Thursday, January 22, 2009

ရင်ဖွင့်ခြင်း

ရေးသားသူ — S Win Swe

ရင်ဖွင့်ခြင်း

ဘယ်မှာလဲ အမှန်တရား
အနှစ် ၂၀ ကြာခဲ့ပြီပေါ့
နိုင်ငံ့အာဏာ ဓါးပြတိုက်လို့
ခေါင်းဆောင်တွေကို
ဖမ်းဆီးသတ်ဖြတ်
ပြည်တွင်းစစ်ကို မီးမွှေးနေတာ-----

ဘယ်မှာလဲ အနာဂါတ်
လမ်းပျောက်နေတာ ကြာလှပြီပေါ့
ပညာရေး စီးပွားရေး လူမှုရေး
ဘာအရေးမှ အားရစရာမရှိ-----

ဘယ်မှာလဲ လူ့အခွင့်အရေး
အတင်းအဓမ္မ လုပ်အားပေးတွေနဲ့
သားပျို သမီးပျိုတွေဖျက်ဆီး
သေနတ်တကိုင်ကိုင်နဲ့
ပြည်သူတွေကို အမြဲလိမ်ညာနေတာ-------

ဘယ်မှာလဲ ပြည်သူ့အာဏာ
သူတို့ အာဏာတည်မြဲရေး
စစ်သုံးစရိတ် အကြွေးငင်နေတာ
ပြည်သူတွေ နပ်မမှန်တဲ့ကြား
ပိုင်ဆိုင်မှုတွေ များပြားနေတာ
သူတို့တတွေပဲ မဟုတ်လား-------

တို့အဖေ (ဗိုလ်ချုပ်အောင်ဆန်း) နဲ့
ခေါင်းဆောင်ကြီးတွေ မျက်နှာမှမထောက်
အရှက်မဲ့ မျက်နှာပြောင်တိုက်လို့
လေးသိန်းကျော် စစ်သားကို ခုတုံးလုပ်
သြဇာယစ်မူး တဏှာရူးတွေကလည်း
သူတို့တတွေပါဘဲ---------

တို့ပြည်တို့ရွာမှာ
အဲဒီလို မတရားမှုတွေနဲ့
နိုင်ငံအနှံ့အပြားမှာလည်း
မြန်မာပြည်သား ဒုက္ခသည်အင်အား
များသထက် များနေချိန်ပေါ့------

အမှားနဲ့ အမှန်ဆိုတာ
နံရံတချပ်သာ ခြားတာမို့
အမှားဆိုတာ မင်းတို့သိရင်
အမှန်တရား တခုအတွက်
မင်းတို့ မကြောက်ကြစမ်းပါနဲ့

တကယ်ဆို မင်းတို့ ငါတို့ဟာ
တမြေထဲနေ တရေတည်းသောက်
တအူတုံ့ဆင်း ညီအကိုရင်းမို့
အေးအတူ ပူအမျှ
ကိုယ့်ပြည်သူတွေ ဘ၀ရှေ့ရေး
အလှည့်လေးတော့ ပေးကြပါဦး--------

တို့ပြည်သူတွေ ရင်ထဲမှာလည်း
ဒီမိုကရေစီ အနှစ်သာရပြည့်ဝတဲ့
ငြိမ်းချမ်းရေး အလင်းရောင်
တို့နိုင်ငံမှာ ထွန်းလင်းသာမဲ့နေ့
မျှော်တလင့်လင့်နဲ့----------

No comments: