Monday, February 9, 2009

အီးပီအက်စ်စနစ်အောက် ညီအကိုတို့ ရင်ဖွင့်သံတွေကို ထုတ်ဖော်ကြစို့

အီးပီအက်စ်စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသောညီအကိုအပေါင်းတို့
ယနေ့ ကိုရီးယားမှာ ကြုံတွေ့နေကြရတဲ့ စီးပွားရေးပျက်ကပ်ကြောင့် အီးပီအက်စ်စနစ်ဖြင့် အလုပ်လုပ် ကိုင်နေကြသောညီအကိုများအနေဖြင့် လက်ရှိအလုပ်ကိုလက်လွှတ်လိုက်ရခြင်းကြောင့် အလုပ်အကိုင်မရှိ ဖြစ်နေကြခြင်း၊ ဥပဒေအရသတ်မှတ်ထားသည့်၂လအတွင်း အလုပ်နေရာ အသဲအသန်ရှာဖွေနေကြရခြင်း၊ ၂လကျော်သည့်တိုင် အလုပ်မရသဖြင့် အိုဗာစတေးဖြစ်နေကြခြင်း စသည့် အခြေအနေမျိုးစုံနှင့် ရင်ဆိုင်၍ နေနေကြရပါသည်။
ကိုရီးယားကိုလာဘို့ ဘယ်လောက်အပင်ပန်းခံ၊ ငွေကုန်ခံပြီး ဒုက္ခမျိုးစုံ၊အခက်အခဲမျိုးစုံကြားကနေ ကျော်ဖြတ်သန်းပြီးလာရခြင်းဆိုတာ ကျနော်တို့မြန်မာနိုင်ငံသားတွေသာမက အခြားနိုင်ငံခြားသားတွေလည်း အတူတူပါပဲ။
အခု အီးပီအက်စ်စနစ်အရ ၂လအတွင်း အလုပ်ရှာဖွေနိုင်ဘို့ မလွယ်ကူတဲ့ အဖြစ်မျိုး ကြုံတွေ့နေ ကြရတဲ့ ပြဿနာ ကလည်း ကိုရီးယားမှာရောက်ရှိနေတဲ့ အီးပီအက်စ်စနစ်အောက် နိုင်ငံခြားသား အလုပ်သမားအားလုံးရဲ့ ဘုံပြဿနာ အထူးသဖြင့် လက်ရှိကြုံတွေ့ နေကြရသော အကြီးမားဆုံးပြဿနာတခုလည်းဖြစ်နေပါတယ်။
အလုပ်သမားဝန်ကြီးရုံးတိုင်းက အလုပ်နေရာချထားပေးရေးဌာနမှာ အလုပ်နေရာရဘို့ သွားရောက်စောင့်ဆိုင်း နေသူ တွေကလည်း မနည်းသလို ၂လပြည့်ဘို့ တရက်အလိုလောက်မှာ အလုပ်ရသွားကြတဲ့ သည်းထိတ်ရင်ဖို ဘွယ် အကြောင်းအရာတွေကလည်း ပြည့်နှက်လို့ နေနေပါတယ်။
ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ?

ကျနော်တို့တတွေ လက်ရှိအခြေအနေနဲ့ လုံးဝ လုံးဝ မကိုက်ညီတဲ့ (အစကတည်းက ဘယ်လိုမှ အဆင်ပြေစရာ အကြောင်းမရှိတဲ့)အီးပီအက်စ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပြီး လက်ရှိအနေအထားနဲ့ အသင့်တော် ဆုံး အခြေအနေတခုကို ချမှတ်ပေးနိုင်ဘို့ တောင်းဆိုကြရမှာဖြစ်ပါတယ်။
နိုင်ငံခြားသားအလုပ်သမားအားလုံးရဲ့ ပြဿနာဖြစ်နေတာကြောင့် အားလုံးဝိုင်းဝန်းပြီး ဒီပြဿနာကို ကိုရီးယား လူမှုအသိုင်းအ၀ိုင်းကို တင်ပြကြမယ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးအနေအထားတခုကို ဆွေးနွေးကြ၊ အဖြေထုတ်ကြရမှာ ဖြစ်ပါတယ်။
ကိုရီးယားမှာရှိတဲ့အဖွဲ့အစည်းတွေဆိုတာက ညီအကိုတွေရဲ့ အခက်အခဲတွေကို ၀ိုင်းဝန်းပြီးကူညီဖြေရှင်းပေးဘို့ ဖွဲ့စည်းထားကြတာဖြစ်တာကြောင့် ညီအကိုတို့တွေရဲ့ အဖွဲ့လို့ သဘောထားသင့်ပြီး အားနာစရာမလိုပဲ မိမိတို့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဘို့ တိုင်ပင်ဘို့ လိုအပ်နေပါတယ်။
ဒီတော့ ညီအကိုတို့တတွေ ဒီပြဿနာကို ဖြေရှင်းနိုင်ဘို့အတွက် ပထမဦးဆုံးကြိုးပမ်းမှုလို့ ဆိုရမယ့် လှုပ်ရှားမှု တခုကို အောက်ပါအတိုင်းစီစဉ်ထားတာကြောင့် အားလုံး အားလုံး ၀ိုင်းဝန်းပူးပေါင်းကြပါစို့လို့ တိုက်တွန်းအပ် ပါတယ်။

ကိုရီးယားမှာရှိတဲ့ အလုပ်သမားစင်တာပေါင်း၄၀ဌာနကနေပြီး စုပေါင်းတည်ထောင်ထားတဲ့
외국인이주•노동운동협의회(Joint Committee with Migrants in Korea)
TEL: 02)312-1686 ,FAX: 02)312-1688,www.jcmk.org ဆိုတဲ့ အဖွဲ့ကြီးကနေပြီး
လာမည့် ဖေဖော်ဝါရီလ ၁၀ရက် အင်္ဂါနေ့ မှာ
(၁) လွန်ခဲ့တဲ့ ၂နှစ်က ယောဆူးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းမီးလောင်လို့ အသက်ဆုံးရှုံးခဲ့ကြရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအတွက် သတိတရ လွမ်းဆွတ်ဖွယ်အထိမ်းအမှတ်အခမ်းအနား။
(၂)လက်ရှိ စီးပွားရေးပျက်ကပ်ကြောင့် ဒုက္ခမျိုးစုံရောက်နေကြရသော နိုင်ငံခြားသားအလုပ်သမားအားလုံးရဲ့ အခြေအ နေတွေကို ရှင်းလင်းတင်ပြတဲ့ သတင်းစာရှင်းလင်းပွဲ။
-ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အချိန်နဲ့ နေရာကို အမြန်ဆုံး ပြန်လည် အသိပေးပါ့မယ်။

အရေးကြီးတဲ့အချက်ကတော့ လက်ရှိဒုက္ခကြုံတွေ့နေကြတဲ့ ကျနော်တို့ ညီအကိုတွေကိုယ်တိုင် အဲဒီနေရာကို သွားရောက်ပူးပေါင်းကြခြင်းနဲ့ကိုယ်တိုင် ကိုယ့်အခက်အခဲကို ရှေ့ထွက် ပြောဆိုခြင်းဖြင့် တက်ရောက်လာကြတဲ့ အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်များ နဲ့ သတင်းစာဆရာများကို အသိပေးပြီးဖြစ်သလို ဒီသတင်းဟာ အစိုးရပိုင်းအထိလည်း လှုပ်ခတ်ပေးမှာဖြစ်တာကြောင့် ညီအကိုတို့တတွေ ပြင်ဆင်ထားကြ၊ သွားရောက်ပူး ပေါင်းကြ ဘို့ အလေးအနက်တိုက်တွန်းအပ်ပါတယ်။
အထူးသဖြင့် ကိုရီးယားရောက်တာမှ မကြာသေးဘူး အလုပ်ထုတ်ခံရ၊ အလုပ်လက်မဲ့ဖြစ်ရပြီး အလုပ်ရှာချိန် ၂လအတွင်း အလုပ်မရှာနိုင်ခဲ့လို့ ရက်ပြည့်မလိုဖြစ်နေတဲ့ ညီအကိုတွေ ရှေ့ထွက်ပြီး မိမိအတွက်ကော အများကို ကိုယ်စားပြု အကျိုးဆောင်မယ့် မိမိတို့ ရင်ဖွင့်သံကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်လိုက်ကြပါလို့ အကြံပေးချင်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး သိလိုတာကို
ဘားမားအက်ရှင် အလုပ်သမားရေးရာမှူး ကိုအောင်တင်ထွန်း(၀၁၀ ၅၄၇၂ ၂၈၂၆)ကို ဆက်သွယ်ကြပါ။
ရှေ့ထွက်ပြီး ရင်ဖွင့်စကားပြောမယ့်ညီအကိုတွေလည် သူ့ကို ကြိုတင်အကြောင်းကြားပေးကြပါ။
သူက အဲဒီနေ့မှာ ရှိနေမှာဖြစ်ပါတယ်။
ပြီးတော့ဒီသတင်းကို မိမိနီးစပ်ရာ ညီအကိုတွေဆီ ဆက်သွယ်ပေးကြ၊ဖြန့်ဖြူး ပေးကြပါ။
ညီအကိုတို့ အားတင်းထားကြပါ။
ပြိုင်တူ တွန်းရင် ရွေ့ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

စိုးမိုးသူ
(၀၁၀ ၇၁၅၅ ၆၅၈၁)

2 comments:

သူကြီး said...

တို့မြန်မာတွေထဲက ရင်ဖွင့်တာတွေကို ဟန်းဂုရွာမှာလည်း ဖော်ပြပေးနိုင်အောင် ရွာသားတို့ နည်းနည်း ကြိုးစားကြည့်ပါဦးလား။

Unknown said...

I like your web.I'ld like to write comment. But I can't use myanmar font.Pls help me how to write comment with myanmar font.