Monday, August 9, 2010

သမီးထံသို့ပေးစာများ(၄)

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ဒီအပတ်မှာ “သုစရိုက်တရား၁၀ပါးနဲ့ ဒုစရိုက်တရား၁၀ပါး” ကိုပြောပြမယ်လို့ ပြောခဲ့တယ်နော်။
သမီးပြန်ဖတ်တဲ့အခါ ရှာရလွယ်အောင် ခေါင်းစဉ်လေးတွေ ခွဲပြောမယ်နော်။

သုစရိုက်တရား ၁၀ ပါး
သုစရိုက်ခေါ် ကောင်းတဲ့ အမှုကိုပြုခြင်းက ကုသိုလ်ကံ(ပုည)ကို ဖြစ်စေတယ်။ ကုသိုလ်ကံက စိတ်ကိုသန့်ရှင်း စင်ကြယ်စေတယ်။ စိတ်ရဲ့သဘောက သူ့ကို အထိန်းအကွပ်မဲ့ ထားလို့ရှိရင် စိတ်ကို မကောင်းမှုဒုစရိုက်တွေက ဖုံးလွှမ်းလာတတ်တယ်။ ဒီလိုမကောင်းမှုဒုစရိုက်တွေကို ပြုကျင့်ခြင်းအားဖြင့် အခက်အခဲတွေ ပြဿနာတွေ အပြစ်တွေ ဖြစ်ပေါ်လာတတ်တယ်။ ကုသိုလ်ကံခေါ်တဲ့ ကောင်းမှုပြုခြင်းက စိတ်ကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒုစရိုက်တွေကို ကင်းစင်စေတယ်။ လောဘစိတ်က လူတစ်ယောက်ကို ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာတွေကို စုဆောင်းသိုလှောင်လာအောင် အားပေးတယ်။ ဒေါသကတော့ လူတစ်ယောက်ကို အလိုမကျ မုန်းတီး ခါးသီးလာတတ်အောင် အားပေးတယ်။ မောဟဆိုတဲ့ မသိနားမလည်မှု၊ မိုက်မဲမှုကတော့ လူကို လောဘ၊ ဒေါသမှာ ငြိတွယ်စေတယ်။ ဒီလို လောဘဖြစ်တာ၊ ဒေါသဖြစ်တာကိုပဲ ကောင်းတယ်လို့ ထင်မြင်လာအောင်လည်း လုပ်တတ်တယ်။ အကုသိုလ်ကံ၊ ဒုစရိုက်တွေကတော့ လူကို ပိုပြီး ဒုက္ခဆင်းရဲတွင်းနက်အောင် လုပ်တတ်တဲ့အပြင် တရားဓမ္မကိုလည်း မသိနားမလည်ဘဲ ဝေးကွာသွားအောင် လုပ်တယ်။

ဘ၀ခရီးလမ်း တစ်လျှောက်လုံးမှာ မိမိတို့အတွက် အထောက်အကူ ပေးနိုင်တာကတော့ ကောင်းမှုကုသိုလ်၊ သုစရိုက် တရားတွေပဲဖြစ်တယ်။ ကုသိုလ်ကောင်းမှုဆိုတာက မိမိအတွက်ရော၊ သူတစ်ပါး အတွက်ပါ ကောင်းကျိုးချမ်းသာကို ပေးနိုင်တယ်။ ဒါ့အပြင် စိတ်ဓာတ်ရေးရာမှာလည်း ဖွံ့ဖြိုးတိုးတက်အောာင် စွမ်းဆောင်နိုင်တယ်။ လူတစ်ယောက် ရှာဖွေသိမ်းဆည်းထားတဲ့ စည်းစိမ်ဥစ္စာ ရတနာတွေ အခိုးခံရနိုင်ပေမဲ့၊ မီးပေး၊ ရေဘေး၊ မင်းဘေးတွေကြောင့် အဖျက်အဆီးခံရတတ်ပေမဲ့ ကောင်းမှုကုသိုလ်ကံကိုတော့ ဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ ဘာဘေးမှလည်း မကျရောက်ရုံမက ဒီဘ၀ကသေပြီးတာတောင် နောက်ဘ၀တွေအထိ ဆက်ကာဆက်ကာ အကျိုးပေးတတ်သေးတယ်။ ကံအကျိုးပေးမှုက ကောင်းမှုတွေကို ဆက်ပြီး မလုပ်ဘဲ ထားရင်တော့ သူ့အကျိုးပေးတွေလည်း တဖြည်းဖြည်း ကုန်ခန်းသွားတတ်တဲ့ သဘောမျိုးရှိတယ်။ ကုသိုလ်ကံ သုစရိုက်တရားတွေကို ဆက်ပြီး ပွားများပြုလုပ်နေသူအဖို့တော့ ခုလက်ငင်းဘ၀မှာရော နောင်တမလွန် ဘ၀များတိုင်အောင် ချမ်းသာသုခတွေကို ခံစားရတတ်တယ်။
ကုသိုလ်ကံဟာ ကြီးကျယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသူ၊ အခက်အခဲတွေကို လွယ်ကူစေနိုင်သူပါ။ ကုသိုလ်ကံတွေရှိတဲ့လူဟာ ဘယ်အမှုကိစ္စကိုပဲ စွန့်စားလုပ်ကိုင်တယ်ဆိုဆို အောင်မြင်နိုင်တယ်။ စီးပွားရေး လုပ်ငန်းကြီးတစ်ခု လုပ်ချင်တယ်ဆိုရင်လည်း ဒီလိုပုဂ္ဂိုလ်ဟာ အဆက်အသွယ်ကောင်းတွေ၊ မိတ်သင်္ဂဟ ကောင်းတွေနဲ့ ဆက်ဆံပေါင်းသင်းရပြီး နေ့ချင်းညချင်း ကြီးပွားတိုးတက်နိုင်တယ်။ ပညာရှင်ဖြစ်ချင်တယ် ဆိုရင်လည်း သူဟာ ပညာရှိသူတော်ကောင်းတွေနဲ့ ပေါင်းသင်းရပြီး ထူးချွန်ပြောင်မြောက်တဲ့ ပညာရှင်ကြီး ဖြစ်လာနိုင်တယ်။ တရားဘာဝနာအလုပ်ကို အားထုတ်ချင်ရင်လည်း သူ့ကို မဂ်ဥာဏ်ဖိုလ်ဥာဏ်အထိ ရောက် အောင် လမ်းညွှန်ပို့ဆောင်ပေးနိုင်တဲ့ ကလျာဏမိတ္တ ဆရာကောင်း သမားကောင်းကို ပေါင်းသင်းရတတ်တယ်။ သူ့ဘ၀များစွာကို ဆုတောင်းဖြည့်ဆည်းလာခဲ့တဲ့ ကုသိုလ်အဆောက်အအုံကြီးက သူစိတ်ကူးသမျှ ကြံစည်သမျှ အကြံအစည်တွေ အောင်မြင်အောင် အကျိုးပေးတတ်တယ်။ ဒီကုသိုလ်ကံ အရှိန်သတ္တိကြောင့် ကုသိုလ်ကောင်းမှုပြုထားသူဟာ နတ်ပြည်နတ်ရွာမှာလည်း ပဋိသန္ဓေတည်နေ မွေးဖွားနိုင်တယ်။ နတ်လည်း ဖြစ်နိုင်တဲ့အပြင် မြင့်သောမြတ်သော ဘ၀ကနေပြီး နိဗ္ဗာန်မဂ်ဖိုလ် ရောက်သည့်တိုင်အောင် အကျိုးပေး တတ်တယ်။

ကောင်းမှုကံရဲ့ အကျိုးပေးဟာ အလွန်ကျယ်ပြန့်တယ်။ တချို့လယ်ယာမြေကောင်းတွေဟာ သီးနှံအထွက်ကောင်းသလိုပေါ့၊ ကောင်းမှုကုသိုလ်ကံကို ပြုထားသူမှာလည်း တခြားသူများထက် ကောင်းကျိုးပေးတာ အားသန်တယ်။ ရဟန်းသံဃာကိုပြုတဲ့ ကုသိုလ်ကောင်းမှု၊ မိဘအပေါ်ပြုတဲ့ ကုသိုလ်ကောင်းမှု၊ မရှိဆင်းရဲသားတွေအပေါ်ပြုတဲ့ ကုသိုလ်ကောင်းမှုတွေဟာ အကျိုးပေးသန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်။ ဒီလို ရဟန်းသံဃာတော်များ၊ မိဘများ၊ စားရမဲ့သောက်ရမဲ့ အတိဒုက္ခရောက်နေသူများနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုတွေက အံသြလောက်အောင် အကျိုးပေးသန်ကြတယ်။

မြတ်ဗုဒ္ဓက လူတွေအတွက် ကုသိုလ်ကမ္မပထတရားဆယ်ပါးကို သုစရိုက်တရားဆယ်ပါးအဖြစ် ဟောထားတာရှိတယ်။ (ပုညကြိယာဆယ်ပါး)လို့လည်းခေါ်တယ်။ မြတ်စွာဘုရားက ဒီပုညကြိယာဆယ်ပါးကို ချမ်းသာသုခနဲ့ ဘ၀ငြိမ်းချမ်းမှုရလိုသူတိုင်း ပြုသင့်ကြောင်းကိုလည်း ဟောတော်မူတယ်။ ဒီကောင်းမှုများဟာ အသိဥာဏ်ပညာတိုးပွားမှုကိုလည်း အထောက်အကူပြုတယ်။

ဒီသုစရိုက်တရားဆယ်ပါးမြတ်တရားတွေက…
၁။ ပေးကမ်းစွန့်ကြဲခြင်း
၂။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုလုပ်ခြင်း
၃။ စိတ်ကို ပြုစုပျိုးထောင်ခြင်း
၎။ ရိုသေထိုက်သူကို ရိုသေတတ်ခြင်း
၅။ ကူညီ ပံ့ပိုးပေးခြင်း
၆။ ကောင်းမှု ကုသိုလ်ကို ဝေမျှခြင်း
၇။ သူတစ်ပါး ကုသိုလ်ကောင်းမှုအတွက် ၀မ်းမြောက်ခြင်း
၈။ တရားဟောခြင်း
၉။ တရားနာခြင်း
၁၀။ အယူဖြောင့်မှန်ခြင်းတို့ပဲ ဖြစ်တယ်။


ဒီပုညကြိယာ၁၀ပါးကို ကျင့်ကြံပြုလုပ်သူဟာ မိမိမှာသာ အကျိုးကျေးဇူး ခံစားရတာမဟုတ်ဘူး။ တစ်ပါးသူများကိုလည်း အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်။ ကိုယ်ကျင့်စရဏဟာ လူခပ်သိမ်းတို့ကို အကျိုးကျေးဇူး ဖြစ်ထွန်းစေတယ်။ အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံမှုမျိုးကိုလည်း ဖြစ်လာနိုင်တယ်။ စိတ်ကို သမာဓိရအောင် ပြုစုပျိုးထောင်ခြင်းအားဖြင့် သူတစ်ပါးအတွက်လည်း ငြိမ်းချမ်းမှုကို ခံစားရစေတယ်။ ဒီလို စိတ်မှာ ငြိမ်းချမ်းမှုရလာတာကြောင့် သူတို့တွေအနေနဲ့လည်း တရားဓမ္မကို ကျင့်ကြံပွားများလိုစိတ် ပေါ်လာစေနိုင်တယ်၊ အရိုအသေပြုမှု၊ ကိုင်းရှိုင်းမှုဟာ လူ့အဖွဲ့အစည်းရဲ့ ညီညွတ်မှုကို ဖြစ်ပေါ်စေတယ်။ ဒီလို အကျိုးပြုတဲ့လုပ်ရပ်ကြောင့် လူ့လောက၊ လူ့ဘ၀လည်း တိုးတက်ဖွဲ့ဖြိုးလာနိုင်တယ်။ ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်းက မိမိအနေနဲ့ သူတစ်ပါးကိုလည်း ကောင်းကျိုးချမ်းသာ ရရှိခံစားစေလိုတဲ့ စေတနာကိုပြတာ ဖြစ်တယ်၊ သူတစ်ပါး ချမ်းသာစေမှုအတွက်လည်း မိမိဟာ ကြောင့်ကြစိုက်မှု ရှိတယ်ဆိုတာကိုလည်း ပြရာရောက်တယ်။ သူတစ်ပါးရဲ့ ကောင်းမှုကုသိုလ်အတွက် မိမိကလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းဟာ တခြားသူတွေကို ကုသိုလ်ကောင်းမှုတွေ ပိုပြီးပြုချင်လာအောင် အားပေးခြင်းမည်ပါတယ်။ တရားဟောခြင်း၊ တရားနာခြင်းကတော့ တရားဟောသူအတွက်ရော၊ တရားနာသူအတွက်ပါ နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရတဲ့အတွက် ဟောသူရော နာသူအတွက်ပါ တရားနဲ့ နေထိုင်ဆက်ဆံလိုစိတ်ကို အားပေးခြင်းမည်ပါတယ်။ အယူဖြောင့်မှန်ခြင်းကတော့ မိမိကျင့်သုံးဆောက်တည်နေတဲ့ ဓမ္မရဲ့အလှကို တစ်ပါးသူတွေကိုပါ မြင်လာအောင် စွမ်းဆောင်နိုင်တယ်။
ဓမ္မပဒ ဒေသနာတော်ထဲမှာမြတ်ဗုဒ္ဓက …

ပုဂ္ဂိုလ်သည် ကောင်းမှုကို ပြုပြီးသော်လည်း
ထိုကောင်းမှုကို ထပ်ကာ ထပ်ကာ ပြုရာ၏။
ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏။
ကောင်းမှုကိုပွားခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။

နောက်ဆက်ပြီးဟော်တော်မူတာက …
အနည်းငယ်သော ကောင်းမှုသည်
(ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု
ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။
မိုးရေပေါက်သည် ကျဖန်များလတ်သော်
ရေအိုးသည် ပြည့်ဘိသကဲ့သို့
အနည်းငယ်၊ အနည်းငယ်မျှသော ကောင်းမှုကို
ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့်ပြည့်၏။

ဒီလို ဓမ္မပဒမှာ ဟောတော်မူထားတယ်။
ဒုစရိုက်တရားဆယ်ပါးကိုတော့ ရှေ့အပတ်မှ ဆက်ကြ ရအောင်။ ။
၂၀၁၀ခုနှစ်၊ သြဂုတ်လ (၉)ရက်။ နံနက် ၁၁နာရီ၊ ၈မိနစ်။

No comments: