား။ လူတွေကများလာ, စိုက်ပျိုးရေးတွေ ထိခိုက်လာတော့ စားနပ်ရိက္ခာ မလုံမလောက်တာတွေလည်း ဖြစ်လာရတာပေါ့လေ။
အခြား စားနပ်ရိက္ခာ မလုံလောက်တာထက် `ဆန်မလုံလောက်ဘူး´ ဆိုသံကြားတော့ ကိုကြီးပေါ်လည်း ခေါင်းနပမ်း နည်းနည်း ကြီးသွားပါတယ်။ ကိုကြီးပေါ်တို့က ထမင်းစားမှ အီအီးပါတဲ့ လူတွေလေ။ ထမင်းမစားရရင် အခက်။ မြန်မာဆိုတာက ဆန်စားတဲ့ လူမျိုး မဟုတ်လား။ ကမ္ဘာမှာ ဆန်ဈေးတွေ နှစ်ဆလောက် တက်လာတယ် ဆိုတော့၊ ကိုယ့်တိုင်းပြည်ထဲ ဘယ်လိုရှိမလဲလို့ ခြောင်းကြည့်လိုက်မိပါတယ်။ အင်း… ကြည့်မိပြန်တော့ မှားမိပြန်ပေါ့။
တော်လိုက်တဲ့ အရောင်းသမား
ကမ္ဘာမှာ ဆန်ပြတ်လပ်ပြီး ဈေးနှစ်ဆတက်လာလို့ နဂိုက ဆန်ရောင်းစားတဲ့ နိုင်ငံတွေက ပြည်ပဆန်ရောင်းတာကို ရပ်ဆိုင်းလိုက်ချိန်မှာ ကိုကြီးပေါ်တို့ ရွှေမြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန် တစ်သိန်း ရောင်းလိုက်ပါတယ်။ ငါးသောင်း နှစ်ခါ ရောင်းတာလို့ သိရပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ရောင်းဦးမယ် ဆိုပါတယ်။
ဒီသတင်းကြားတော့ ဟေး တို့နိုင်ငံက စီမံခန့်ခွဲသူတွေ အင်မတန် တော်ပေတာပဲလို့ ကိုကြီးပေါ်က ကြိတ်ပြီး ၀မ်းသာနေမိတာ။ စဉ်းစားကြည့်လေ။ ကမ္ဘာတခွင် ဆန်ဈေးတွေ တက်နေတဲ့ အချိန်မှာ တန်ချိန် သိန်းနဲ့ချီပြီး ရောင်းရတယ်ဆိုတော့ ပိုက်ဆံတွေ အများကြီး ရမှာပေါ့။ ဒီလို အခွင့်အခါကောင်းကို အရယူတတ်တာ လက်ခုပ်တီးပေးရမှာပေါ့။ မဟုတ်ဘူးလား။ ထိုင်းတို့, ဗီယက်နမ်တို့များ ညံ့ပါ့။ ဈေးကောင်းတုန်း ထုတ်မရောင်းတတ်ဘူး။ တို့ နအဖက ဈေးတက်တုန်းမှာ ရောင်းတတ်လိုက်တာ။
အဲ… ကိုကြီးပေါ် ၀မ်းသာမိတာ တမိနစ်တောင် မကြာလိုက်ဘူး ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ နအဖ ရောင်းလိုက်တဲ့ ဈေးက ဆန် တတန်ကို ဒေါ်လာ ၃၂၀ နဲ့တဲ့။ ကမ္ဘာမှာ ပေါက်နေတဲ့ဈေးက တတန်ကို ၇၀၀ တဲ့။ ကောင်းရောဗျို့။ ဈေးမတက်ခင်က တတန်ကို ၄၀၀ ကျော်လောက် ရှိတယ် ဆိုပဲ။ သူများတွေက မရောင်းတော့ဘူး ဆိုပြီး ရပ်ထားလို့၊ ၀ယ်ချင်သူတွေ ငမ်းငမ်းတက်နေချိန်မှာ နအဖတို့က အားရပါးရ ရောင်းပစ်လိုက်တာများ၊ ဟင်း… ဘာရမလဲ၊ လျော့ဈေးနဲ့… တဲ့။
သတင်းအစအန ကြားတာကတော့ ဟို ရွှေမန်းဆိုလား လေပန်းဆိုလား၊ အဲဒီလူက လျှော့ဈေးနဲ့ ရောင်းရမယ်လို့ မိန့်တော်မူသတဲ့။ ရောင်းတဲ့သူက သူ့သားတော်သတဲ့။ ဒီတော့ ပါဝင်ရောင်းပေးရသူ ဆန်ကုန်သည်တွေက ဒေါ်လာ ၃၂၀ ဈေး ရချိန်မှာ၊ အဲသလို ဖြစ်အောင် `မန်းမှုတ်ပေးသူ´တွေကို တဖက် ကုန်သည်တွေက လက်ဖက်ရည်ဖိုး ဒေါ်လာ သန်း ၂၀ လောက် ပေးခဲ့ကြသတဲ့။ ဒီလောက်တော်တဲ့ အရောင်းသမားမျိုး တို့မြန်မာမှာပဲ ရှိမယ် ထင်ပါရဲ့။
မြန်မာပြည်မှာ ထုတ်လုပ်တဲ့ဆန်က ပြည်တွင်းစားသုံးဖို့ထက် ပိုလျှံတယ်ဆိုတာ အားလုံးသိကြပါတယ်။ မြန်မာဆိုတာ ဆန်ရောင်းစားတဲ့ နိုင်ငံပဲ။ ဟိုတခေတ်က `အာရှရဲ့စပါးကျီ´လို့တောင် ခေါ်ခဲ့သေး မဟုတ်လား။ ဒါပေမယ့် ဆန်ကိုချည်း ထမင်းချက်စားနေရုံနဲ့ ပြီးတာမှ မဟုတ်တာ။ အခြား အစားအစာနဲ့ ၀တ်ရေး, နေရေး, လူမှုရေးတွေ ရှိသေးတာပဲ။ ဒါတွေအတွက်က ပြည်တွင်းဖြစ်နဲ့မှ မလုံလောက်တာ။ ပြည်ပကို အားကိုးနေရတာက အကုန်လုံး လိုလိုပါပဲ။ ဆန်ရောင်းပြီး လိုတာဖြည့်ရတဲ့ ဘ၀လေ။ မြန်မာပြည်က ဆန်ရောင်းတော့ လျှော့ဈေး၊ ဆီဝယ်တော့ တက်ဈေုး ဖြစ်နေတော့ ဂျာအေး သူ့အမေရိုက် နေတော့တာပေါ့။ မြတ်တယ်လို့ မရှိ, အရှုံးချည်းပဲဆိုတော့ ပြည်တွင်း ကုန်ဈေးနှုန်းကလည်း အတက်ချည်းပဲပေါ့။
ဆန်က အာရှနိုင်ငံတွေရဲ့ အဓိက အစားအစာ။ အများဆုံး ထုတ်လုပ်တာလည်း အာရှပါပဲ။ ဒီနှစ်မှာတော့ စပါးအထွက် ကျဆင်းတာရယ်၊ သဘာဝအန္တရာယ်ကြောင့်ရယ်၊ ကမ္ဘာ့ဆန်ထုတ်လုပ်မှု ကျဆင်းသွားတာမို့၊ အာရှနိုင်ငံ အများစုက ဆန်ကို ပြည်တွင်း ဖူလုံရေးအတွက် ဦးစားပေးပြီး၊ ပြည်ပရောင်းချတာတွေကို လျှော့ချလိုက်တယ်လို့ သိရပါတယ်။ တကမ္ဘာလုံး အနေနဲ့ အရန် စုဆောင်းထားတဲ့ ဆန်တွေ နည်းသွားတာမို့ ဈေးကွက်ထဲမှာ ဈေးတွေ ကြီးလာတာလို့ ဆိုပါတယ်။
သူများတွေက ပြည်တွင်းမှာ စားသုံးဖို့ ဖူလုံအောင် စုကြမယ် ဆောင်းကြမယ်၊ ပြည်ပ မရောင်းတော့ဘူး ဆိုတဲ့အချိန်မှာ ကိုကြီးပေါ်တို့ နအဖက ပြည်ပကို ထုတ်ရောင်းတယ် ဆိုတော့၊ ဒါ ပြည်တွင်းမှာ ပိုလျှံနေလို့ နေမှာပေါ့နော်။ ရွှေတိုင်းပြည်ကြီးမှာက ဆယ့်နှစ်ရာသီ စိုက်တာ မဟုတ်လား။ မစိုက်ချင်တဲ့ လယ်သမားတွေကိုတောင် မစိုက်မနေရ စိုက်ခိုင်းတာ။ စိုက်လို့ စပါးထွက်လာပြီဆိုရင်လည်း အစိုးရကို မရောင်းမနေရ ရောင်းခိုင်းတာ။ ရောင်းတဲ့အခါမှာလည်း ပေါက်ဈေးတွေဘာတွေ လာမပြောနဲ့၊ ပေးချင်တဲ့ ဈေးပေးပြီးကို ၀ယ်စုထားတာ။ တခါ ၀ယ်လို့ အားမရရင် ကုန်သွယ်စပါး, တပ်ရိက္ခာ, စေတနာ, ပိုလျှံ စသဖြင့် ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီးကို ထပ်ခါထပ်ခါ ၀ယ်ပစ်လိုက်တာ။ ဒီတော့ စပါးတွေ ဆန်တွေ အများကြီး ရှိပေတာပေါ့။
လယ်သမားတွေအဖို့ကတော့ သိပ်မခက်ပါဘူး။ စပါးပေါ်ချိန်မှာ လည်ပင်းညှစ် ၀ယ်သမျှကို မတန်တဆ လျှော့ဈေးနဲ့ အကုန်သာ ရောင်းလိုက်။ ဆန်ပြတ်ချိန်ရောက်တော့ သူများဆီကနေ ဈေးကြီးပေးပြီး ပြန်ဝယ်စားလိုက်။ မစားနိုင်ရင် ဆန်ပြုတ်သောက်။ မသောက်နိုင်တော့ ဗိုက်မှောက်။ ဒီလိုနဲ့ ဆန်ဝယ်မစားနိုင်တဲ့ မြန်မာပြည်သူတွေ တနေ့တခြား တိုးလာ။ ဒါ စိုက်ပျိုးရေးကို အခြေခံ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်နေတာလို့ တီဗီထဲမှာတော့ စာတမ်းထိုးနေတာပါပဲ။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက မြန်မာပြည်က ၀ယ်သွားတဲ့ ဆန်ကို သီရိလင်္ကာမှာ ပြန်ရောင်းမယ့်ဈေးက မြန်မာပြည်တွင်း ပေါက်ဈေးထက် သက်သာနေတယ် ဆိုတာပါပဲ။ ဒီကနေ့ မြန်မာပြည်မှာ ဆန်တပြည်ကို ကျပ် ၁၀၀၀ ၀န်းကျင်လောက် ရှိနေချိန်မှာ၊ သီရိလင်္ကာမှာ ရူပီး ၅၀ (ကျပ် ၈၀၀) လောက်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။ အဲဒါ မြန်မာပြည်က ၀ယ်သွားတဲ့ ဆန်ကို ရောင်းမှာနော်။ ဒီတော့ ကိုကြီးပေါ်ကတော့ အကြံတခု ရပါတယ်။ မြန်မာပြည်မှာ ဆန်အခက်အခဲဖြစ်ရင် သီရိလင်္ကာရောက် မြန်မာဆန်တွေကို မှောင်ခိုကနေ ပြန်ဝယ်ရင် အဆင်ပြေမယ် ထင်ပါရဲ့။ ။
Monday, July 14, 2008
ခြောင်းကြည့်သူရဲ့ အမှား (၃)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment