ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ဗုဒ္ဓဘာသာဝင်တွေက ကံ,ကံ၏အကျိုးကိုယုံကြည်ကြပါတယ်၊ ဒါပေမဲ့ “ကံဆိုတာဘာလဲ” ဆိုတာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း မှန်မှန်ကန်ကန် မသိကြဘူး၊ သိသလိုလိုနဲ့ ကျေနပ်နေကြတယ်၊ ဒါကြောင့်ကံနဲ့ပတ်သက်လို့ ဂဃနဏ နားလည်ထားဖို့လိုတယ်၊ ဒါမှသာ မှန်ကန်တဲ့အမြင်ရှိသူဖြစ်မယ်။
Ven.Dr.K. Sri Dhammananda ရေးသားတဲ့ What Buddhist Believe မှာ ဆရာတော်ကြီး ရှင်းပြထားတာ အတော်ကောင်းတယ်၊ ဒါကို ပိုပြီးနားလည်လွယ်အောင် ဆရာဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ) က ဘာသာပြန် ပေးထားတယ်။ အဖေလည်း အတော်ကလေး နှစ်သက်တဲ့အတွက် သမီးကိုပြန်ပြောပြမယ်၊ လေးနက်စေချင်လို့ တဆင့်ခံအနေနဲ့ မပြောတော့ဘူး တိုက်ရိုက်ပြောဟန်နဲ့ပဲပြောမယ်နော်။
ကြုံလို့ပြောပြရဦးမယ် ဒီဆရာ ဦးဆန်းလွင်က မိရိုးဖလာ အစ်ဆလမ်ဘာသာဝင်ပါ ကိုးကွယ်မှုအမှန်ကို ရှာဖွေရင်း ဘာသာပေါင်းစုံကို ထဲထဲဝင်ဝင်လေ့လာတယ်၊ ဘယ်ဘာသာမှာမှ သူလိုချင်တဲ့အဖြေကိုမရဘူး။ နောက်ဆုံး ဗုဒ္ဓဘာသာကို ရှာဖွေတွေ့ရှိပြီး ဗုဒ္ဓဘာသာကမှ သူလိုချင်တဲ့အဖြေကို ပေးနိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာ။ အသက်၅၅နှစ်မှာ ရဟန်းဝတ်ပြီး (ရှင်အာဒိစ္စရံသီ) ဘွဲ့အမည်နဲ့ သာသနာပြုသွားတယ်။ အခုတော့ ပြန်လွန်တော်မူသွားတာ ၅နှစ်လောက်ရှိပြီ။ ဒီဆရာက အဖေရဲ့ ကျေးဇူးရှင်ပါ၊ အဖေ့ကို ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင်၊ ဗုဒ္ဓဘာသာအကြောင်း လေ့လာဖြစ်အောင်၊ ဗုဒ္ဓအလိုကျ ကျင့်သုံးနေထိုင်တတ်အောင် စတင်တွန်းအားပေး လှုံ့ဆော်သွားတဲ့ ဆရာတစ်ဆူပါ။ အဖေ လူကိုယ်တိုင် မတွေ့ဘူး၊ မဖူး,ဘူးပေမဲ့ ရင်ထဲကအသိအမှတ်ပြုပြီး ဆရာ့ရဲ့ ကလျာဏ ပုထုဇဉ် ထွန်းကားရေး လုပ်ငန်းစဉ်ကို အဖေ တတ်နိုင်သလောက် ဆောင်ရွက်နေတယ်။ ဒီနည်းနဲ့ ဆရာ့ကျေးဇူး သာသနာ့ကျေးဇူးကို ပေးဆပ်နေတယ်။ ဒါအဖေ့ အကြောင်း တစ်စိတ်တစ်ပိုင်းပါ။
ကံအကြောင်းပြောကြရအောင်…
ကံဆိုတာဘာလဲ
ကံဆိုတာကို အလွယ်ဆုံးစကားနဲ့ပြောရင် ကောင်းတာလုပ် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ် မကောင်းတာဖြစ်တယ်။ ဒီဘ၀မှာရော နောင်သံသရာမှာရော ကံ၊ ကံ၏အကျိုးကို ခံစားကြရမယ် ဖြစ်တယ်။ ဥပမာအားဖြင့် သီးနှံစကားနဲ့ပြောရင်တော့ မျိုးကောင်းတဲ့စပါးကိုစိုက်ရင် ရိတ်သိမ်းတဲ့အခါ မျိုးကောင်းတဲ့ စပါး သီးနှံတွေကို ရမယ်။ မျိုးညံ့တဲ့မျိုးစေ့ကိုစိုက်ရင် သီးပွင့်ရင်မှဲ့တဲ့အခါ မျိုးညံ့တဲ့ သီးနှံစပါးတွေကိုပဲ ရတဲ့သဘော ဖြစ်တယ်။
သိပ္ပံစကားနဲ့ပြောရင် ကံ(ကမ္မ)ရဲ့ သဘောဟာ အကြောင်းအကျိုး သဘောပဲ။ အကြောင်းတရား မှန်သမျှမှာ အကျိုးရလဒ်တစ်ခု ရှိတာချည်းပါပဲ။ ကံရဲ့သဘောကို နောက်တစ်မျိုး နာမည်ပေးပြီး ပြောရရင်တော့ ကံဟာ အကျင့်စရဏနဲ့ပတ်သက်တဲ့ အကြောင်းတရားပါ၊ ရုပ်လောကမှာ ရုပ်ပိုင်းနိယာမတရားတွေက ပြုပြင်ဖန်တီးနေသလို ကိုယ်ကျင့်သီလစရဏ နယ်မှာလည်း သူ့နိယာမနဲ့သူရှိတယ်။
ဓမ္မပဒထဲမှာ ကမ္မ(ကံ)ကို ဖော်ပြထားပုံက ကောင်းမှုကံ၊ မကောင်းမှုကံတို့ကို စိတ်ကသာ ဦးဆောင်တယ်။ စိတ်ကောင်း မနောကောင်းနဲ့ ပြောဆိုပြုမူရင် အကျိုးရလဒ်က စိတ်ချမ်းသာစရာ ပျော်ရွှင် ၀မ်းမြောက်စရာတွေ ဖြစ်ပေါ်လာပြီး ကိုယ့်အရိပ်က ကိုယ့်ကို မစွန့်သလို အကျိုးပေးမှာပဲ။ စိတ်ယုတ်၊ စိတ်ညံ့နဲ့ ပြုမူပြောဆိုရင်တော့ စိတ်ဆင်းရဲစရာ၊ စိတ်မချမ်းသာစရာ အကျိုးရလဒ်မျိုးတွေဟာ လှည်းဘီးက နွားခြေရာကို လိုက်နင်းသလို ကံပြုတဲ့သူကို လိုက်ပြီး အကျိုးပေးလာမှာပဲ။
ကံဆိုတာ ရိုးရိုးရှင်းရှင်း ပြောရင်တော့ အပြုအမူပဲ အလုပ်ပဲ။ သက်ရှိရုပ်ရဲ့ အင်္ဂါတွေထဲမှာ စေ့ဆော်နေတဲ့ စွမ်းအားတစ်ခု ရှိတယ်။ ဗီဇစေ့ဆော်မှုသဘော သိမှုသဘော တွေပဲ၊ မွေးရာပါ ဒီစိတ်နေ စိတ်ထား၊ စိတ်စွမ်းအားတွေက သိစိတ်ရှိသူတွေကို ပြုမူလှုပ်ရှားနိုင်အောင် စေ့ဆော်တိုက်တွန်းနေကြတယ်။ သတ္တ၀ါတွေဟာ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရရော စေ့ဆော်မှုကိုခံပြီး လှုပ်ရှားကြရတယ်။ သူ့ရဲ့လှုပ်ရှားမှုဟာ ကံပါပဲ။ ဒီကံကို ထပ်တလဲလဲ လုပ်ဖန်များတော့ အထုံဝါသနာ ဖြစ်လာတယ်။ ဒီအထုံ ၀ါသနာကနေ နောက်ကျတော့ စိတ်နေစိတ်ထား စရိုက်သဘာဝတွေ ဖြစ်လာတော့တာပဲ။ ဗုဒ္ဓဘာသာမှာတော့ ဒီဖြစ်စဉ်ကို ကမ္မ(ကံ)လို့ခေါ်တယ်။
ကံဆိုတာ ကုသိုလ် အကုသိုလ် သဘော နှစ်မျိုးလုံးကိုဆိုလိုတယ်။ စိတ်ဆန္ဒနဲ့ စေတနာနဲ့ ပြုလုပ်ဆေင်ရွက်မှုမှန်သမျှဟာ ကံဖြစ်တယ်။ ဒီတော့ ကံဆိုတာ အထည်ဒြပ်အနေနဲ့ ရှိနေတဲ့ ဖြစ်တည်မှု အစစ်တစ်ခုမဟုတ်ဘူး။ သူက ပြုမူမှု၊ ဆောက်ရွက်မှု ဖြစ်စဉ်တစ်ခုသာ ဖြစ်တယ်။ ဒါဟာစွမ်းအားတစ်ခု စွမ်းအင်တစ်ခုသာဖြစ်တယ်။ အထည်ဒြပ်ရှိတဲ့အရာ မဟုတ်ဘူး။ တချို့က ဒီကံစွမ်းအင်ကို အပြုအမူ သြဇာသက်ရောက်မှု (action influence) ဆိုပြီးအဓိပ္ပာယ်ဖွင့်ကြတယ်။ ဒါဟာ မိမိတို့ရဲ့ ကိုယ့်ကိုယ်နဲ့ဆိုင်တဲ့ ဆောင်ရွက်မှု တုံ့ပြန်မှုတစ်ခုပါပဲ။ ဒုက္ခ၊ သုခ ဆိုတဲ့ လူတွေ တွေ့ကြုံခံစား နေကြရတာတွေဟာ ကိုယ်ပြုတဲ့ကံက ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တွေပဲဖြစ်တယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ တွေရဲ့ ရလဒ်တွေပဲဖြစ်တယ်။ မိမိတို့ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ ရလဒ်တွေက မိမိတို့ရဲ့အောင်မြင်မှု ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတယ်။ သုခ ဒုက္ခကို ဖြစ်စေတယ်။
ကမ္မဆိုတာ မမြဲတဲ့ အစိုးမရနိုင်တဲ့သဘောရှိတဲ့ သဘာဝ နိယာမ တစ်ခုပဲဖြစ်တယ်။ ဒီ နိယာမဟာ မိမိတို့ရဲ့ အပြုအမူအတိုင်း လိုက်လျောညီထွေ ဖြစ်ပေါ်နေရတယ်။
ဒါဟာ နိယာမသက်သက်၊ သူ့သဘောကို သူဆောင်ပြီးဖြစ်တဲ့ ဖြစ်စဉ်တစ်ခုမျှဖြစ်တယ်။ ဒီနိယာမကို ပြုလုပ်သူ၊ ပေးကမ်းသူ ‘ဥပဒေပြုသူ’ မရှိဘူး။ ဒီကမ္မ နိယာမဆိုတာ သူ့သဘောသူဆောင်ပြီး သူ့နယ်မှာသူ ဖြစ်ပေါ်နေတဲ့ တရားဖြစ်တယ်။ ပြင်ပက ပါဝင်ဆောင်ရွက်ပေးတဲ့ ကြားလူ၊ ဒီနိယာမအပေါ်ကနေပြီး ချုပ်ကိုင် ချယ်လယ်သူ မရှိဘူး။ ကမ္မနိယာမ နောက်ကွယ်က ပုန်းလျှိုးပြီး ကြိုးဆွဲနေသူ၊ ချုပ်ကိုင်ခြယ်လှယ်နေသူ၊ စွက်ဖက်နေသူ၊ ညွှန်ကြားနေသူလည်းမရှိဘူး၊ ကံဟာ သူ့ဘာသာသူ ကောင်းကျိုးဆိုးကျိုးပေးနေတာ ဖြစ်တယ်။ ကံပြုသူကို ဆုပေးသူ၊ အပြစ်ဒဏ်စီရင်နေသူ အလွတ်သီးခြားမရှိဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဆုတောင်းခြင်းအပေါ် အားကိုးအားထားမပြုဘူး။ ကံကိုခြယ်လှယ်နေတဲ့ သဘာဝထက် လွန်ကဲတဲ့ တန်ခိုးရှင်ဆီမှာ လက်ဝါးဖြန့် ထူးထောက်ပြီးလည်း ဆုမတောင်းဘူး။ ကိုယ်လုပ်မှကိုယ်ရတယ်၊ ကိုယ်လုပ်သလို ကိုယ်ရမယ်လို့ပဲ ယုံကြည်ယူဆကြတယ်။ မြတ်ဗုဒ္ဓရဲ့ အလိုတော်အရက ကံဟာ ကြိုတင်ပြုပြင်ထားတဲ့ ကြမ္မာဖူးစာ သဘောမဟုတ်ဘူး။ ကြိုတင်ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းခံသဘော (determinism) မဟုတ်ဘူး။ (တခြားဘာသာတွေမှာ ယုံကြည်လက်ခံထားကြသလို ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရတယ်ဆိုတဲ့ ကြိုတင်ပြီး တန်ခိုးတော်ရှင်ရဲ့ ဆန္ဒအတိုင်း ပြဋ္ဌာန်းသတ်မှတ်ထားတာ လုံးဝမဟုတ်ဘူး)။ အဲဒီ တန်ခိုးတော်ရှင်တွေက ပြုပြင်စီမံသလို ခံနေကြရတယ်ဆိုပြီး ယုံကြည်ကြလို့ အဲဒီတန်ခိုးတော်ရှင်တွေကိုပဲ ၀တ်ပြုဆုတောင်းပြီး ပူဇော်ပသရတာမျိုး ဗုဒ္ဓဘာသာမှာ လုံးဝ မရှိဘူး။
ဗုဒ္ဓဘာသာကတော့ လူဟာ သူတို့ စိုက်ပျိုးတဲ့ ကောက်ပဲသီးနှံကို သူတို့ ရိတ်သိမ်းယူဆောင်ကြရတာပဲ ဖြစ်တယ်။ ဘယ်သူပေးလို့မှ ရတာမဟုတ်ဘူး။ ကိုယ်လုပ်ခဲ့လို့ ကိုယ်ရတာပဲ ဖြစ်တယ်။ ကိုယ် ပြုခဲ့တဲ့ကံရဲ့ အကျိုးဝိပါတ်ကို ကိုယ် ခံစား စံစားကြရတာပဲ ဖြစ်တယ်။ အနာဂတ်မှာလည်း ကိုယ်ပြုခဲ့တဲ့ ကောင်းမှုကံ မကောင်မှုကံ အတိုင်းပဲ ရကြ၊ ဖြစ်ကြရဦးမှာသာ ဖြစ်တယ်။
တနည်းပြောရရင် လူသားဟာ သူအတိတ်ကပြုခဲ့တဲ့အတိုင်းပဲ တစ်သမတ်တည်း ဖြစ်တည်မနေဘူး။ ဆိုလိုတာကတော့ ကမ္မနိယာမဆိုတာ ပြဋ္ဌာန်းခံ အယူဝါဒ မဟုတ်ဘူး။ Determinism မဟုတ်ဘူးလို့ ဆိုလိုတယ်။ ( ဥပမာ- အတိတ်ကံကြောင့် သူဆင်းရဲ ဘ၀မှ မွေးဖွားလာသူဖြစ်ပေမဲ့ ပစ္စုပ္ပန်ကံကြောင့် အဲဒီလူ ချမ်းသာနိုင်တယ်၊ ဘ၀အဆင့်အတန်း မြင့်မားနိုင်တယ်။)
မြတ်ဗုဒ္ဓက အရာရာဟာ ကြိုတင်ပြဋ္ဌာန်းပြီးဖြစ်တဲ့ ကြမ္မာအတိုင်းပဲ ဖြစ်ကြရတယ်ဆိုရင် ဆန္ဒလွတ်လပ်ခွင့် ဆိုတဲ့ သဘောတရားလည်း ဖြစ်ခွင့်မရှိတော့ဘူး။ ဒီလို မိမိဘာသာ ကြိုက်ရာကို ဆန္ဒအလျောက် ရွေးချယ်ဆောင်ရွက်ခွင့်၊ လုပ်ကိုင်ခွင့် မရှိရင် ကိုယ်ကျင့်သီလ ဆိုတာရော၊ အရိယာ ဘ၀မျိုးဆိုတာတွေရော ရှိနိုင်တော့မှာမဟုတ်ဘူးလို့ ထောက်ပြတော်မူတယ်။ အဲဒီလိုသာဆိုရင် လူသားဟာ အတိတ်ဘ၀ရဲ့ ကျေးကျွန်ဘ၀မှာပဲ ကံစီမံရာခံနေကြရတော့မှာပဲ။ တစ်နည်းအားဖြင့်ပြောရင် အရာခပ်သိမ်းဟာ ကံပြုပြင်တာ မဟုတ်ဘူး။ သူဖြစ်ချင်သလို ဖြစ်နေကြတာလို့ ဆိုပြန်ရင်လည်း အကျင့်သီလ စရဏကို ပြုစုပျိုးထောင်တာတွေ သီလ၊ သမာဓိ၊ ပညာ တိုးတက် ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက လုံးဝပြဋ္ဌာန်းခံဝါဒ ( determinism ) ကိုရော လုံးဝပြဋ္ဌာန်းကင်းဝါဒ ( indeterminism ) ကိုရော ပယ်တော်မူခြင်းဖြစ်တယ်လို့ မှတ်ထားသင့်တယ်။
သမီးရေ ဒီကမ္မနိယာမက ခက်လည်းခက်၊ နက်လည်းနက်တယ်၊ သေချာနားလည်နိုင်အောင်ဖတ်ပါ၊ လေ့လာပါ မရှင်းတာရှိခဲ့ရင် ပြန်မေးပါ။
မြတ်ဗုဒ္ဓက ဒီကမ္မနိယာမကို ဘာကြောင့်ဟောရတယ်ဆိုတာကို ရှေ့အပတ်မှ ဆက်ပြီးရှင်းပြမယ်နော်။
ဒီတစ်ပတ်အလုပ်တွေများနေလို့ စာရေးကျဲတာ နားလည်ပေးနော်..။
Saturday, September 25, 2010
သမီးထံသို့ပေးစာများ (၆)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment