Wednesday, September 24, 2008

ရွှေ့ပြောင်းအလုပ်သမားများ မေးလေ့မေးထ ရှိသော အလုပ်သမားဥပဒေ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ အပိုင်း(၄)

(၄)လုပ်အားခနှင့် ပတ်သက်၍။

၁၇၊ အနိမ့်ဆုံးလစာ ဆိုသည်မှာ ဘာလဲ။
၁၈၊ အခြေခံလစာ ဆိုသည်မှာ ဘာလဲ။
၁၉၊ ဝင်ငွေ ဘယ်လောက်လဲဆိုတာ ဘယ်လိုတွက်ယူရမလဲ။
၂ဝ၊ လုပ်ခများကို တွက်ရာတွင် စံထားရမည့် ဝင်ငွေဆိုသည်မှာ ဘာလဲ။
၂၁၊ အချိန်ပိုလုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။
၂၂၊ ညဆိုင်းလုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။
၂၃၊ အားလပ်ရက်အတွက် လုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။
၂၄၊ ဆုကြေးငွေ( ဘောနက်စ်)မှာ ကိုရီးယားလူမျိုးများထက် နည်းပါးနေလျှင်။
၂၅၊ ကုမ္ပဏီ၏ အလုပ်ပိတ်ရက်တွင် လုပ်ခ မပေးဘူးဟုဆိုလျှင်။


၁၇၊ အနိမ့်ဆုံးလစာ ဆိုသည်မှာ ဘာလဲ။

မေး။ ကိုရီးယားတွင် အနိမ့်ဆုံးလုပ်အားခဟု သတ်မှတ်ထားရှိကြောင်းသိရပါသည်။ အနိမ့်ဆုံးလုပ်အားခမှာ ဘာကိုဆိုလိုသနည်း။

ဖြေ။ အနိမ့်ဆုံးလုပ်အားခသည် ၁ရက် ၈နာရီအလုပ်လုပ်ခဲ့ပြီးလျှင် အလုပ်သမားအား ပေးရမည့် လုပ်အားခ၏ အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ အနိမ့်ဆုံးလုပ်အားခထက် နည်းသော လုပ်အားခကို ပေးသည်ဆိုလျှင် အနိမ့်ဆုံးလုပ်အားခ ဥပဒေအား ဖောက်ဖျက်ခြင်းဖြစ်၍၊ လုပ်ငန်းရှင်သည် အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ပေးရန်ကျန်ရှိနေသော လုပ်အားခကိုလည်း ပြန်လည်ပေးဆောင်ရမည်ဖြစ်သည်။
ကိုရီးယား၏ ဥပဒေတွင် ရွှေ့ပြောင်းအလုပ်သမားများအားလည်း အနိမ့်ဆုံး လုပ်အားခ ထက်ပိုမိုသော လုပ်ခငွေကိုပေးရမည်ဟု သတ်မှတ်ထားသည်။ ထို သတ်မှတ်ချက်မှာ မည်သည့်စနစ်ဖြင့် အလုပ်လုပ်နေသည့် အလုပ်သမားဖြစ်စေ၊ တရားမဝင် အလုပ်သမားဖြစ်စေ အကျုံးဝင်သည်။

အနိမ့်ဆုံးလုပ်အားခသည် နှစ်စဉ် ၈လပိုင်းအကုန်တွင် ဆုံးဖြတ်သတ်မှတ်လေ့ ရှိပြီး၊ ၉လပိုင်း ၁ရက်နေ့မှ နောက်နှစ် ၈လပိုင်း ၃၁ရက်နေ့အထိ သတ်မှတ်ကျင့်သုံးရ သည်။ မကြာသေးခင်ကမှ ပြောင်းလဲလိုက်သော ဥပဒေကြောင့် နှစ်စဉ် နှစ်ကုန်ချိန် တွင် ဆုံးဖြတ်သတ်မှတ်၍၊ နောက်နှစ် ၁လပိုင်း ၁ရက်နေ့မှ ၁၂လပိုင်း ၃၁ရက်နေ့ အထိ သတ်မှတ်ကျင့်သုံးရသည်။ ၂ဝဝ၈ခုနှစ်တွင်း သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်အားခမှာ ၁နာရီ ၃၇၇၀ ဝမ်၊
၁ရက် ၃၀၁၆၀ ဝမ်(အလုပ်လုပ်ချိန်စုစုပေါင်း ၈နာရီ)
၁ပတ် ၁၆၅ ၈၀၀ ၀မ်(အလုပ်လုပ်ချိန်စုစုပေါင်း ၄၄နာရီ)
၁လ ၈၅၂ ၀၂၀ ဝမ်(အလုပ်လုပ်ချိန်စုစုပေါင်း ၂၂၆နာရီ) ဖြစ်သည်။

၁၈၊ အခြေခံလစာ ဆိုသည်မှာ ဘာလဲ။

မေး။ လစာအိတ်ကိုရရှိတဲ့အခါ ဟိုအကြောင်း၊ ဒီအကြောင်း ရေးထားတာတွေ့ရပါတယ်။ အဲဒီအထဲမှာ အခြေခံလစာ(ဂီဗွန်းဂုဗ်)ဆိုတာဘာလဲ။

ဖြေ။ အခြေခံလစာ(ဂီဗွန်းဂုဗ်) ဆိုတာ လုပ်ငန်းရှင်နှင့် စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ချိန်(ထိုအချင်းအရာကို တရားဝင်သတ်မှတ်ထားသော အလုပ်ချိန် ဟုခေါ်)
အတိုင်း အလုပ်လုပ်မည်ဆိုလျှင် မဖြစ်မနေ ရရှိရမည့် လုပ်ခလစာ၊ သို့မဟုတ် တပတ်စာလုပ်ခ၊ တစ်နေ့စာလုပ်ခ တို့ဖြစ်ပါသည်။ အများအားဖြင့်မူ ၁ရက်လျှင် ၈နာရီ၊ ၁ပတ်လျှင် ၄၄နာရီ၊ အလုပ်လုပ်ခဲ့မည့်ဆိုလျှင် အနိမ့်ဆုံးလုပ်ခငွေ (မေးခွန်း ၁၇ကို ကြည့်ပါ) ထက်ပို၍ ပေးလိမ့်မည်ဖြစ်သည်။ ထိုပြင် ၁ရက် အလုပ်လုပ်ချိန်မှာ ၁ဝနာရီဖြစ်၍၊ လုပ်အားခမှာလည်း အနိမ့်ဆုံးလုပ်ခငွေထက် ပို၍ များသည့်ဆိုပါက အလုပ်ချိန်၈နာရီထက်ကျော်လွန်သော အလုပ်ချိန်သည် အချိန်ပိုလုပ်ခြင်းဖြစ်ပြီး၊ အနိမ့်ဆုံးလုပ်ခငွေထက်ပိုသော လုပ်အားခငွေမှာ အချိန်ပိုလုပ်အားခဖြစ်သည်ဟု နားလည်၍ ရနိုင်သည်။ သို့သော် ငွေပမာဏမှာ မှန်ကန်မှုရှိ၊ မရှိကိုမူ စစ်ဆေး တွက်ချက်ဖို့လိုအပ်ပါသည်။

၁၉၊ ဝင်ငွေ ဘယ်လောက်လဲဆိုတာ ဘယ်လိုတွက်ယူရမလဲ။

မေး။ ကျနော်အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွင် လုပ်အားခကို နှစ်ချုပ်ဖြင့်ပေးသည်ဟုဆို သည်။ သို့သော် ကျနော်၏ သူငယ်ချင်းဖြစ်သူ ကုမ္ပဏီတွင်မူ အချိန်ဖြင့်တွက်၍ ပေးသည်ဟု ဆိုပါသည်။ ထိုနှစ်ခုအနက် ကွာခြားချက်ကို သိလိုပါသည်။

ဖြေ။ အလုပ်သမား၏ လုပ်ခငွေကို ပေးသည့် နည်းလမ်းကို လုပ်ခငွေပေးသည့်ပုံစံ (အင်ဂွမ်းဂျီဂုဗ်ချဲဂဲ)ဟု ခေါ်သည်။ အများဆုံး အသုံးပြုသည်မှာ လခစားပုံစံ (ဝေါ်လ်ဂုဗ်ဂျဲ) ဖြစ်ပြီး၊ နေ့စားပုံစံ(အီးလ်သန်းဂျဲ)၊ နှစ်ချုပ်ပုံစံ(ယောင်းဗွန်းဂျဲ)၊ အချိန်ပိုင်း ပုံစံ(ရှီဂုဗ်ဂျဲ)၊ လက်ခစား (သို့) လက်အောက်ခံ ပစ္စည်းထုတ်လုပ်မှုသဘော စာချုပ်ချုပ်သည့် ပုံစံ(ဒိုဂုဗ်ဂျဲ) စသဖြင့် အမျိုးမျိုးရှိပါသည်။

လခစားပုံစံ(ဝေါ်လ်ဂုဗ်ဂျဲ) သည် တစ်လလုပ်ခ၏ အခြေခံလစာအား သတ်မှတ်၍၊ အခြားအမျိုး မျိုးသော လုပ်ခများကိုလည်း ပေါင်း၍ ပေးသည့် ပုံစံဖြစ်သည်။

နေ့စားပုံစံ(အီးလ်သန်းဂျဲ)သည် သတ်မှတ်ထားသော အချိန်ပြည့် တစ်နေ့တာ အလုပ်လုပ်ပြီး၊ လုပ်ခကို နေ့စဉ်ပေးသော ပုံစံဖြစ်သည်။ နေစားပုံစံသည် အမြဲတမ်း အလုပ်ခန့်ထား သည်ထက် လိုအပ်သောအချိန်တွင်သာ တစ်ရက် သို့မဟုတ် ထိုထက်ပို၍ ခိုင်းခြင်းက အများစုဖြစ်သည်။ ကိုရီးယားဘာသာစကားဖြင့် ‘အာလာဗိုက်’ဟုခေါ်သော အလုပ်ပုံစံမှာ ထိုအမျိုးအစားဖြစ်သည်။ သို့သော် နေ့စားဟု အဆင်ပြေသလို ခေါ် ကြသော်လည်း တကယ်တမ်းတွင်မူ လုပ်ခငွေကို တစ်လပြည့်သည့်အခါမှ စုပေါင်း၍ ရှင်းပေးသည်က ပို၍ များသည်။

အချိန်ပိုင်း (ရှီဂုဗ်ဂျဲ)၊သည် အလုပ်လုပ်သည့်အချိန်အတိုင်း လုပ်ခရခြင်းဖြစ်သည်။ ထိုနေရာတွင် စကားမစပ်ပြောစရာရှိသည်မှာ ၊ အီးပီအက်စနစ်ဖြင့် တရားဝင် အလုပ်လုပ်နေသော သူများအား အချိန်ပိုင်းအလုပ်သမားအဖြစ် အသုံးပြု၍ ၊ အားလပ်ရက်များနှင့်၊ တနင်္ဂနွေပိတ်ရက်များအတွက် လုပ်ခငွေဖြတ်တောက်ခြင်း သည် တရားမဝင်လုပ်ရပ်ဖြစ်သည်။ အခြေခံအလုပ်သမားဥပဒေအရဆိုလျှင် ၁ပတ် တွင် ၁ရက်ကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးရမည်ဟုပါရှိသောကြောင့်၊ ထိုအားလပ်ရက်အတွက် လုပ်ခငွေကို ဖြတ်တောက်ခြင်းသည်၊ အားလပ်ရက် မပေးသည်နှင့် အတူတူပင်ဖြစ်သော ကြောင့် ဥပဒေအား ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်သည်။ သို့သော် အချိန်ပိုင်း အလုပ်တွင်မူ အလုပ်လုပ်သော အချိန်တွင်မူတည် ၍ အနားပေးနိုင်သည်။
နေ့စဉ် တစ်ရက် ၄နာရီ အလုပ်လုပ်သူ အချိန်ပိုင်းအလုပ်သမားအတွက် တစ်ပတ်လျှင် ၄နာရီ အနားယူချိန်အဖြစ်ပေးနိုင်သည်။

နှစ်ချုပ်ပုံစံ(ယောင်းဗွန်းဂျဲ)သည် ၁နှစ်အတွက် လုပ်ခကိုသတ်မှတ်၍ ၁၂လခွဲပေး သောစနစ်ဖြစ်သည်။ ထိုစနစ်တွင် ၁နှစ်စာ သတ်မှတ်ပေးသော လုပ်အားခတွင် လုပ်သက်ခံစားခွင့်ငွေ ပါဝင်ခြင်း၊ ရှိ၊ မရှိ ဆိုသည့် ပြဿနာမှာ ဖြေရှင်း၍ မရသေး သော ပြဿနာဖြစ်သည်။

၂ဝ၊ လုပ်ခများကို တွက်ရာတွင် စံထားရမည့် ဝင်ငွေဆိုသည်မှာ ဘာလဲ။

မေး။ ကျနော်တို့ကုမ္ပဏီတွင် နေ့စဉ် ၂နာရီခန့် အချိန်ပိုအလုပ်လုပ်လုပ်သော်လည်း လုပ်ခမှာ ၁နရီလျှင် ၅ဝဝဝ ဝမ်ဖြစ်ပါတယ်။ မှန်ကန်သောတွက်ချက်မှုဖြစ်ပါသလား။

ဖြေ။ လုပ်သက်ခံစားခွင့်နှင့် အခြားသော လုပ်ခမျိုးစုံတို့ကို တွက်ချက်ရန်အတွက် ပထမဦးစွာ စံပြုလုပ်အားခနှင့်၊ ပျမ်းမျှလုပ်အားခ နှစ်မျိးကို နားလည်ထား ရန် လိုအပ်ပါသည်။ အကြောင်းမှာ လစဉ်တူညီမှုမရှိသော လုပ်ခလစာကြောင့် လုပ်သက်ခံစားခွင့်နှင့် အခြားလုပ်ခများပါ လစဉ် လိုက်လံပြောင်းလဲခြင်း မပြုစေရန် အတွက် သတ်မှတ်ထားသော ဥပဒေဖြစ်သည်။

ပျမ်းမျှလုပ်အားခသည် လစာပေးအိပ်တွင် ရှိသော အခြေခံလုပ်ခလစာ၊ အခြား သက်ဆိုင်ရာလုပ်အားခများ၊ အားလုံးကို ပေါင်းစုထားသော လုပ်ခလစာဖြစ်သည်။ အခွန်ငွေနှင့် ကျန်းမာရေးဆိုင်ရာအာမခံကြေး ပေးသွင်းရန်များ၊ အစရှိသည်တို့ကို ဖြတ်တောက်ခြင်းမပြုသေးမီ မူလ လုပ်ခလစာဖြစ်သည်။ ပျမ်းမျှလုပ်အားခသည် လုပ်သက်ခံစားခွင့်ကို တွက်ချက်ရာတွင်လည်းကောင်း၊ ထိခိုက်ဒဏ်ရာရရှိသော အခါ၌ ဆေးကုသနေစဉ်အတွင်းရရှိမည့် လုပ်အားခ၊ ပျက်စီးဆုံးရှုံးသွားသော ခန္ဓွာကိုယ်အစိတ်အပိုင်းအတွက် နစ်နာကြေး ပေးလျော်ရာတွင်လည်းကောင်း၊ အခြေခံ ထား၍ တွက်ချက်သည့် လုပ်အားခဖြစ်သည်။ ပျမ်းမျှလုပ်အားခသည် အထက်ပါ ကိစ္စရပ်များ မဖြစ်ပေါ်မီ နောက်ဆုံး ၃လအတွင်း ရရှိခဲ့သော လုပ်အားခများကို ပေါင်း၍၊ ထို ၃လအတွင်းရှိသော ရက်နှင့်စားပြီး ပိုင်းဝေသတ်မှတ်ပါသည်။ ထို့ကြောင့် ပျမ်းမျှလုပ်အားခသည် (တစ်ရက် ပျမ်းမျှလုပ်အားခကိုယူ၍) တွက်ချက်ပါသည်။

စံပြုလုပ်အားခသည် အများအားဖြင့် သက်ဆိုင်ရာလုပ်အာခများ၊ အချိန်ပိုလုပ်ခများ ၊ ညပိုင်းအလုပ်လုပ်ခများ၊ အားလပ်ရက်အတွက်အလုပ်လုပ်ခများ၊ စသည် တို့ကို တွက်ချက်ရာတွင် စံထား၍ တွက်ချက်သော လုပ်ခငွေဖြစ်သည်။ စံပြု လုပ်အားခသည် အခြေခံလုပ်ခစာအပြင်၊ သတ်မှတ်ချက်ထား၍သော်လည်း၊ သတ်မှတ်ခြင်းမရှိသော်လည်း အစဉ်အမြဲရရှိလေ့ရှိသော လုပ်အားခဝင်ငွေ( သက်ဆိုင်ရာလုပ်အားခအမျိုးမျိုး၊ အလုပ်လုပ်သော အချိန်နှင့်သက်ဆိုင်မှုမရှိပဲ၊ အမြဲ တမ်း သတ်သတ်မှတ်မှတ်ပေးလေ့ရှိသော လုပ်ခဝင်ငွေ၊ ထိုလုပ်ခငွေမပေးသော ကုမ္ပဏီများလည်း ရှိပါသည်။)တို့ကို ပေါင်း၍ စံပြုအလုပ်ချိန်နာရီ ၂၂၆ နာရီဖြင့် စား၍ ရသော လုပ်ခ၊( တစ်ပတ်လျှင် ၅ရက်သာ လုပ်ရသော ကုမ္ပဏီဆိုလျှင် ၂ဝ၉ နာရီဖြင့် စားရမည်ဖြစ်သည်။) ‘တစ်နာရီလျှင်စံပြုလုပ်ခ ဘယ်လောက်ဖြစ်တယ်’ ဟူ၍ သတ်မှတ်တွက်ချက်လေ့ရှိသည်။ သို့သော် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေတွင်မူ၊ အားလုံးနီးပါးမှာ အခြေခံလုပ်အားခမှလွဲ၍ အခြားသောလုပ်အားခများမှာ မရှိသလောက်ပင်ဖြစ်သည်။
ထို့ပြင် အခြေခံလုပ်အားခမှာလည်း အနိမ့်ဆုံးလုပ်ခသာဖြစ်သည်။ ထိုသို့သော်အခြေအနေမျိုးတွင် ၄င်းအခြေခံလုပ်ခ ကိုသာ စံပြုအလုပ်ချိန် နာရီ (တစ်လ ၂၂၆)နာရီဖြင့်စား၍၊ ရရှိလာသော လုပ်အားခအား စံပြုလုပ်အားခအဖြစ်သတ်မှတ်ရမည် ဖြစ်သည်။

၂၁၊ အချိန်ပိုလုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။

မေး။ အချိန်ပိုလုပ်သည့်အခါ လုပ်ခငွေကို မည်ကဲ့သို့တွက်ရမည်နည်း။

ဖြေ။ အချိန်ပိုလုပ်အားခသည် စံပြုလုပ်အားခ၏ ၁၅ဝ%ကို ပေးရမည်ဖြစ်သည်။
ဥပမာ တွက်ရမည်ဆိုလျှင်

(က) ၏ စံပြုလုပ်အားခသည် ၁နာရီလျှင် ဝမ် ၃၁ဝဝ ဖြစ်သည်။ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈နာရီမှ – နံနက် ၇နာရီအထိ အလုပ်လုပ်ပါ သည်။ နေ့လည်ထမင်းစားချိန်မှာ ၁၂နာရီမှ ၁နာရီအထိဖြစ်ပါသည်။
စနေနေ့တွင် ၄နာရီ အလုပ်လုပ်ပါသည်၊
(က)အလုပ်လုပ်သောအချိန်သည် နေ့စဉ် ထမင်းစားချိန်ကိုဖယ်၍ ၁ဝနာရီလုပ် သည်။ ထို့ကြောင့် (က)သည် နေ့စဉ် ၂နာရီ အချိန်ပိုလုပ်ခဲ့သည်။

(က)သည် တစ်ရက်အလုပ်ချိန်၊ ၈နာရီအတွက် လုပ်ခလစာအပြင် နေ့စဉ် ၂နာရီစီ လုပ်သော အချိန်ပိုလုပ်ခအတွက်လည်း ထပ်မံရရှိရမည် ဖြစ်သည်။

၁နာရီလုပ်ခ ၃၁ဝဝ ဝမ် x ၁့ ၅ x ၂နာရီ = ၉၂ဝဝ ဝမ် ဖြစ်ပါသည်။

၂၂၊ ညဆိုင်းလုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။

မေး။ ညဆိုင်းအလုပ်လုပ်ပြီးသောအခါ လုပ်ခငွေကို မည်ကဲ့သို့ တွက်မည်နည်း။

ဖြေ။ ညဆိုင်းအလုပ်လုပ်သည်ဆိုလျှင် လုပ်ခငွေ၏ ၅ဝ%ကို ပို၍ပေးရမည်ဖြစ်သည်။ ထိုနေရာတွင် သတိပြုရမည့်အချက်မှာ ဥပဒေအရ ညဆိုင်းအလုပ်သည် မွန်းလွဲ ၁ဝနာရီ (ည ၁ဝနာရီ) မှ နံနက် ၆နာရီအထိဖြစ်သည်။ ထို့ကြောင့် နေဝင်မိုးချုပ် သွားပြီဖြစ်သောကြောင့် ညဆိုင်းလုပ်ခအဖြစ် တောင်းဆို၍ မရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ဥပမာဆိုရလျှင်

(က)အလုပ်လုပ်သော ကုမ္ပဏီသည် ၃ဆိုင်းခွဲ၍ အလုပ်လုပ်ပါသည်။ ထိုအထဲမှ ညဆိုင်းသည် ည ၁ဝနာရီမှ နောက်တနေ့ နံနက် ၆နာရီ ၃ဝ မိနစ်အထိဖြစ်သည်။ ကြားထဲတွင် ၁၂နာရီမှ ၁၂နာရီ ၃ဝမိနစ်အထိ အနားယူချိန်ဖြစ်သည်။
(က)၏ စံပြုလုပ်ခမှာ ၁နာရီလျှင် ၃၁ဝဝ ဝမ်ဖြစ်သည်။
(က)၏ ၁ရက်အလုပ် လုပ်ချိန်မှာ အနားယူချိန် မိနစ် ၃ဝကိုဖယ်လိုက်လျှင် ၈နာရီ ဖြစ်သည်။ သို့သော် ထို ၈နာရီအလုပ်ချိန်အားလုံးမှာ ညဆိုင်းအလုပ်ဖြစ်သည်။
ထိုအခါမျိုးတွင် (က)သည် ၈နာရီအတွက်လုပ်အားခ အပြင်၊ ညဆိုင်းအလုပ်လုပ်ခ ကိုထပ်မံ ရရှိရမည်ဖြစ်သည်။ ထို့ကြောင့် (က)၏ ညဆိုင်းလုပ်ခသည်
၁နာရီ ၃၁ဝဝ ဝမ် xဝ့ ၅ x၈နာရီ =၁၂၄ဝဝ ဝမ် ဖြစ်သည်။

၂၃၊ အားလပ်ရက်အတွက် လုပ်ခကို မည်သို့ တွက်ချက်ရမည်နည်း။
မေး။ အားလပ်ရက်တွင် အလုပ်လုပ်ရသောအခါ ရရှိမည့်လုပ်အားခကို မည်သို့တွက် ရမည်နည်း။

ဖြေ။ နားယူရမည့် အားလပ်ရက်များတွင် အလုပ်လုပ်သည့်အခါ၊ မူလ အားလပ်ရက်များတွင် ရရှိမည့်လုပ်အားခအပြင်၊ အနားယူရက်တွင် လုပ်လုပ်ခြင်း ဖစ်သော ကြောင့် ရရှိမည်ဖြစ်သည့် ၁၅ဝ%၏ လုပ်အားခ၏ ကို ရရှိမည်ဖြစ်သည်။
ဥပမာ

(က)သည် အားလပ်ရက်တွင် အနားမယူပဲ၊ နံနက် ၈းဝဝနာရီမှ ၁၂းဝဝအထိ စက်ရုံတွင်အလုပ်လုပ်သည် ဆိုပါစို့၊၊
(က)၏ စံပြုလုပ်အားခမှာ တစ်နာရီလျှင် ၃၁ဝဝဝမ်ဖြစ်သည်။
ထိုအခါ(က)၏ အားလပ်ရက် အလုပ်လုပ်ခြင်းအတွက် လုပ်အားခမှာ
၎နာရီအလုပ်လုပ်ခ (၃၁ဝဝဝမ်x၄နာရီ =၁၂၄ဝဝ ဝမ်)+ ၄နာရီအားလပ်ရက်လုပ်ခ (၄နာရီx ၁၅၅ဝ ဝမ်= ၆၂ဝဝ ဝမ်)=၁၈၈ဝဝ ဝမ် ဖြစ်ပါသည်။

၂၄၊ ဆုကြေးငွေ( ဘောနက်စ်)မှာ ကိုရီးယားလူမျိုးများထက် နည်းပါးနေလျှင်။

မေး။ ကျနော့် သူငယ်ချင်းအလုပ်လုပ်နေသော ကုမ္ပဏီတွင် ဆုကြေးငွေ( ဘောနက်စ်) လုံးဝမရှိပါ။ သို့သော် ကျနော်အလုပ်လုပ်သော ကုမ္ပဏီတွင်မူ ဆုကြေးငွေ (ဘောနက်စ်)ကိုပေးသော်လည်း၊ ကိုရီးယားအလုပ်သမားများနှင့်၊ နိုင်ငံခြားသား အလုပ်သမားများရရှိသည်မှာ ခြားနားမှုရှိပါသည်။ ကုမ္ပဏီတွင် ထိုအကြောင်းနှင့် ပက်သက်၍ မေးမြန်းကြည့်သည့်အခါ၊“နိုင်ငံခြားသားအလုပ်သမားကို ဒီလောက်ပဲ ပေးမယ်၊ အလုပ်စ ဝင်စဉ် စာချုပ်ချုပ်ကတည်းက ပြောထားတာပဲ၊ ဘာထပ်ရှုပ်တာ လဲ” စသဖြင့် ပြောဆိုပါသည်။ စာချုပ်ကို ထိုကဲ့သို့ ချုပ်ခဲ့သောကြောင့် ကိုရီးယား အလုပ်သမားများကဲ့သို့ ပေးပါဟု တောင်းဆိုနိုင်ပါသလား။

ဖြေ။ ဆုကြေးငွေသည် အလုပ်စာချုပ်အတိုင်း ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဆုကြေးငွေမပေးသောကြောင့် ဥပဒေနှင့်မညီဟု ပြော၍မရပေ။ သို့သော် ကိုရီးယား အလုပ်သမားအား ပေးပြီး၊ နိုင်ငံခြားသားအလုပ်သမားအား မပေးခြင်း သည် “ ခွဲခြားမှုဖြစ်သောကြောင့်၊ မှားယွင်းမှုဖြစ်သည်ဟုဆိုနိုင်သည်။ ထို့ပြင် ဆုကြေးအား လုပ်ခ၏ ဘယ်နှစ်ရာခိုင်နှုန်းစသည်ဖြင့်တွက်ချက်ပြီး ပေးလေ့ရှိရာ၊ ကိုရီးယားအလုပ်သမား များအား ၃ဝဝ%ပေးပြီး၊ နိုင်ငံခြားသားအလုပ်သမားများကိုမူ ၅ဝ%သာပေးပါက၊ ခွဲခြားဆက်ဆံမှု ဖြစ်၍ မှားယွင်းသည်ဟု ဆိုနိုင်သည်။ သို့သော် ညီတူညီမျှ ၂ဝဝ%စီပေးသော်လည်း၊ ကိုရီးယားအလုပ်သမား၏ မူလ လစာမှာ ပို၍များသော ကြေင့် ဆုကြေးငွေကို ပိုများ၍ ရရှိခြင်းမှာမူ ခွဲခြားဆက်ဆံမှုဟူ၍ မပြောနိုင်ပေ။

၂၅၊ ကုမ္ပဏီ၏ အလုပ်ပိတ်ရက်တွင် လုပ်ခ မပေးဘူးဟုဆိုလျှင်။

မေး။ ကုမ္ပဏီ၏ အခြေအနေတစ်ရပ်ကြောင့် ၁ဝရက်ခန့် အလုပ်ပိတ်ခဲ့ပါသည်။ သို့သော် လစာပေးသည့်အခါ ထို ၁ဝရက်အတွက် လုပ်ခငွေမပေးနိုင်ဟု ဆိုပါသည်။ ထို အခြင်းအရာသည် မှန်ကန်မှုရှိပါသလား။

ဖြေ။ မှန်ကန်မှုမရှိပါ။ အလုပ်ရှင်၏ အခြေအနေကြောင့် အလုပ်နားသည့်အခါ ၊အလုပ်ရှင်သည် အလုပ်သမားအား ပျမ်းမျှလုပ်အားခ၏ ၇ဝ%ထက်ကျော်သော လုပ်အားခကို ပေးဆောင်ရမည် ဖြစ်သည်။
သို့သော် အဆင်မပြေနိုင်သည့် အကြောင်းအရာများကြောင့် အလုပ်ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်သောကြောင့်၊ အလုပ်သမားကော်မတီသို့ သွားရောက်၍ အယူခံယူသည့်အခါတွင် ၇ဝ%ထက်နည်းသော လုပ်ခကို ပေးသည်များလည်း ရှိသည်။
ဒီနေရာတွင် အလုပ်ရှင်၏ အခြေအနေဆိုသည်မှာ စီးပွားပျက်ခြင်း၊ အရင်းအနှီး နည်းပါးခြင်း၊ အလုပ်နည်းပါးခြင်း၊ စက်ပျက်ခြင်း၊ စက်ပြုပြင်ခြင်း၊ ရေပြတ်တောက် ခြင်း၊ စသည်တို့ကို ဆိုလိုသည်။


No comments: