(တစ်)
မိတ်ဆွေ တစ်ဦးရဲ့ပေးစာပါ ။ အရင်ကြည့်ကြရအောင် ။
ကိုဝိုင်းခင်ဗျား--
ဟန်းဂုရွာ မှာ ကိုဝိုင်း ရေးထားတာနဲ့ ခပ်ဆင်ဆင်တူတဲ့ ကိစ္စတစ်ခုအကြောင်း သတင်းပေးလိုပါတယ် ။ တေဂူးဘက်က အသိတစ်ယောက်ကို သူဌေးကညစ်ပတ်ပြီး အလုပ်ထုတ်ပစ်လိုက်ပါတယ် ။ အဲဒီ ကောင်လေးက ဒီလ ၂၃-ရက်နေ့ မှာ လုပ်သက်တနှစ်ပြည့်မှာပါ ၊ စက်ရုံပြောင်းဖို့ သူဌေး ကိုကြိုပြောထား ပါတယ် ။
ဖြစ်ပုံက သူ့ ပတ်စပို့ ကသက်တမ်းကုန်လို့ ပြီးခဲ့တဲ့စနေနေ့ က သက်တမ်းလာတိုးပါတယ် ။ ကျွန်တော့ဆီ ဖုန်းဆက်လို့ သူဌေး ကခွင့်ပြုလို့ လာကြောင်းပြောပါတယ် ။ ခွင့်ကို စာနဲ့ ရေးတင်တာလား လို့ မေးတော့ စကားနဲ့ ပဲပြောတောင်းတယ်လို့ ပြောပါတယ် ။ သူဌေးက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုလိုက်ပါတယ်တဲ့ ။
သံရုံးက တနင်္လာနေ့ မှဖွင့်လို့ စာအုပ်သက်တမ်းတိုးပြီး တနင်္လာနေ့ ညနေမှစက်ရုံကို ပြန်ရောက်တော့ အလုပ် ၃ ရက် ပျက်တယ်ဆိုပြီး အလုပ်ကထုတ်ပစ်လိုက်ပါတယ် ။ အခု ပူဖြောင်းက ဘုန်းကြီးကျောင်းမှာ တည်းနေပါတယ် ။
ကျွန်တော်တို့ ဗမာလူမျိုးများအနေနဲ့ စာအုပ် သက်တမ်းတိုးဖို့ သွားတဲ့အခါ တရားဝင် ခွင့် ကို ဘယ်လို တင်မှရတယ် ။
သူဌေး ကတစ်လ ကြိုမပြောပဲ အလုပ်မှထုတ်ရင် လုပ်ခလစာ တစ်လစာ ကို ဘယ် ဥပဒေ ပုဒ်မ နဲ့ တိုင် တောင်း ရတယ်ဆိုတာတွေကို ဟန်းဂုရွာ မှတဆင့် အသိပညာ မျှဝေပါရန် မေတ္တာ ရပ်ခံအပ် ပါတယ် ။
ခင်မင်လေးစားလျက် -
ကံထွေး
(နှစ်)
ကိုကံထွေးခင်ဗျာ ။
အမှန်တော့ ဒီကိစ္စဟာ လုပ်သက်ဆုကြေး (퇴직금) မပေးချင်လို့ ခခွေးသူဌေးက တမင် ယုတ်ပတ်တဲ့ ကိစ္စလို့ ယူဆပါတယ် ။ အလုပ်သမားတစ်ဦးကို မတရားအလုပ်မထုတ်ဖို့ ကိုရီးယား လုပ်အားစံ သတ်မှတ်ချက် ဥပဒေ (Labor Standard Law) မှာ ပြဋ္ဌာန်းပေးထားတာရှိပါတယ် ။ ပုဒ်မ (၃၀) ပါ ။ နောင်လိုအပ်ရင် ဒီစာသားလေးကို ကိုရီးယားသူဌေးကို ပြလိုက်ရင် ကိစ္စပြီးသွားနိုင်မယ်လို့ ထင်ပါတယ် ။ အလုပ်မထုတ်တဲ့ ဂါထာတော်လို့ မှတ်ပြီး ဆောင်ထားကြရအောင် ။ နှုတ်ငုံဆောင်နိုင်သူများလည်း ဆောင်ကြဖို့ပေါ့ ။ ဒီလိုတဲ့ဗျ-
근로기준법 제30조: 정당한 이유없이는 노동자를 해고시키거나 기타징벌을 하지못하게 되어있고 이를 어겼을때에는 5 년이하의 징역 또는 3,000 만원 이하의 벌금에 처하게 되어 있습니다.
/ တရားမျှတသောအကြောင်းပြချက်မရှိဘဲ ၊ အလုပ်သမားအား အလုပ်ထုတ်ခြင်းဖြစ်စေ ၊ အခြားပစ်ဒဏ်ကို ပေးခြင်းတို့ကို မပြုလုပ်ရပါ ။ ၄င်းအချက်ကို ဖောက်ဖျက်ကျူးလွန်လျင် ၅ နှစ်အောက် ထောင်ဒဏ် သို့မဟုတ် ဝမ် သိန်း ၃၀၀ အောက် ဒဏ်ငွေတို့ကို တပ်ရိုက်ခံရလိမ့်မည် ဖြစ်သည် ။ /
စာက အဲသလိုဆိုထားပါတယ် ။ သူဌေးက အလုပ်ထုတ်ပြီးမှ ပြောခြင်းထက် ၊ အလုပ်ထုတ်ခြင်း မခံရမှီ အဲဒီစာတမ်းလေး ၊ ခခွေး သူဌေးမြင်သာ သိသာအောင် တစ်နည်းနည်းဖြင့် စီမံထားနိုင်ရင် ၊ အော် ဒီမြန်မာကောင်ကလေး ဒါတွေသိနေပါလား ။ ငါသူ့ကို အလုပ်ထုတ်မိရင်တော့ ၊ ငါအကျိုးနည်းရချည်ရဲ့ ဆိုတဲ့ အသိလေး ကြိုပေးထားလိုက်မယ်ဆိုရင် ကျနော်တို့ မြန်မာအလုပ်သမားများ မတရား အလုပ်ထုတ်ခံရခြင်းမှ သက်သာဖွယ်ရာရှိကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ ။
(သုံး)
ကြိုမပြောဘဲ အလုပ်ထုတ်ရင် တစ်လစာပေးရမယ်ဆိုတာကတော့ ပုဒ်မ (၃၂)ပါ ခင်ဗျ ။ ( ခွင့်ကိစ္စ ကိုတော့ နောက်သီးသန့် ရေးပါ့မယ်။) ကျနော်တို့ မြန်မာအလုပ်သမားတွေ ပုဒ်ထီး ပုဒ်မ အမှတ်တွေ သိထားတာထက် ၊ သဘောတရားလေး သိထားရင် လုံလောက်ပြီလို့ ထင်ပါတယ် ။
တကယ်တန်း အလုပ်ဖြစ်အောင် လက်တွေ့လုပ်ပေးရမယ့် သူတွေက ကိုရီးယားတွေ ဖြစ်နေလို့ပါ ။ သူတို့တွေကို ကျနော်တို့မြန်မာတွေက ပုဒ်ထီးပုဒ်မတွေ သွားပြောနေရင် နွားရှေ့ ထွန်ကျူး ဆိုတာမျိုး သဘောရသွားမလားလို့ပါ ။ ကိုရီးယားအများစုက သူတို့ကပဲ မြန်မာအလုပ်သမားတွေထက် ပိုသိ ပိုတတ်လို့ ထင်နေကြတာမဟုတ်လား ။ လူလည်လိုလို လူတတ်လိုလိုဆိုရင် ဘယ်သူမှ မကူညီချင်ကြဘူး ။ ဒါထုံးစံပဲ ။
ပြဿနာတစ်ခုခုဖြစ်ရင် နီးစပ်ရာ အတိုင်ပင်ခံဌာနကို ဆက်သွယ်ပြီး လုပ်ရင် အကောင်းဆုံးပဲလို့ မှတ်ထားရင် လုံလောက်ပြီလို့ ထင်ပါသဗျာ ။
ဘာပဲဖြစ်ဖြစ်ဗျာ ၊ ပြဿနာတစ်ခုခု အခက်အခဲတစ်ခုခု ရှိလျင်ဖြင့် မြန်မာအသင်း(ကိုရီးယား) သို့မဟုတ် မြန်မာအသင်း အဖွဲ့တစ်ခုခုနှင့် ဦးစွာ ဆက်သွယ်ပြီး ပူးပေါင်းလုပ်နိုင်လျင် ကောင်းမယ်လို့ ယူဆပါတယ် ။ ကိုရီးယားနိုင်ငံရှိ မြန်မာအသင်းအဖွဲ့များအားလုံးက အဲတာတွေ ကိုယ်တိုင် မဆောင်ရွက်ပေးနိုင်တောင်မှ ဘယ်လိုလုပ်လို့ရတယ်ဆိုတာ သိနေကြပြီလို့ ကျနော်ထင်ပါတယ် ။
မြန်မာအလုပ်သမားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျား ။
လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)
Friday, July 30, 2010
မတရားအလုပ်ထုတ်ခံရရင် ဘယ်လိုလုပ်ရမလဲ
Labels:
ဟန်းဂုရွာစာတိုက်,
ဥပဒေနှင့်စည်းကမ်း,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment