သတင်း ၁ နိုင်ငံ၈မျိုး အရောင်၈ရောင် အကနှင့်ကစားပွဲတော်
သတင်း ၂ အဖမ်းအဆီးရှောင်တိမ်းသည့် တရုတ်နိုင်ငံသားအလုပ်သမား တိုက်ပေါ်မှ ပြုတ်ကျ
သတင်း ၃ နယ်လှည့်ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော်
အောင်မြင်စွာပြီးဆုံး
သတင်း၎ အန်ဆန်းမြို့က နိုင်ငံခြားသားပြည်သူ့လုံခြုံရေးစင်တာ
သတင်း၅ ဘီဘင်ဘာ့ဘ်ပွဲတော်
သတင်း ၁
ကိုရီးယားနိုင်ငံကောက်သစ်စားပွဲတော်ဖြစ်တဲ့ ချူးဆော့က်ပိတ်ရက်ရှည်အတွင်း ရွှေ့ပြောင်းသူများရဲ့ပွဲတော်များသည် နေရာအနှံ့တွင် ကျင်းပခဲ့ပါတယ်။
အန်ဆန်း ၀န်ဂို့ရှိ နယ်ခြားမဲ့ရွာ ကစားကွင်းတွင်နိုင်ငံ၈မျိုး အရောင်၈ရောင် အကနှင့်ကစားပွဲတော် ဆိုတဲ့ အမည်ဖြင့် ရွှေ့ပြောင်းအလုပ်သမားပွဲတော်ကို စက်တင်ဘာလ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ ၃ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။
နိုင်ငံ၈မျိုး အရောင်၈ရောင် ဆိုတဲ့အတိုင်း
ဖိလစ်ပိုင်၊ မွန်ဂို၊ သီရိလင်္ကာစတဲ့ နိုင်ငံ၈နိုင်ငံပါဝင်ကြတဲ့ အဲဒီပွဲတော်ရဲ့ ပထမနေ့စက်တင်ဘာ၁၃ရက်နေ့မှာ နိုင်ငံအလိုက်အသင်းအဖွဲ့များရဲ့သီချင်းဆိုပြိုင်ပွဲနှင့် ဂီတပွဲများအား ပြုလုပ်ခဲ့ကာ ၁၄ရက်နေ့မှာတော့ ၈နိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများရဲ့နိုင်ငံရိုးရာအ လိုက်အကများနှင့် ကစားပွဲများကို ပြုလုပ်ခဲ့ပါတယ်။ ပွဲတော်တွင်း ပါဝင်ဆင်နွဲကြတဲ့သူများဟာ ကိုရီးယားခြင်းခတ်ပွဲ၊ ဂိုထာဘိုလာလို့ခေါ်တဲ့ သီရိလင်္ကာကစားနည်း၊ မြားပစ်ကစားနည်း စတဲ့ နိုင်ငံအသီးသီးရဲ့ ရိုးရာကစားနည်းများတွင် ပါဝင်ဆင်နွဲခဲ့ကြသလို ကိုရီးယားရိုးရာအစားအစာဖြစ်တဲ့ သောက် ကိုလည်း အရသာရှိစွာ သုံးဆောင်ခဲ့ကြပါတယ်။
အထူးသဖြင့် နိုင်ငံအလိုက်ရိုးရာဝတ်စုံဝတ်ဆင်ပြီး လမ်းလျှောက်လှည့်လည်ပြသခြင်းဟာ အန်ဆန်းမြို့နေ ပြည်သူများရဲ့ အထူး စိတ်ပါဝင်စားစွာ ကြည့်ရှုခြင်းကို ခံခဲ့ရပါတယ်။
ချူးဆော့က်ပိတ်ရက်ရှည်မှာ အဲဒီလို နိုင်ငံပေါင်းစုံပွဲတော်များကိုသာ ကျင်းပခဲ့ခြင်းမဟုတ်ပဲ နိုင်ငံအသီးသီးတို့ရဲ့အသင်းအဖွဲ့များမှ ဦးစီးကျင်းပခဲ့တဲ့ ပွဲတော်များလည်း ရှိခဲ့ပါတယ်။ ချူးဆော့က်ရက်ဖြစ်တဲ့ စက်တင်ဘာ၁၄ရက်နေ့မှာ ဘူချွန်းမြို့ရှိ မြန်မာအသင်းကိုရီးယားဟာလည်း ဆော့က်ဝမ်ဆာဘုန်းကြီးကျောင်းဝင်းအတွင်း တိလောကမုနိဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပခဲ့ပြီး ဆာဂါမ့ါတဲ့ ဆိုတဲ့နီပေါအသင်းကလည်း ဒုန်းဂုတက္ကသိုလ်ဝင်းအတွင်းမှာ ပွဲတော် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ဘူဆန်းနှင့်ချန်ဝန်းစတဲ့ ဒေသအသီးသီးတို့မှာလည်း ကိုရီးယားနိုင်ငံနှင့် ရွှေ့ပြောင်းအလုပ်သမားများရဲ့ နိုင်ငံဆိုင်ရာယဉ်ကျေးမှုအချင်းချင်း နှီးနှောဖလှယ်ကာ တဦးနှင့်တဦး နားလည်မှုပေးနိုင်စွမ်းကို မြှင့်တင်တဲ့ကြိုးပမ်းမှုများလည်း ရှိခဲ့ကြောင်းသိရှိရပါတယ်။
သတင်း ၂
သြဂုတ်လ၂၆ရက်နေ့ အူလ်ဆန်းမြို့မှာ တရုတ်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဟာ အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခြင်းကို ရှောင်တိမ်းထွက်ပြေးရင်း၎ထပ်တိုက်ပေါ်မှပြုတ်ကျခဲ့ကြောင်း သိရှိရပါတယ်။
အသက်၃၄နှစ်ရှိပြီဖြစ်တဲ့ တရုတ်နိုင်ငံသားဂျာခုန်းဂုန်ဟာ အဲဒီလိုပြုတ်ကျမှုကြောင့် အရိုး၂ချောင်းကျိုးသွားခဲ့ပြီး ဒုန်ဂန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ထိုကဲ့သို့ အခင်းဖြစ်ပွားလျှင် ဖြစ်ပွားခြင်း အူလ်ဆန်းမြို့ရှိ အလုပ်သမားနှင့်လူ့အခွင့်အရေးအဖွဲ့အစည်း
၁၀ဖွဲ့ဟာ အရေးပေါ်အဖွဲ့ဖွဲ့စည်းပြီး စက်တင်ဘာလ၈ရက်နေ့ မနက်ပိုင်းမှာ အူလ်ဆန်းမြို့ မြို့တော်ခန်းမရှေ့ ပရက်စင်တာမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တာဝန်ရှိသူအားအပြစ်ပေးရန်နှင့် အတင်းအကြပ်ဖမ်းဆီးခြင်းချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် တရားရေးဝန်ကြီးဌာနရဲ့ လူသိရှင်ကြားတောင်းပန်မှုနှင့် လျော်ကြေးငွေပေးရန်စသည်တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ ဂျာခုန်းဂုန်ဟာ အရိုးကျိုးသွားခြင်းနှင့် ပတ်သက်တဲ့ခွဲစိတ်ကုသခြင်းကို တကြိမ်ခံခဲ့ပြီးဖြစ်ပြီး ရှေ့ကိုလည်း အကြိမ်ကြိမ်ခွဲစိတ်မှုခံယူရနိုင်သေးကြောင်း သိရှိရပါတယ်။
သတင်း ၃
လွန်ခဲ့တဲ့သြဂုတ်လ၈ရက်နေ့မှစပြီး ဆိုးလ်၊ ဖိုချွန်း၊ မာဆော့က်၊ ဘူချွန်းစတဲ့ ဒေသအသီးသီးမှာ လှည့်လယ်ပြသခဲ့တဲ့ ၃ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် MWFFဟာ စက်တင်ဘာ၁၅ရက်နေ့မှာ အန်ဆန်းမြို့၌ ရုပ်ရှင်ပြပွဲပိတ်ပွဲအား ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။
အန်ဆန်းမြို့ ၀န်ဂို့ဂ်ရှိ နိုင်ငံခြားသားစင်တာမှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပြပွဲပိတ်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ နိုင်ငံဆိုင်ရာရိုးရာဖျော်ဖြေပွဲနှင့် ရုပ်ရှင်ပြပွဲ ကျင်းပခဲ့စဉ်ကလှုပ်ရှားမှုများကို စုစည်း တင်ဆက်ထား တဲ့ရုပ်သံ တင်ဆက်ခြင်းများကိုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒူးလုဘဲ့ ဆိုတဲ့ နီပေါနိုင်ငံရုပ်ရှင်ကားကိုပြသခဲ့ပြီး ကြည့်ရှုသူများရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကိုရီးယားရိုးရာအစားအစာဖြစ်တဲ့ဆုန်းဖြောင်းနဲ့ နီပေါရိုးရာအစားအစာဖြစ်တဲ့ဆမူစာကို သုံးဆောင်ကြပြီးနောက် ရုပ်ရှင်ပွဲတော်ပိတ်ပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်။
သတင်း ၎
အန်ဆန်းမြို့မှာ စက်တင်ဘာလ၅ရက်နေ့က နိုင်ငံခြားသားပြည်သူ့လုံခြုံရေးစင်တာကို ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်။
အန်ဆန်းမြို့တွင်း နိုင်ငံခြားသားများ များစွာ နေထိုင်ကြတဲ့ ၀န်းဂိုဂ်ဒုန်နယ်ခြားမဲ့ရွာမှာ ရာဇ၀တ်မှုများ ကင်းစင်ပြီး လုံခြုံသော ယဉ်ကျေးမှုဇုန်ဖြစ်ရန်အတွက် နိုင်ငံခြားသားပြည်သူ့လုံခြုံရေးစင်တာကို တည်ထောင်ခြင်းဖြစ်တယ်လို့ မြို့တော်တာဝန်ရှိသူမှပြောကြားခဲ့ပါတယ်။
အဲဒီ လုံခြုံရေးစင်တာမှာ ကိုရီးယားနိုင်ငံသား ခံယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံသူ အာနာဘဲ့လ် ရဲမှူးနှင့် ရဲ၅ဦး တာဝန်ထမ်းဆောင်လျှက်ရှိပြီး ပတ်တရောင်းရဲ ၆ဦးနှင့် တာဝန်သိ ပြည်သူအယောက်၄၀တို့ဖြင့် ညတွင်းလုံခြုံရေးကို တာဝန်ထမ်းဆောင် ပေးလျှက်ရှိကြောင်း သိရှိရပါတယ်။
သတင်း ၅
စက်တင်ဘာ၁၉ရက်နေ့ ဆိုးလ်အမျိုးသမီးပလာဇာမှာ အမျိုးသမီးများ မိသားစုဖောင်ဒေးရှင်းမှ ဦးစီးကျင်းပတဲ့ ယဉ်ကျေးမှုဇုန်မိသားစုများနှင့်အတူပြုလုပ်တဲ့ဘီဘင်ဘာ့ဘ်ပွဲ
တော်ကိုကျင်းပခဲ့ပါတယ်။
အမယ်မျိုးစုံကို ရောစပ်ထားတဲ့ အရသာရှိတဲ့ ကိုရီးယားအစားအစာ ဘီဘင်ဘာ့ဘ်နှင့်အတူ အမျိုးစုံသော ယဉ်ကျေးမှုတို့အား ပိုင်ဆိုင်ထားတဲ့သူများ အချင်းချင်း လိုက်ဘက်ညီစွာနေထိုင်ခြင်း၊ တဦးကိုတဦး လေးစားမှုပေးခြင်းဖြင့် နေချင်စဖွယ်ကောင်းသော လူမှုအသိုင်းအ၀ိုင်းကို ဖန်တီးကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ကျင်းပပြုလုပ်တဲ့ အဲဒီဘီဘင်ဘာ့ဘ်ပွဲတော်တွင်း တက်ရောက်သူများဟာ ဘီဘင်ဘာ့ဘ်များကို ခွဲဝေ သုံးဆောင်ခဲ့ကြပါတယ်။
Tuesday, September 23, 2008
ရွှေ့ပြောင်းအလုပ်သမားသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment