ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
ဘာရယ်လို့တော့ မဟုတ်ပါဘူး အကြောင်းတရားလေးတွေ တိုက်ဆိုင်လာလို့ ဒီစကားပုံလေးကို သတိရမိတာပါ။ လူတိုင်းလူတိုင်း မိမိကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်ပုံနဲ့ တာဝန်ပျက်ယွင်းခဲ့ရင် ကဲ့ရဲ့ခြင်း ခံရတတ်ပုံကို ဖော်ညွှန်းထားတဲ့ လူမှုရေးဆိုင်ရာစကားပုံတခုပါ။ ဒီစကားပုံမှာပါတဲ့ `တာ´ ဆိုတာ တဦးတယောက် အတွက် သတ်မှတ်ထားတဲ့ ဆောင်ရွက်ရမဲ့ဝတ္တရား၊ တာဝန်ယူရမဲ့ နယ်မြေအပိုင်းအခြားကို ဆိုလိုတာပါ။
အသင်းအဖွဲ့ ဒါမှမဟုတ် အများနဲ့စုပေါင်းပြီး တာဝန်အသီးသီး ခွဲဝေလုပ်ကိုင်ကြတဲ့နေရာမှာ လူတိုင်းလူတိုင်း မိမိကျရာတာဝန်ကို မိမိကျေပွန်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဦးဆောင်တဲ့သူပဲဖြစ်ဖြစ်၊ နောက်လိုက် ငယ်သားပဲဖြစ်ဖြစ်၊ ကိုယ့်တာဝန်ကို မလစ်ဟင်းရအောင် ဂရုစိုက်သင့်တယ်။ အထူးသဖြင့် ဦးဆောင်တဲ့သူအနေနဲ့ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်နဲ့အညီ လစ်ဟင်းပျက်ကွက်တာ မရှိရအောင် ပိုပြီး ဂရုစိုက်ဖို့လိုတာပေါ့။ ခေါင်းဆောင်လုပ်တဲ့သူကစပြီး လစ်ဟင်းပျက်ကွက်နေရင် နောက်လိုက် ငယ်သားတွေက ဘယ်မှာလာပြီး နှစ်မြို့နိုင်ပါ့မလဲ။ တကယ်လို့များ ခေါင်းဆောင်လုပ်သူတွေဘက်က လစ်ဟင်းခဲ့ရင် ပျက်ကွက်ခဲ့ရင် `ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်´ဆိုပြီး ကဲ့ရဲ့ပစ်တင် ပြောဆိုလေ့ရှိကြပါတယ်။ အပြောအဆို ခံရတတ်ပါတယ်။
ဒီစကားပုံဟာ ဗုဒ္ဓဒေသနာလာ ဇတ်တော်တခုကို အခြေခံပြီး ဖြစ်တည်လာတာပါ။ လွန်လေပြီးသောအခါက ဥတ္တရပဉ္စာလမြို့မှာ ပဉ္စာလမင်း အုပ်ချုပ်စိုးစံစဉ် ဘုရားလောင်းဟာ ကျေးငှက်မျိုးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ တနေ့ ပဉ္စာလမင်းဟာ မင်းချင်းတို့နဲ့တကွ သမင်လိုက်ထွက်လာပြီး မင်းချင်းယောက်ျားတွေကို `တဦးတယောက်ရဲ့ တာမှ သမင်ထွက်ပြေှးခဲ့ရင် အဲဒီလူဟာ အစားပေးလျော်ရမယ်´ ဆိုပြီး မင်းကြီးကိုယ်တိုင် ရထားပေါ်ကဆင်း လေးကိုယူပြီး ချုံတခုမှာ ပုန်းအောင်းစောင့်နေတယ်လို့ ဆိုပါတယ်။ မင်းချင်းယောက်ျားတွေလည်း သမင်တွေထွက်လာဖို့ ချုံတွေကို ပုတ်ခတ်ခြောက်လှန့်ကြပါတယ်၊ သမင်တကောင်ဟာ ထွက်ပြီး သူ့ရဲ့လွတ်မြောက်နိုင်တဲ့လမ်းကို ကြည့်တဲ့အခါ ငြိမ်သက်နေတဲ့ မင်းကြီးရဲ့တာကို တွေ့ပြီး မင်းကြီးတာဝန်ယူထားတဲ့ ချုံနဘေးက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ မင်းချင်းယောက်ျား မူးမတ်တွေက ဘယ်သူ့တာက သမင်ထွက်ပြေးသလဲဆိုပြီး မေးကြတဲ့အခါ မင်းကြီးတာက ထွက်ပြေးတာကိုသိရတော့ မင်းချင်းယောက်ျားတွေနဲ့ မူးမတ်တွေက ၀ိုင်းပြီး မင်းကြီးကို ပြက်ရယ်ပြုကုန်ကြတယ်လို့ ဆိုပါတယ်။ မင်းကြီးလည်း ပြက်ရယ်ပြုတာမခံနိုင်လို့ ငါဆိုတဲ့ မာနနဲ့ သမင်ကို မိအောင်ဖမ်းမယ်ဆိုပြီး ရထားကို အပြင်းနှင် သမင်ထွက်ပြေးရာနောက်ကို လိုက်ပါတော့တယ်။ နေမွန်းတည့်တဲ့အထိ သမင်ကိုမမိပဲ ရထားထိန်းနဲ့အတူ မောပန်းပြီးသာ ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ပဉ္စာလမင်းကြီးကိုယ်တိုင် ချမှတ်ထားတဲ့တာဝန်ကို မင်းကြီးကိုယ်တိုင် ချို့ယွင်းပျက်ကွက်ခဲ့လို့ အများက ပြက်ရယ်ပြုတာကို ခံရတဲ့ သဘောကိုယူပြီး ရှေးပညာရှိ လူကြီးသူမတွေက ဦးဆောင်ဦးရွက်ပြုနေတဲ့ ခေါင်းဆောင်တွေကို တာဝန်ပိုင်းမှာ လစ်ဟင်းပျက်ကွက်မှု မရှိစေဖို့ အထူးဂရုစိုက်စေလိုတဲ့ စေတနာနဲ့ `ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်´ ဆိုတဲ့ ဒီစကားပုံကို ဖန်တီးခဲ့ကြတာလို့ ဆိုထားပါတယ်။
ဒီစကားပုံရဲ့ ဆိုလိုရင်းကို အနှစ်ချုပ်လိုက်ရင်တော့ `မိမိကျရာတာဝန်ကို ကျေပွန်သင့်သည်။ လစ်ဟင်းပျက်ကွက်မှုမျိုး မဖြစ်သင့်။ အထူးသဖြင့် ဦးဆောင်ဦးရွက်ပြုသူသည် ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသကဲ့သို့ မိမိတာဝန်ပိုင်း၌ လစ်ဟင်းပျက်ကွက်မှုမျိုး မရှိစေပဲ ပိုမို၍ တိကျမှန်ကန်အောင် ဆောင်ရွက်သင့်သည်´ ဆိုတဲ့ ဥပမာနဲ့ သတိပေး ဖော်ညွှန်းထားတာဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
ပြောလက်စနဲ့ အကြောင်းတိုက်ဆိုင်တာလေးတွေ ပြောရဦးမယ်၊ မကြာသေးခင်က ကျင်းပခဲ့တဲ့ ပွဲတော်ကြီးတခုမှာ အထူးဖိတ်ကြားခြင်းခံထားရတဲ့ ဧည့်သည်တော်များ ကြိုဆိုမဲ့သူမရှိလို့ ပြန်ကြွသွားခဲ့ရတယ်လို့ဆိုပါလား၊ အထူးဧည့်သည်တော်များကို ကြိုဆိုဖို့ ဘယ်သူတာဝန်ယူထားတာလဲဆိုတော့ ဥက္ကဋ္ဌကြီးပါတဲ့ … ဪ … ဪ… ဪ…။ နောက်ပြီးတော့ အဖွဲ့အစည်းတခုရဲ့ အစည်းအဝေးလည်း သတ်မှတ်ချိန်ထက် မိနစ်(၃၀)ကျော်နေပြီ ဘာလို့မစသေးတာပါလိမ့်ပေါ့၊ အဲ..နောက်ထပ် ရောက်လာတဲ့သူတွေက ဦးဆောင်သူတွေ ဖြစ်နေပါတယ်။ ဪ… ဪ… ဪ…။ ရွှေသမင်များ မင်းကြီးတာကချည်း ထွက်နေကြပါကလား။
Thursday, September 18, 2008
ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment