Monday, July 26, 2010

မြန်မာအလုပ်သမားအသစ်တွေ ကိုရီးယားကို ဘယ်တော့ရောက်လာမလဲ

မေးခွန်းတွေ
ခုတလော ၊ အမေးအမြန်းတွေ တော်တော်လေးစိပ်လာတယ်ဗျ ။
- ကျနော်တို့ စက်ရုံကို သီရိလင်္ကာတွေရောက်လာပြီ ၊ မြန်မာတွေရော ဘယ်တော့ရောက်မလဲ ။
- ကျနော်တို့ မြန်မာတွေ စာမေးပွဲ (EPS_KLT Exam) ဘယ်တော့ဖြေရမလဲ ။
- ဒီနှစ် မြန်မာကို မခေါ်တော့ဘူးလား ။ ဆိုတာတွေပါ ။

ဘယ်သူတွေ ဘယ်လိုသိထားကြသလဲ ကျနော်မပြောတတ်ပါ ။ မသိကြောင်း ၊ ဝန်ကြီးတွေက ကျနော့်ကို ဘာမှမပြောသေးကြောင်း ခပ်သောသောလေး ဟာသနှောပြီး ပြန်ပြောဖြစ်ခဲ့ပါတယ် ။
ဖြေကြည့်ပါမယ်
အဲသည်အမေးတွေအတွက် ကျနော်သိထားတဲ့ သတင်းအချက်အလက်တွေရယ် ၊ ရမ်းချက်မှန်းချက်တွေရယ် ရောသမမွှေပြီး ကျနော်ကြိုးစား ဖြေကြည့်ပါမယ် ။
ဒီနှစ် ၂၀၁၀ အတွက် ကိုရီးယားအစိုးရက နိုင်ငံခြားသားအလုပ်သမား ဘယ်နှယောက် ခေါ်မယ်ဆိုတဲ့ သတင်းကိုတော့ သိကြပြီးပါပြီ ။
အခုမသိဘဲဖြစ်နေကြတာက ၊ မြန်မာအလုပ်သမားဘယ်နှယောက်ခေါ်မှာလဲ ၊ ဘယ်တော့ရောက်လာကြမလဲ ။ မြန်မာပြည်မှာ စောင့်နေကြတဲ့ ကျနော်တို့ရဲ့ ညီ ၊ အစ်ကိုများ ၊ တူသားများ ၊ မိတ်ဆွေများ ကိုရီးယားကို ဘယ်တော့ ရောက်လာကြမလဲ ဆိုတဲ့ ကိစ္စပါ ။
စာချုပ်သက်တမ်းကုန်နေပါတယ်
ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားများစေလွှတ်ရေးကိစ္စအတွက် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရ ချုပ်ထားတဲ့ သဘောတူစာချုပ် (Memorandum of Understanding:MOU) ရဲ့ သက်တမ်းဟာ ၂ နှစ်ဖြစ်ပါတယ် ။ အဲဒီပထမ စာချုပ်ဟာ ၂နှစ်ပြည့်ခဲ့ပြီးပါပြီ။ ဒီတော့ နောက်ထပ် အလုပ်သမားအသစ်တွေ ထပ်ပို့ဖို့ စာချုပ် အသစ်ထပ်ချုပ်ရပါ့မယ် ။ အဲဒါ အခုစာချုပ် မချုပ်နိုင်ကြသေးဘူးလို့ သိရပါတယ် ။
ကိုရီးယားသံရုံး(ရန်ကုန်)နှင့် နီးစပ်မှုရှိတဲ့ ကျနော့်မိတ်ဆွေတစ်ဦး ပေးလာတဲ့ စာကို ဖတ်ကြည့်ရအောင် -
***
ကူညီပါရစေ
မင်္ဂလာပါ ဦးဝိုင်းရှင်
ကျွန်မကတော့ ******** ကုမ္ပဏီမှ *******ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ 5 လပိုင်း 3 ရက်နေ့က ပို့ထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ဘာတွေများ ထူးခြားမှု ရှိသလဲဆိုတာကို သိချင်ပါတယ်။ အခုထက်ထိ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဦးဝိုင်းဆီမှ တစ်စုံတစ်ရာ ပြန်ကြားချက် မရရှိသဖြင့် ဦး ******* က ထပ် ပို့ပါဟု ပြော၍ ထပ်ပို့ လိုက်ခြင်း ဖြစ်ပါတယ်။
-고용허가재 ( E P S) စာချုပ်ပြန်ချုပ်ဖို့ အတွက် ယခု နှစ်နိုင်ငံ တွေရဲ့ Labour ကြားမှာ ဖြစ်နေတဲ့ ပြဿနာ အားလုံးပြီးစီးမှသာ ဆက်လက် လုပ်ဆောင်ရန်ရှိတယ်လို့ သိထားတယ်။
အဲ့ဒီအတွက် ကိုရီးယား အလုပ်သမား ၀န်ကြီးဌာနမှ ရွှေအင်အား ကုမ္မဏီကို တရားစွဲထားခဲ့ပြီး ဒေါ်*******အား အမှုစစ်ရန် ကိုရီးယား နိုင်ငံသို့ ခေါ်ဆောင်သော်လည်း ဒေါ်********က ရောက်ရှိ လာခြင်း မရှိသည့်အတွက် အမှုမှာ ကြန့်ကြာနေခဲ့တယ်။ ထိုအမှု ပြီးစီးမှ 고용허가 재 ကို ခွင့်ပြုမည် ဟု ကိုရီးယား အစိုးရက ထုတ်ပြန်ပြောဆိုခဲ့တယ်။ ထိုအမှု လျင်မြန်စွာ ပြီးဆုံးနိုင်မည့် နည်းလမ်းကို ဦး*******က အကြံပြုပြောဆိုထားတာကတော့
- ကိုရီးယားရဲမှ ကိုရီးယား နိုင်ငံ interpol ကိုအကြောင်းကြားပြီး မြန်မာနိုင်ငံမှ ဒေါ်********ကို စစ်ဆေးလိုသော်လည်း မလာရောက်သည့်အတွက် မြန်မာနိုင်ငံ interpol မှ ကိုရီးယားနိုင်ငံ ရဲတပ်ဖွဲ့ အစား စစ်ဆေးပေးပါရန် ဆိုပြီး အကြောင်းကြား၍ ရပါသည်။ လိုအပ်သည့် အမှုတွဲနှင့် မေးမြန်းလိုသည့် မေးခွန်းများကို ကိုရီးယား interpol မှ မြန်မာ interpol သို့ ပေးပို့၍ စစ်ဆေးနိုင်ပါသည်။ မြန်မာ interpol မှ စစ်ဆေးချက်များကို ရယူ၍ ကိုရီးယားနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးပါသည်။ (ထိုသို့ အပြန်အလှန် လုပ်ဆောင်နိုင်ကြောင်း interpol ၏ ဥပဒေ လုပ်ထုံး လုပ်နည်းများ ရှိပါသည်။)

မြန်မာ interpol ထံသို့  အမှုတွဲ ရောက်လာပါက ဦး*********မှ အစွမ်းကုန် ကူညီနိုင်ပါသည်ဟု ပြောပါသည်။
ဦး********မှ ထိုသို့  အကြံပြုစာ ပေးပို့ရန် သမီးအား ပြောသဖြင့် ပေးပို့ခြင်း ဖြစ်ပါသည်။

ဦးဝိုင်း ကျန်းမာပျော်ရွှင်နိုင်ပါစေ။
လေးစားမှုဖြင့်
********
သူတို့တွေ တိုင်ထားကြတယ်
ဂလိုဆိုတော့ ၊ အဲသည်အမှုပြီးဖို့လိုတယ် ။ ဒါက မြန်မာပြည်မှ မိတ်ဆွေ တစ်ဦးရဲ့ အဆို ။ ကျနော်သိထားတာလေးရှိသေးတယ် ။ ကိုရီးယား အင်ဂျီအို ၃၄ ခုက ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ၊ ကိုရီးယားအစိုးရ (အလုပ်သမားဝန်ကြီးဌာန) ဆီ တောင်းဆိုထားတာတွေရှိတယ် ။ (ရည်ညွှန်းစာဒီမှာ စိတ်ပါဝင်စားရင် ကလစ်ကြည့်) ။ အကျဉ်းသဘောကတော့ -
- မြန်မာအစိုးရ ကိုယ်စားလှယ် ရွှေအင်းဝဆိုတာ ၊ အရင် သင်တန်းသားတွေကို ပို့လွတ်ခဲ့တဲ့ ရွှေအင်အားကို နာမည်ပြောင်းထားတာ ဖြစ်တယ် ။
- အခု အီးပီလုပ်သားတွေဆီက အကျိုးဆောင်ခတွေ ဖြတ်ယူနေတယ် ။ (1 ကြိမ်လျင် 198,000 won X 1 နှစ် 2 ကြိမ် X 3 နှစ် အတွက် 1,188,000 won)။
- အဖြတ်မခံသူတွေအတွက် သူတို့ရဲ့ အပြန်စရိတ်အာမခံငွေကို လက်မှတ်အတုတွေလုပ်ပြီး အာမခံကုမ္ပဏီဆီက လိမ်ထုတ်သွားတယ် ။
- MOU မှာ အဲဒါတွေ မဖြတ်ရဘူး ၊ လိုအပ်လျင် ကိုရီးယား အလုပ်သမားဝန်ကြီးဌာနဟာ မြန်မာအလုပ်သမားများကို စစ်ဆေးနိုင်တယ်လို့ ဆိုထားတယ် ။ ဒါကြောင့် တရားဝင်စုံစမ်းစစ်ဆေးပြီး ၊ စစ်ဆေးတွေ့ရှိချက်ကို လူသိရှင်ကြား ထုတ်ပြန်ပေးပါ ။
- လိမ်လည်မှုအတွက် ပြစ်မှုကြောင်းအရ အရေးယူပေးပါ ။ နစ်နာမှုအတွက် လျော်ကြေးငွေများပေးပါ ။
အဲသလို ရှိပါတယ် ။
နောက်ပြီး ၊ တက်ကြွသော မြန်မာအလုပ်သမားအချို့ အဲဒီကိစ္စနှင့် ပတ်သက်ပြီး တရားမမှု(Civil Case)နှင့် မတရားဖြတ်တောက်ငွေပြန်လည်ရလိုမှု ရော ၊ ပြစ်မှုကြောင်း (Criminal Case) အရ လိမ်လည်မှုအတွက် အရေးယူပေးရန်ပါ နည်းလမ်း ၂သွယ်ဖြင့် သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားတာလည်း ရှိတယ်လို့ ဆိုပါတယ် ။ ( ကျနော့်ခန့်မှန်းချက်အရတော့ အမှုတန်ဖိုး အများကြီးမရှိနိုင်ဘူး ၊ အများဆုံးရှိလှ တစ်ဦးလျင် ဝမ် ၁၁ သိန်းကျော် အယောက် ၁ ထောင်ဆိုလျင် ဝမ် သိန်းပေါင်း တစ်သောင်း သို့မဟုတ် သန်း တစ်ထောင် ကျော် လောက်ပဲ ရှိပါလိမ့်မယ် ။)
အမှုပြီးဖို့လိုတယ်
ဒီတော့ ကိုရီးယားအစိုးရနှင့် မြန်မာ အစိုးရ စာချုပ်ပြန်ချုပ်ဖို့ အမှုအမြန်ပြီးဖို့လိုပါမယ် ။ အမှုအမြန်ပြီးအောင် ၊ ဘယ်သူလုပ်မလဲ ။ သက်ဆိုင်ရာ တွေက ကြိုးစားပမ်းစားလုပ်ကြရပါလိမ့်မယ် ။ မြန်မာအစိုးရဖက်ကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အလုပ်များနေကြလိမ့်မယ်လို့ ကျနော်ထင်တယ် ။
အဲဒီမှာ ကျနော့်မိတ်ဆွေ တင်ပြသလို InterPol လုပ်ပေးလို့ရတဲ့ အမှုက ပြစ်မှုကြောင်းအရ စွဲထားတဲ့ အမှုအတွက်ပဲ လုပ်ပေးလို့ရပါလိမ့်မယ် ။ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရမယ့် အမှုအတွက် နှင့် မတရားဖြတ်တောက်ငွေများပြန်လည်ရလိုမှု (တရားမမှု) အမှုအတွက်ကတော့ InterPol နှင့် သက်ဆိုင်ခြင်းမရှိသမို့ ၊ ကာယကံရှင်ကိုယ်တိုင် အစစ်ဆေးခံပြီးမှသာ ပြီးစီးနိုင်လိမ့်မည် လို့ ယူဆပါတယ် ။
အဲသလို အစစ်ဆေးခံနိုင်ဖို့ ဆိုတာ ပုံပြင်ထဲကလို ကြောင်ကို ခြူဆွဲပေးမယ့် ကြွက်တစ်ကောင်တော့ ရှိမှဖြစ်မယ် ။
မနက်ဖြန် သို့မဟုတ်
နောက်ပြီး မြန်မာအလုပ်သမားများ ကိုရီးယားပို့ဆောင်ရေးကိစ္စဟာ ကိုယ်စားလှယ်တော်ကြီးများ ယခင်က ထင်မြင်ယူဆထားသလို ၊ သင်တန်းသားများ ပို့လာတုန်းကလို မြိုးမြိုးမြက်မြက်ဆိုသလို မက်လုံးများလည်း မရှိသလိုဖြစ်နေတာမို့ ၊ အင်း ၊ ကျနော့်အထင် လက်ရှိအမှုအခင်းများ မြန်ဆန်ဖို့ဆိုတာ အင်း ၊ ထင်ပါတယ် ဗျာ ။ နံရံမှာ ရေးထားတဲ့ မနက်ဖြန် လို ဖြစ်နေလိမ့်မယ်လို့ ။
အင်း ……….၊ အိန်း……… ၊ အဲ……… ။
မနက်ဖြန် သို့မဟုတ် ဘယ်သောခါ သီချင်းကိုတော့ နားထဲ သဲ့သဲ့ကြားမိပါရဲ့ဗျာ ။
သူတို့ လုပ်ပေးချင်ရင်ရပါသဗျ
တစ်ခုတော့ မျှော်လင့်စရာရှိပါတယ် ။ အရင် မွန်ဂိုလီယားအစိုးရနှင့်လည်း အလားတူ ပြဿနာရှိခဲ့ဖူးတယ်လို့ ဆိုတယ် ။ ဒါပေမယ့် ၂နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်အရ ၊ မွန်ဂိုလီးယားအစိုးရအဖွဲ့တာဝန်ရှိသူများ ကိုရီးယားသို့ ပေါက်ချလာပြီး ချစ်ကြည်ရေးတည်ဆောက်နိုင်ခဲ့ကြတယ်လို့ဆိုပါတယ် ။ မွန်ဂိုးလီးယား အလုပ်သမားဝန်ကြီးကို ဖြုတ်လိုက်ပြီး (ကမ္ဘာသုံးမြန်မာစကားအရဆိုလျင် ထိုးကျွေးကာ) ၊ အရင်အမှုတွေလည်းပျောက် ၊ ပြဿနာများလည်း အေးငြိမ်းလျက် ကိုရီးယားနိုင်ငံသို့ မွန်ဂိုအလုပ်သမားစေလွတ်ရေးကိစ္စ ဆက်လက် အသက်ရှင်လာခဲ့တယ်လို့ ဆိုပါတယ် ။

မျှော်လင့်ခြင်းကောင်းကင် ကြည်လင်ကြစေဗျာ။

လေးစားမှုဖြင့်-
ကိုဝိုင်း
၂၀၁၀ပြည့် ဇူလိုင် ၂၅ ။

No comments: