Sunday, November 30, 2008

ခြောင်းကြည့်သူရဲ့ အမှား (၁၀)

ရေးသားသူ — ကိုကြီးပေါ်

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို ကိုကြီးပေါ် ခြောင်းကြည့်နေတာ ကြည့်ရင်း ကြည့်ရင်း အပေါက်က ကျယ်ကျယ် လာသလိုပါပဲ။ ဘာလို့လဲဆိုတော့ ပြည်တော်ကြီးထဲက အဖြစ်အပျက်တွေက ဟောခနဲ ဒိုင်းခနဲ ထွက်ထွက်လာတာ ရင်ဝကို လာလာဆောင့်လို့ မနည်းကြီးကို အောင့်ခံနေရပါရို့လား။

တံခွန်စိုက်ပွဲ

ဒီ နိုဝင်ဘာလ တလလုံးမှာ နေ့စဉ်နေ့စဉ် ကြားနေ မှတ်နေရတာက ထောင်ဒဏ် ဆိုတဲ့ နှစ်အရေအတွက်တွေ ပါပဲ။ အနည်းဆုံးက လေးလ။ အများဆုံးက ၆၈ နှစ်။ နအဖရဲ့ တရားရုံးလို့ အမည်တပ်ထားတဲ့ နေရာတွေက လေလံတင်တဲ့ ပွဲစားတွေနဲ့ တထေရာတည်းပါပဲ။ ပုဒ်မ တခုတည်းကိုပဲ ဒီတရုံးက နှစ်နှစ် ဆိုရင် နောက်တရုံးက လေးနှစ်။ ဒီဘက်ရုံးက ဆယ့်ငါးနှစ် ဆိုရင် ဟိုဘက်ရုံးက ဆယ့်ငါးနှစ်လီ လုပ်ပစ်လိုက်တာ။ သူ့ထက်ငါ အပြိုင်အဆိုင် ထောင်ဒဏ် ကြေညာနေကြပုံများ လေလံဈေးခေါ်နေကြတဲ့ အတိုင်းပါပဲ။

ကြားရတဲ့ သတင်းတွေအရ အမှုစွဲတဲ့သူတွေက အဖွဲ့လိုက် ရှိတယ် ဆိုပဲ။ နအဖရဲ့ အမှုစွဲအဖွဲ့, သက်သေအဖွဲ့ အဲသလိုတဲ့။ ဒီအဖွဲ့တွေက ဘယ်သူ့ကိုမဆို အမှုစွဲလိုက်ပြီ ဆိုတာနဲ့ အမှုက ထင်ရှားပြီးသား၊ အပြစ်တော် ရှိကြပြီးသား, ထောင်ဒဏ်ချခံရန် အသင့် ဖြစ်နေ ဆိုပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တနှစ်လုံးမှာ မင်းကိုနိုင်တို့ တတွေကို မြို့နယ်တရားရုံးတွေ တရုံးပြီးတရုံး လှည့်လို့ ယမန် ရယူနေခဲ့ကြတယ် ဆိုပါတယ်။ အဲသည်တုန်းကတော့ အမှုတွေက မထင်ရှားသေးဘူး ဆိုပါတော့။ ဘယ်အမှု နံပတ် တပ်ရမှန်းမသိလို့ လှည့်နေသူတွေက ဟော နောက်ဆုံးကျတော့လည်း ဒီအမှုတွေနဲ့ပဲ သက်သေထင်ရှားတယ် ဆိုပြီး လုပ်ချလိုက် ပြန်တာပါပဲ။ သက်သေ လိုက်သူတွေကလည်း အင်မတန် တော်ပါပေတယ်။ အားလုံးကို သိနေကြတာ နတ်မျက်စိ တန်ခိုးရှင်တွေ အလားပါပဲ။

နအဖ တရားသူကြီး ဆိုသူတွေကတော့ ကမ္ဘာပေါ်မှာ အတော်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်မယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘယ်အမှုကိုမဆို ဘာမှ မစစ်ဆေးရဘဲနဲ့ သူတို့က အကုန် ဆုံးဖြတ်ချက် ချပေးနိုင်ကြလို့ပါပဲ။ သက်သေ ထွက်ဆိုချက်တွေ မလိုဘူး။ ရှေ့နေ လျှောက်လဲချက်တွေ မလိုဘူး။ အမှုကို သုံးသပ် စစ်ဆေးစရာ မလိုဘူး။ အမှုတွဲနံပတ် ကြည့်လိုက်တာနဲ့ကို ထောင်ဒဏ် ဘယ်လောက် ချရမယ် ဆိုတာ တန်းခနဲ သိနေကြတော့တာ။

ပြီးတော့ ဒီ တရားသူကြီး ဆိုသူတွေက သူတို့ရဲ့ အလွန်တော်တတ် ထက်မြက်တဲ့ ဦးနှောဏ်တွေကို ဒီလို အသေးအဖွဲ အမှုတွေ အတွက် အချိန်ပေးလိုဟန် မရှိဘူး။ သူတို့ ဦးနှောက်တွေအတွက် အစားထိုးပေးမယ့် `စာအိတ်´ကိုပဲ ဖောက်ဖတ် ပေးလိုက်ကြတာပါပဲ။ စာအိတ် ရောက်မလာသေးရင် ဘာမှ မလုပ်ဘူး။ ဒါ ဦးနှောက်ကို အနားပေးထားတာ။ စာအိတ်ရောက်လာတော့ စာကို ဖောက်ဖတ်လိုက်တယ်။ ဦးနှောက်က ဘာမှ အလုပ်လုပ်စရာ မလိုတော့ဘူး။ ဒီလိုနည်းနဲ့ သူတို့ ဦးနှောဏ်တွေကို ထိန်းသိမ်းထားတာပါ။ နောင်အခါ ပြတိုက်မှာ ပြသင့်တဲ့ အဖိုးတန် ရတနာတွေပါ။

ကိုကြီးပေါ်တို့လို သာမန် နလဗိန်းတုံးတွေ အဖို့တော့ အမြင်သစ်တွေ ရလာပါတယ်။ ဘာလဲဆိုတော့ မြန်မာပြည် အတွက် အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေ, အမှန်တရားမှာ မားမားရပ်သူတွေဟာ ဘယ်သူတွေ ဆိုတာ အလွယ်တကူ ရွေးထုတ်လို့ ရသွားလို့ပါပဲ။ ရွေးတဲ့ နည်းက ရိုးရိုးလေးပါ။ ထောင်ဒဏ် များများရရင် အနစ်နာ များများ အခံဆုံးလူ ဖြစ်ပြီး၊ သူဟာ နအဖကို အခြိမ်းခြောက်နိုင်ဆုံးလူလို့ ရွေးချယ်လိုက်တာပါပဲ။ ဒီနည်းနဲ့ ဆင့်ကဲဆင့်ကဲ ရွေးချယ်သွားလို့ ရပါတယ်။ ကိုကြီးပေါ် အတော် အ, တာပဲလို့ ပြောချင်လည်း ပြောကြပါတော့။ ခြောင်းကြည့်လို့ မြင်သလောက်ကို ပြောရတာဆိုတော့ ဒီလောက်ပဲ ရှိပေမပေါ့။

နောက်ဆုံးရ သတင်းတွေအရ လူ့အခွင့်အရေး တိုးတက်ဖို့ ဆောင်ရွက်တဲ့ ဦးမြင့်အေးနဲ့ အဖွဲ့ဝင် နှစ်ဦးက ထောင်ဒဏ် တသက်တကျွန်းနဲ့ စံချိန်သစ် တင်လိုက်ပါတယ်။ တနေ့က အထိ စံချိန်ရှင်က အရှင် ဂမ္ဘီရပါ။ ၆၈ နှစ် နဲ့ ခြောက်လပါ။ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားများက ၆၅ နှစ်စီနဲ့ ပူးတွဲ ဒုတိယ ရပါတယ်။ လူရွှင်တော် ဇာဂနာက ပထမ ၄၅ နှစ်၊ နောက်တော့ ၅၉ နှစ်နဲ့ တတိယနေရာ ချိတ်ပါတယ်။ အချို့က ဇာဂနာ တံခွန်စိုက် ဖြစ်မယ်လို့တောင် မှန်းထားတာတဲ့။ နောက်နားက ကပ်လိုက်လာသူတွေက သံဃာ့တပ်ပေါင်းစုက ရဟန်းတော်တွေနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂက မျိုးဆက်သစ် ခေါင်းဆောင်တွေပါ။ ပြီးတော့ အိုင်တီမျိုးဆက်လို့ ဆိုရမယ့် ဘလော့ဂါသမားတွေ, ကွန်ပျူတာသမားတွေ။ အနှစ် ၃၈ နှစ်ကနေ ၂၄, ၂၂, ၂၀, ၁၈, ၁၆, ၁၃ စသဖြင့်ပါ။ သူတို့ နောက်မှာက နိုင်ငံရေးပါတီ မျိုးဆက်လူငယ်တွေ၊ ကျောင်းသားလူငယ်တွေ, အနုပညာသမားတွေ, စာနယ်ဇင်းသမားတွေ, လူ့အခွင့်အရေးလှုပ်ရှားသူတွေ, ရှေ့နေတွေ။ ပျမ်းမျှအားဖြင့် ၆ နှစ်ကနေ ၁၂ အတွင်း အများစုပါ။

ဒီအခြေအနေကို ကြည့်ရင် နအဖ အကြောက်ဆုံးလူဟာ သံဃာ နဲ့ ကျောင်းသား ဆိုတာ တွေ့နိုင်ပါတယ်။ သံဃာထုကို လှုပ်နိုင်သူနဲ့ ကျောင်းသားထုကို လှုပ်နိုင်သူတွေကို အပြင်းထန်ဆုံး ဖိနှိပ်ထားတာ တွေ့နိုင်ပါတယ်။ နောက်တမျိုး ကြောက်အားပိုတာက အိုင်တီသမားတွေပါ။ သဲကြီးမဲကြီး အညှိုးခံရတာ ကတော့ လူငယ်တွေပါပဲ။ အခု ထောင်ဒဏ်ခံရသူတွေကို ကြည့်ရင် လူကြီးတွေထက် လူငယ်တွေက ပိုပြီး နှစ်ပိုများတာ တွေ့ရပါတယ်။ ဥပမာ ရန်ကုန်တိုင်းက အဖွဲ့ချုပ်လူငယ်တွေက မန္တလေးတိုင်းက အဖွဲ့ချုပ်ဝင် လူကြီးတွေထက် ထောင်ဒဏ် ပိုများပါတယ်။

ဗြိတိသျှတွေ မြန်မာပြည်ကို ကိုလိုနီလုပ်တော့ နိုင်ငံသားတွေ နိုင်ငံရေး ထကြွမလာဖို့ နှိမ်နင်းထားပါတယ်။ ဒီကြားထဲကနေ တဆင့်ပြီးတဆင့် လှုပ်လာတော့ ဘယ်သူတွေဟာ ငါ့ရန်သူ အစစ်ဖြစ်သလဲ ဆိုပြီး ရန်သူတော် စာရင်းကို လျှို့ဝှက်လုပ်ထားပါတယ်။ ဒီစာရင်းမှာ ရန်သူတော် နံပတ်တစ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း တဲ့။ နှစ်က သခင်အောင်ဆန်း တဲ့။ အင်္ဂလိပ်ရဲ့ ရန်သူတော် တစ် နဲ့ နှစ် ဟာ မြန်မာတွေရဲ့ အကြည်ညို အလေးစား ခံရဆုံး ပုဂ္ဂိုလ် နှစ်ဦး ဖြစ်နေတာ အံ့သြစရာတော့ ဟုတ်မယ် မထင်ပါ။ ဒီသဘော အတိုင်းပါပဲ နအဖရဲ့ ထောင်နှစ်တွေကို ပြောင်းပြန်လှန် ကြည့်လိုက်ရင် မြန်မာပြည်သူလူထုရဲ့ ကြည်ညိုမှု လေးစားမှု ယုံကြည်မှု အခံရဆုံး ပုဂ္ဂိုလ်များကို အစဉ်လိုက် တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ ၂၀၀၈ ခုနှစ်ရဲ့ တံခွန်စိုက် စာရင်းပေါ့လေ။ နောင်နှစ်တွေမှာ ဘယ်သူတွေ ရမယ် စောင့်ကြည့်ရပါဦးမယ်။ ၀ါသနာပါရင် ကိုယ့်ကြည်ညိုမှု အမှတ်ပေး ဇယားနဲ့ နအဖ ကြောက်ရွံ့မှု အမှတ်ပေးဇယားကို ယှဉ်ကြည့်လို့ ရပါသေးတယ်။ အခြေအနေကောင်းရင် ဘောလုံးပွဲလို ဒိုင်ကိုင်မယ့်သူတောင် ပေါ်လာနိုင်သေး။

အဲ ကိုကြီးပေါ် သိပ်မရှင်းတာက `တသက်တကျွန်း´ ဆိုတာနဲ့ ၅၉, ၆၅, ၆၈ ဆိုတာတွေက ဘယ်လို ကွာသလဲ ဆိုတာပါ။ ဘယ်ဟာက မြင့်တာလဲ မသိ။ အရင်တုန်းကတော့ တသက်တကျွန်းကို အနှစ်နှစ်ဆယ်သို့ ပြောင်းလဲ သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။ သဘောက တသက်တကျွန်းဆိုတာ အမြင့်ဆုံး။ နှစ်အပိုင်းအခြားကို မပြော။ အသက် ရှင်နေသလောက် ထား။ ဒါကိုပဲ နှစ်အပိုင်းအခြားနဲ့ ပြောရင် အမြင့်ဆုံး အနှစ်နှစ်ဆယ်။ ဒီလို နားလည်မိပါတယ်။ အခု နှစ်ငါးဆယ် ခြောက်ဆယ်ကျော်တွေ၊ အရင်တုန်းက ရှမ်းခေါင်းဆောင်တွေကို ချခဲ့တဲ့ နှစ်တရာကျော် ကိုးဆယ်ကျော်တွေ ဆိုတာ ဘယ်လိုဟာတွေလဲလို့ ကိုကြီးပေါ်တော့ နားမလည်ပါ။ ဒီလူတွေက နှစ် ခြောက်ဆယ်လောက် အသက်ရှင်နေမယ်လို့ သိထားလို့လား။ နအဖက သေမင်းနဲ့များ ကန်ထရိုက် စာချုပ်ထားလို့လား။ အကယ်၍ သေသွားခဲ့ရင်တောင် နှစ်စေ့အောင် ဆက်ချုပ်ထားဦးမှာလား။ ဒါဆိုရင် ခုဘ၀တင် မက နောင်ဘ၀ကိုပါ နအဖက ထောင်ချတယ် ဆိုတဲ့ သဘောပေါ့။ ဒီလိုဆိုရင် နအဖက အလွန် တန်ခိုးကြီးတာပေါ့။ ဒီလို နောင်ဘ၀ကိုပါ ပိုင်စိုးတဲ့ သဘောနဲ့ ဗိုလ်သန်းရွှေက သူသေပြီးရင် သူ့ရဲ့ နောက်ဘ၀က ဆက်အာဏာပိုင်ဖို့များ အမိန့်တော် ချဦးမှာလေလား။

နအဖကတော့ ကြိတ်ပြီး ပျော်ချင်ပျော်နေမှာပါ။ တွေ့လား… အားလုံးကို မလှုပ်နိုင်အောင် ချိုးပစ်လိုက်ပြီ။ မင်းတို့ ဘာတတ်နိုင်သေးလဲ။ နောက် ဘယ်ကောင် လုပ်ရဲသလဲ။ လာခဲ့။ မြင်တယ် မဟုတ်လား။ ဒီအတိုင်း ခံချင်ရင် လုပ်လိုက်စမ်း။ လျှာမရှည်နဲ့, လက်မဆော့နဲ့။ ငြိမ်ငြိမ်နေ။ ဟား ဟား…။ ဒီလို ဖြစ်ကောင်း ဖြစ်နေမှာပါ။ သို့ပေမဲ့ ဒီလို လုပ်ဆောင်မှုတွေကြောင့် နအဖလည်း တံခွန်စိုက် သရဖူကြီး ရသွားတာ သူမေ့သွားတယ် ထင်ပါရဲ့။ လူ့လောကမှာ အမိုက်မဲဆုံး, အညစ်ပတ်ဆုံး လူ့တိရစ္ဆာန် ဆိုတဲ့ ဘွဲ့ကြီးကို နအဖ ရသွားပါပြီ။ ပြိုင်ဖက်တွေထက် ကိုးဆယ်ဆသာလို့ ပြတ်ပြတ်သားသားကို ရသွားတာပါ။

နအဖ ကြီးစိုးနေတဲ့ ရွှေပြည်တော်ကြီးမှာ ဥပဒေ ဆိုတာ မရှိပါ။ တရားသူကြီး မရှိပါ။ ရှေ့နေ မရှိပါ။ ရှေ့နေလိုက်ရင် ရှေ့နေကို ထောင်အရင်ချပါတယ်။ ရာဇသတ်ကြီးတွေ ရာဇသတ်လေးတွေ မရှိတော့ပါ။ ပုဒ်မ ပုဒ်ထီးတွေ မရှိတော့ပါ။ အယူခံ ဆိုတာ မရှိပါ။

ဒီတော့ ကိုကြီးပေါ် စဉ်းစားမိပါတယ်။ ရွှေပြည်တော်ကြီးဆိုတာ ဥပဒေ လုံးဝ မရှိတဲ့ တိုင်းပြည် ဖြစ်သွားပြီ။ ဘာဥပဒေမှ မရှိတော့ဘူး။ နှစ်ပေါင်း ရာနဲ့ချီ တည်တံ့ ခဲ့တဲ့ ရာဇသတ်ကြီး ဥပဒေ, တရားရုံးဥပဒေ ဆိုတာ တွေတောင် မရှိတော့ဘူး။ ဘာဆို ဘာမှ မရှိတော့ဘူး။

ဒါဆိုရင် အခြေခံ ဥပဒေ ဆိုတာကြီးကကော ရှိနိုင်ပါဦးမလား။

နအဖဟာ လုပ်ချင်ရာတွေကို အရူးချေးပန်း လျှောက်လုပ်နေတာမို့ သူပြောတဲ့ အခြေခံဥပဒေ ဆိုတာလည်း အရူးချေးပန်း ကကွက်တခုသာပဲ ဖြစ်ပါတော့တယ်။ ဘာဥပဒေမှ မရှိတဲ့ တိုင်းပြည်က အရူးတွေ အရူးထထားတဲ့ ဒီအခြေခံဥပဒေ ဆိုတာကြီးကို ဘယ်သူကမှ လှည့်တောင် မကြည့်ဘူးဆိုရင် …။

ဟုတ်ကဲ့၊ ကိုကြီးပေါ်ကတော့ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ဗိုလ်ချုပ်မင်းများရဲ့ နအဖကို အရူးချေးပန်း တံခွန်စိုက်လေးတော့ သနားသဖြင့် ပေးလိုက်ကြဖို့ သဘောတူပေးကြပါ ခင်ဗျာ။ ။

No comments: