Monday, August 9, 2010

၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ထွက်ပြီ

သြဂုတ်လ ၅ ရက်နေ့ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက အတည်ပြုကြေညာချက်အရ ၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၄၃၂၀ ဖြစ်ပြီး ၊ ယခုနှစ် သတ်မှတ်ချက် ဝမ် ၄၁၁၀ ထက် ၅ဒဿမ ၁ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည် ။

ရက်သတ္တတစ်ပတ်လျင် နာရီ ၄၀ (တစ်လ၂၀၉နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် ၉ သိန်း ၂ထောင် ၈၈၀ ဖြစ်ပြီး ၊ ရက်သတ္တတစ်ပတ်လျင် ၄၄ နာရီ (တစ်လ၂၂၆ နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် ၉ သိန်း ၇သောင်း ၆ထောင် ၉၂၀ ဖြစ်မည်ဟုဆိုသည် ။

ကိုရီးယားအလုပ်သမားဝန်ကြီးဌာနသည် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ကို နှစ်စဉ် ပြန်လည် သုံးသပ် သတ်မှတ်ပြဋ္ဌာန်းပေးလျက်ရှိရာ၂၀၀၁ခုနှစ်က အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၂၁၀၀ ဖြစ်ကြောင်းသိရသည် ။ ယခု၂၀၁၁ ခုနှစ် အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်သည် ၂၀၁၁ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့မှစ၍ အသက်ဝင်မည်ဟုဆိုသည် ။

အနည်းဆုံးလုပ်ခသတ်မှတ်ချက်အောက် လျှော့နည်းသော လုပ်ခလစာများဖြင့် ချုပ်ဆိုထားသော အလုပ်စာချုပ်များ (Standard Labor Contract) သည် အလိုအလျောက် ပျက်ပျယ်ပြီး ၊ အလုပ်ရှင်သည် အလုပ်သမားအား အနည်းဆုံးလုပ်ခ သတ်မှတ်ချက် လစာ (Minimum Wages) အောက် မလျှော့သော လုပ်ခဖြင့် သဘောတူချုပ်ဆိုထားသည့် အလုပ်စာချုပ်များအဖြစ် မှတ်ယူရမည်ဟု အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ဥပဒေ (The Minimum Wages Law) ပုဒ်မ ၆ က ဆိုပါသည် ။

No comments: