Monday, December 1, 2008

၄၀ကျော်အတွေးများ(၃)၊အတွေ့အကြုံနဲ့အတွေးအကြံ

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
၄၀ကျော်အတွေးများဟာ ဘမောင်ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ တွေးမိတာတွေကို ဟန်းဂုရွာမှာ ရင်ဖွင့်တာပါ၊ ဘမောင်တို့လို မသိမှုဆိုတဲ့ မောဟနဲ့မကင်းသေးတဲ့ လူသာမန်တွေအဖို့ မှားယွင်းမှုဆိုတာလည်း ရှိနေဦးမှာပါ၊ သူများတွေ မှားနေရင်လည်း အမှန်ရောက်အောင်ပြင်ပေးဖို့ ၀န်မလေးပါဘူး၊ ဘမောင် မှားနေတာ တွေ့ရင်လည်း ပြင်ပေးကြပါ၊ ဆုံးမပေးကြပါ၊ အဲ့ဒီလို ပြုပြင်ပေးတဲ့သူကို ဆရာလို့ ရင်ထဲက အသိအမှတ် ပြုထားပါတယ်၊ ဘမောင်တို့ မိဝေးဖဝေး ပဲ့ပြင်ဆုံးမပေးမဲ့ ဆရာသမားတွေနဲ့ ဝေးနေရတဲ့အတွက် သွန်သင်ဆုံးမမှုကို ငတ်မွတ်မိပါတယ်၊ ဘမောင်ရဲ့ အတွေးအမြင်တွေကို လက်မခံနိုင်တဲ့သူတွေ ရှိနိုင်သလို လက်ခံနိုင်တဲ့သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်၊ လက်ခံနိုင်ရင်တော့ သိမ်းပိုက်လိုက်ပါ၊ လက်မခံနိုင်ရင်လည်း မေ့ပစ်လိုက်စေချင်ပါတယ်။

အတွေ့အကြုံ ဆိုတာကတော့ အသက်အရွယ်၊ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင် အမျိုးအစားတွေပေါ် မှုတည်မှာပါ။ အတွေ့အကြုံတွေ ဘယ်လောက်များများ အတွေးအကြံနဲ့ မပေါင်းစပ်ဘူးဆိုရင် အဲ့ဒီ အတွေ့အကြုံတွေဟာ အတွေ့အကြုံ ရှိခဲ့ဖူးပါတယ်ဆိုတဲ့ အဆင့်မှာပဲ ရပ်နေပါလိမ့်မယ်။ အတွေးအကြံကောင်းတွေနဲ့ ပေါင်းစပ်နိုင်ရင်တော့ မိမိအတွက်ရော လောကကြီးအတွက်ပါ ကောင်းကျိုးတွေ ပေးနိုင်ပါလိမ့်မယ်။
ဘမောင် အဓိကထား တွေးမိတာက `ဘ၀´ အကြောင်းပါ၊ ဒါကလည်း တိုက်ဆိုက်လာလို့ အလေးအနက်ထား စဉ်းစားမိတာပါ၊ ၂၀၀၅ ခုနှစ်က ထုတ်တဲ့ ကျန်းမာရေးစစ်တမ်းတခုမှာ မြန်မာလူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်းက အမျိုးသားက အနှစ်(၅၀)၊ အမျိုးသမီးက (၅၅)နှစ်ပဲ ရှိတော့တယ်၊ ဘမောင် အတော်ကလေး တုန်လှုပ်သွားမိတယ်။ ဘမောင် သက်တမ်းကုန်နေပြီ၊ ကံမကုန်သေးလို့ ဆက်နေရမဲ့ သက်တမ်းတိုလေးအတွင်း `ငါ့´အတွက်ဘာလုပ်မလဲ၊ `အများ´ အတွက်ဘာလုပ်မလဲ၊ မေးခွန်းတွေ အများကြီး ပေါ်လာပါတယ်။ ဒီမေးခွန်းတွေဖြေနိုင်ဖို့ ဘ၀ရဲ့တန်ဖိုး၊ ဘ၀ရဲ့အနှစ်သာရ တွေကို မှန်မှန်ကန်ကန်သိဖို့ လိုလာပြီ။
ဒီတော့ ဖြတ်သန်းလာတဲ့ ဘ၀တလျောက် တွေ့ကြုံခဲ့ရတာတွေအပေါ် မူတည်ပြီး စဉ်းစားဖြစ်ပါတယ်။ တွေးတောကြံစည်မှုတွေက သက္ကဗေဒဆိုတဲ့ ပညာရပ်နဲ့ အကြုံးဝင်လိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တွေးလို့ ကြံလို့ ရလာတဲ့ အယူအဆက ဒဿနပေါ့။ လူအများစုဟာ ကိုယ်လက်ခံထားတဲ့ အယူအဆတွေအတိုင်း ကိုယ့်ဘ၀ကို ပုံဖေါ်ကြတာများပါတယ်။ ဒါကြောင့် အတွေးအကြံက ဘ၀ကို အဓိက ပြဋ္ဌာန်း ပါတယ်။
ဘမောင်ရဲ့ဘ၀တလျောက်လုံး ဘ၀ကောင်းစားရေးအတွက် စီးပွားဥစ္စာတိုးတက်ဖို့ ကြီးပွားချမ်းသာဖို့ပဲ တွေးခဲ့တာများပါတယ်။ စီးပွားဥစ္စာနဲ့ပြည့်စုံရင် စားချင်တာစားနိုင်မယ်၊ ၀တ်ချင်တာဝတ်နိုင်မယ်၊ လိုချင်တာရနိုင်တယ်၊ စည်းဇိမ်ခံစားနိုင်တယ် ဒါဆိုရင်ဘ၀ဟာပြည့်စုံပြီ လောကနိမ္ဗာန်ပဲလို့ယူဆခဲ့ပါတယ်။ ယူဆခဲ့တဲ့အတိုင်း ကြိုးစားလိုက်တာ နေ့မအားညမနား ထမင်းမေ့ဟင်းမေ့ ဇနီးမေ့သားမေ့ပါပဲ၊ ပင်ပန်းလိုက်တာ ဒုက္ခကို ဒုက္ခလို့ မထင်နိုင်အောင် လောဘက ဦးဆောင်နေခဲ့တယ်။ ကံ ဥာဏ် ၀ီရိယ စုံသွားလို့ အောင်မြင်လာတော့ “ငါ” ဆိုတဲ့ မာန်ကလည်း သိသိသာသာဝင်လာတယ်။
ဒီအချိန်တုန်းကတော့ စီးပွားဥစ္စာဆိုတာမမြဲဘူး ရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ်ဆက်ဆံနေရတယ် ဘ၀ရဲ့ အနှစ်သာရမဟုတ်ဘူး အကာပဲ၊ စီးပွားဥစ္စာရဲ့တန်ဖိုးရှိတဲ့အနှစ်သာရဟာ ဒါနကောင်းမှုဆိုတာလဲ မသိခဲ့တာအမှန်ပါ။
အရွယ်ကလည်းကောင်း၊ လုပ်သမျှလည်းဖြစ် စိတ်ကလည်းချမ်းသာ ကိုယ်ကလည်းကျန်းမာနေတော့ ငါကျန်းမာတယ်ဆိုတဲ့ မာန်ကလည်းအားကောင်းနေခဲ့ပါတယ်။ ကျန်းမာခြင်း အသက်ရှည်ခြင်းဆိုတာ အနာရောဂါနဲ့ ဆက်စပ်နေတယ်ဆိုတာကိုလည်း မတွေးနိုင်ခဲ့ပါဘူး။ ကျန်းမာခြင်းအသက်ရှည်ခြင်းရဲ့ အနှစ်သာရဟာ ကိုယ်ကျင့်တရားဆိုတာကိုလဲ သတိမရနိုင်သေးဘူး။
စီးပွားရေးသမားဆိုတော့ မြိုးမြိုးမျက်မျက်ရမဲ့အလုပ်တွေ ရှာရတာပေါ့ ရေလုပ်ငန်းတွေခေတ်ကောင်းတော့လဲ ၀င်လုပ်လိုက်တာပဲ တဲ့တဲ့ပြောရင်တော့တံငါသည်ပေါ့ဗျာ ဘမောင် ပရောဂကြောင့်ငါးတွေအများကြီးသေခဲ့ရထယ် ပါဏာတိပါတာ ထိုက်မထိုက်တော့ မတွေးဝံ့လို့ မတွေးတော့ဘူး။
ငယ်ငယ်ကတော့ ကျုပ်သူများပစ္စည်း ဘယ်တော့မှမခိုးဘူး သူများဥစ္စာ ဘယ်တော့မှ အလကားမယူဘူးလို့ မာန်ပါပါကြုံးဝါးခဲ့ဘူးပါတယ်၊ အော်… ကလေးဘ၀တုန်းကတော့ အဖြူထည်လေးကိုး၊ စီးပွားရေးလောကထဲ ရောက်တော့ သူများဈေးကွက်ကို ကိုယ့်ဈေးကွက်ဖြစ်အောင် လုခဲ့တာလဲအကြိမ်ကြိမ်ပါ၊ ကွက်ကျော် ရိုက်ခဲ့ရာတာလည်းမနဲဘူး၊ မှတ်မိသေးတယ် သစ်ကွက်တွေလုပ်တော့ ကိုယ်ရတဲ့အကွက်ထဲ သစ်လုံးတလုံးမှမရှိဘူး ဒီလိုတော့ဘယ်ရမလဲ နီးစပ်ရာကြိုးဝိုင်းထဲက ကောင်းပေ့ဆိုတဲ့ သစ်လုံးတွေခုတ်ပြီး ကိုယ့်အကွက်ထဲ ဆွဲထည့်ထားလိုက်တာ ဘိုးဘိုးအောင်တန်ခိုးနဲ့ နှစ်ဆတိုးသွားတယ် အဲ့ဒါ ခိုးတာဆိုရင်တော့ ပိုင်ရှင်က (သန်းငါးဆယ်) တောင်ရှိတယ်ဗျာ။ မျက်စိမှိတ်ပြီး ပါးစပ်ပိတ်ပေးထားကြတဲ့ သူတို့တတွေအကြောင်းတော့ သူခိုးသေဖော်ညှိတယ် ထင်မှာစိုးလို့ မတွေးတော့ပါဘူး။
စီးပွားရေးသမားဆိုတော့ အပေါင်းအသင်းကပေါတယ်လေ မိတ်ဖြစ်ဆွေဖြစ်ကစလိုက်တာ သူရာမေရကံ ကိုလည်း နေ့စဉ်နီးပါးကျူးလွန်ဖြစ်နေတယ်၊ သူများအိတ်ထဲရှိတဲ့ပိုက်ဆံ ကိုယ့်အိတ်ထဲရောက်အောင် လုပ်ရတာဆိုတော့ မုသားမပါလင်္ကာမချောဆိုသလို မုသာဝါဒလဲမလွတ်ခဲ့ပါဘူး၊ ဂျပိုးကိုလိပ်ဖြစ်အောင် ပြောခဲ့ရတယ်။ ချန်ထားခဲ့လို့မရတာလည်းရှိသေးတယ် အရွယ်ကလည်းကောင်း စီးတော်ယဉ်လေးကလည်းရှိတော့ အပျော်မယ်ကလေးတွေနဲ့ကလည်းမလွတ်ခဲ့ဘူး၊ သာမန်အချိန်မှာ အိုက်တင်ကြီးတခွဲသားနဲ့ နေနိုင်ပေမဲ့ ယမကာတန်ခိုးပြပြီဆိုရင် ဘမောင်လဲ ဘာသားနဲ့ထုထားတာမို့လို့လဲ သာယာမှုနောက် ကောက်ကောက်ပါတာပဲ။ အိမ်ကဘုရင်မက မသင်္ကာလို့ စစ်လားဆေးလားလုပ်တိုင်း အလိမ်အညာပလီပလာတွေနဲ့ လျောက်လဲချက်တွေလဲ ပေးခဲ့ရဘူးပါတယ်။
ပြန်တွေးမိမှ သီလငါးပါး တပါးမှမလွတ်အောင် ချိုးဖောက်ခဲ့မှန်းသိရတယ်။
စီးပွားဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ဝိုင်းနေတဲ့အတွက် လောကနိမ္ဗာန်အစစ်မဟုတ်ဘူး။ စီးပွားဥစ္စာထဲက ထုတ်၍ထုတ်၍ လှူတန်းခြင်းဆိုတဲ့ ဒါနအမှုကိုပြုမှသာ ဘ၀ရဲ့တန်ဖိုးရှိတဲ့အနှစ်ကိုရမယ်။
အသက်ဘယ်လောက်ပဲရှည်ရှည် ဘယ်လောက်ပဲကျန်းမာနေနေ ကိုယ်ကျင့်တရားမရှိရင် မကောင်းကျိုးငါးမျိုးနဲ့ အသက်ရှည်ရတာဖြစ်လို့ ဘ၀ရဲ့အနှစ်မဟုတ်ဘူး၊ အသက်ရှည်ခြင်း ကျန်းမာခြင်းက ပဓာနမဟုတ်ဘူး၊ မကောင်းကျိုးငါးမျိုးကို ဖယ်ပြီးတော့ အသက်ရှည်ရတဲ့ သီလနဲ့ပြည့်စုံခြင်းကသာ ဘ၀ရဲ့တန်ဖိုးရှိတဲ့အနှစ်ဖြစ်တယ်။
အသက်ရှည်ခြင်း ကျန်းမာခြင်းကနေ နောက်ထပ်ထုတ်ယူရမဲ့ ဘ၀ရဲ့တန်ဖိုးရှိတဲ့အနှစ်က ၀ီရိယဖြစ်တယ်။ ၀ီရိယဆိုတာ ရဲရင့်သူတို့ရဲ့စိတ်ဓာတ်၊ ရဲရင့်သူတို့ရဲ့သဘောထားပါ၊ (သတ်ရဲတာ ဖြတ်ရဲတာ မကောင်းမှုနဲ့ စီးပွားရှာရဲတာ ဒုစရိုက်တရားပါ၊ ရဲရင့်တာမဟုတ်ပါဘူး) ဘယ်လိုရဲရင့်ရမှာဆိုရင် စားရေး ၀တ်ရေး နေရေးအတွက် သမဇီဝိတနဲ့သာ အသက်မွေးဝမ်းကျောင်းပြုမယ်၊ ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်အလုပ်တွေကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓာတ်သည်သာ ရဲရင့်ခြင်းဖြစ်တယ် ကိုယ်ကျင့်နဲ့ရဲရင့်ခြင်းကို ပေါင်းပေးနိုင်မှ တန်ဖိုးရှိတဲ့ဘ၀ရဲ့ထိပ်တန်းကိုရောက်နိုင်မယ်။
ဒါတင်ပဲလားဆိုတော့ စူးစိုက်သောစိတ် (သမာဟိတစိတ်) တည်ငြိမ်သောစိတ် (သမာဓိ)လဲ ရှိဖို့လိုသေးတယ်။ ဒါန သီလ တွေကို အခြေခံပြီး ကျိုးစားပေမဲ့ တခုခုကို တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစူးစိုက်ပြီးမလုပ်ပဲ ဟိုစပ်စပ် ဒီစပ်စပ် ဆိုရင်လည်း(လောကီ) ဘ၀တိုးတက်ရေးပဲဖြစ်ဖြစ် (လောကုတ္တရာ) ဘ၀လွတ်မြောက်ရေးပဲဖြစ်ဖြစ် ထိပ်တန်း မရောက်နိုင်ဘူး။ ဒါကြောင့် သမာဓိဟာ ဘ၀ရဲ့တန်ဖိုးရှိတဲ့အနှစ်ဖြစ်တယ်။
ဒီအပြင် စူးစမ်းစဉ်ချင်တဲ့ဥာဏ် ဆိုတာလည်းလိုသေးတယ်။ လောကီဘ၀ ကောင်းစားရေးအတွက်ကတော့ လောကဓာတ်ပညာတွေဖြစ်တဲ့ ၀ိဇ္ဇာဥာဏ် သိပ္ပံဥာဏ်တွေလိုတယ်၊ ဒါပေမဲ့ ဒီဥာဏ်တွေကတော့မမြဲဘူး၊ တဘ၀စာ အကာတွေပဲ။ ခန္ဓာထဲကထုတ်ယူရမဲ့ဘ၀ရဲ့တန်ဖိုးရှိတဲ့အနှစ်က နာမ်နဲ့ရုပ်ကို ခွဲခြားသိနိုင်တဲ့ဥာဏ် ဖြစ်တယ် ဆိုတာကို မသိခဲ့တာအမှန်ပါ။ ဘ၀လွတ်မြောက်ရေးအတွက်လိုအပ်တဲ့ ၀ိပဿနာဥာဏ်နဲ့ ဆိုင်ရာတွေကတော့ ဘမောင် ဥာဏ်မမီသေးလို့ ဆက်မတွေးနိုင်သေးဘူး။
ဒါကြောင့်လည်း ဘ၀ကို မှားယွင်းတဲ့ အတွေးအကြံ အယူအဆတွေနဲ့ ဖြတ်သန်းလာလိုက်တာ ဘ၀ရဲ့တန်ဖိုး ဘ၀ရဲ့အနှစ်သာရတွေကို သိတဲ့အချိန်မှာ ဘ၀က လက်ချည်းကျန်တော့တယ်။ အသိက နောက်ကျခဲ့ပေမဲ့ ကျန်နေသေးတဲ့ ဘ၀ရဲ့ အစိတ်အပိုင်းကိုတော့ အကာနဲ့အနှစ် လဲလိုက်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ လူတယောက်အဖို့ ရသင့်သလောက်တော့ ရဦးမှာပါ ရမှာပါ။ ။

No comments: