Thursday, January 20, 2011

ဘ၀ခရီးသည်တို့၏ မရဏပန်းတိုင်

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
ညီလေးရေ
မင်းနဲ့စတင်သိကျွမ်းခဲ့စဉ်ကတည်းက မင်းရဲ့ ဖော်ရွေမှု အလိုက်သိမှု အနစ်နာခံတတ်မှုတွေကြောင့် သာမာန်ထက်ကိုပိုပြီး ရင်းနှီးခင်မင်ခဲ့မိတယ်။ အစ်ကိုတို့ တရားစာအုပ်တွေ ဓမ္မဒါနလုပ်တော့လဲ မင်းကတက်တက်ကြွကြွပါခဲ့တယ်၊ လူငယ်ပေမဲ့ ဘာသာရေးကိုင်းရှိုင်းမှုရှိလို့လဲ လေးစားမိတယ်။ အစ်ကိုတို့ ရံပုံငွေပွဲတွေလုပ်လို့ မင်းကိုအကူအညီတောင်းလိုက်ရင်လဲ မင်းက တခါမှမငြင်းခဲ့ဘူး၊ အောက်ခြေသိမ်းကူညီခဲ့တယ်။ တနေ့ အစ်ကိုနေလို့မကောင်းလို့ မထနိုင်တဲ့အချိန်မှာ မင်းလာပြီး နှိပ်ပေး အပူထုတ်ပေးလုပ်လိုက်တာ နာရီပိုင်းအတွင်းမှာ လန်းဆန်းလာပြီး ထလာနိုင်ခဲ့တယ်။ ဒီလို စေတနာအပြည့်နဲ့ ပြုစုပေးခဲ့တဲ့ မင်းကျေးဇူးကိုရော မင်းရဲ့ကြင်နာတတ်မှုကိုပါ အစ်ကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး။

ဒီလိုနဲ့ နှစ်အတန်ကြာအောင် ခင်ခင်မင်မင်နဲ့ အတူတွဲပြီး နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးပါမကျန် အလုပ်တွေ အတော်လေးလုပ်ဖြစ်ခဲ့ကြတယ်နော်။ ဒီကြားထဲ မင်းဆီဖုန်းဆက်တဲ့အခါတိုင်း ဘယ်သူနေမကောင်းလို့ ဆေးခန်းလိုက်ပို့ပေးနေတယ်။ ဘယ်ဝါ ဆေးရုံတင်ထားလို့ စောင့်ပေးနေရတယ်ဆိုတာမျိုးလဲ မကြာခဏကြား တတ်နေတော့ မင်းရဲ့ လူမှုရေးစိတ်ဓါတ်ကိုလည်း လေးစားခဲ့မိတယ်။

တနေ့မင်းကိုယ်တိုင် လျှာမှာ အနာဖြစ်လို့ ဆေးခန်းသွားတဲ့အကြောင်း သတင်းကြားလို့ မင်းကို ဖုန်းဆက်တော့ မင်းက အကျိုးအကြောင်းပြောပြတယ်၊ လျှာကို သွားနဲ့ ခိုက်မိတယ်ထင်ကြောင်း၊ ဆေးခန်းသွားပြတာ ဆေးရုံကြီးကို သွားခိုင်းတာနဲ့ ဆေးရုံကြီးမှာ ဆေးစစ်ထားကြောင်း၊ အဖြေကိုတော့ တနင်္လာနေ့မှ သိရမယ်ဆိုတဲ့အကြောင်း မင်းပြောပြတော့ အစ်ကိုစိတ်ထဲမှာ သာမာန်ပဲ ဘာမှဆန်းဆန်းပြားပြားမဖြစ်ပါဘူးကွာ ရိုးရိုးအနာပဲဖြစ်မှာပါဆိုပြီး ထင်ထားခဲ့တယ်။

ဒီလိုနဲ့ တနင်္လာနေ့ညဦးပိုင်း အစ်ကိုညဆိုင်းအလုပ်ဝင်ခါစမှာ မင်းဆီက ဖုန်းဝင်လာတယ်၊ မင်းပြောလိုက်တဲ့စကားက ၂လုံးထဲ။ “ကင်ဆာ”တဲ့ အစ်ကိုအတွေးတွေက အဆုံးမသတ်တော့ဘူး။ ကာယကံရှင် မင်းရင်ထဲမှာ ဘယ်လိုခံစားနေရမလဲ ဆိုတာ မင်းမပြောလဲ အစ်ကိုနားလည်နိုင်တယ်။ အစ်ကို့အတွက် ဒီရောဂါအမည်ကို ရင်းနှီးသူတွေဆီက ကြားရတာ ဒါ ဒုတိယအကြိမ်လေ။ ပထမဆုံးက ဘ၀လက်တွဲဖေါ်ဖြစ်တဲ့ အစ်ကိုဇနီးဆီကလေ၊ တယ်လီဖုန်းထဲကလာတဲ့ “ရင်သားကင်ဆာ” ဆိုတဲ့ အသံက အစ်ကို့နားထဲကို မိုးကြိုးပစ်ထဲ့လိုက်သလား အောက်မေ့ရတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးနေရပေမဲ့ အစ်ကို့ရင်ထဲမှာ ငိုနေမိတာအမှန်ပဲ။
အဲ့ဒီမှာ ဗုဒ္ဓအဆုံးအမ အခြေခံကောင်းလေးရှိထားလို့ သတိလက်လွတ်မဖြစ်ပဲ “မသေရဲရင် သုဿန်သွား မရဏဿတိ နာနာပွား” ဆိုတဲ့စကားလေးကို သတိရပြီး၊ ဇနီးဖြစ်သူကလိုလည်း တရားဟော ကိုယ်တိုင်လည်းပွားလို့ ဓမ္မစွမ်းအားနဲ့ သေခြင်းတရားကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေဖြစ်ခဲ့ရတယ်။

အစ်ကိုအပေါ်မှာ ပြုခဲ့ဖူးတဲ့ ညီလေးရဲ့ကျေးဇူးတရားကိုပေးဆပ်ချင်လွန်းလို့၊ အလားတူအခြားမိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေရဲ့ ကျေးဇူးတွေကိုလည်း ပေးဆပ်ချင်လို့ အချိန်မီ ဒီစာကိုရေးရပါတယ်။
အစ်ကိုတို့တတွေဟာ ဘ၀ရနေသမျှ သံသရာပြေးလမ်းပေါ်မှာ မွေးဖွားခြင်းက တာထွက်ပြီး မရဏ ပန်းတိုင်ဆီ ၀င်ကြရသူတွေချည်းပါပဲ။ ဘယ်အချိန် ဘယ်နေရာမှာ ဘာရောဂါနဲ့ ဘယ်လိုသေရမယ်ဆိုတာ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုသလို သေခြင်းတရားဟာ အရွယ်သုံးပါး မရွေးတာကြောင့် ကြီးသူလဲသေ၊ ငယ်သူလဲသေ၊ သေဖို့အချိန်ကျရင်တော့ သေကြရမှာပါပဲလေ။

မွေးဖွားလာတာနဲ့ မရဏကတော့ ထပ်ချပ်မကွာ ပါလာတာပဲ။ မရဏက မျက်နှာကြီးငယ် မလိုက်ဘူး။ ချမ်းသာဆင်းရဲမခွဲခြားဘူး။ အရာရှိကြီးလဲ သေမျိုး၊ သူဌေးလဲ သေမျိုး၊ ဆင်းရဲသားလဲ သေမျိုး၊ သူတောင်းစားလဲ သေမျိုး အားလုံးသေမျိုးချည်းပဲ။
ဥာဏ်ပညာ ဘုန်းတန်ခိုးအာနုဘော် ကြီးကျယ်မြင့်မြတ်လှတဲ့ မဂ်ဖိုလ်နိဗ္ဗာန် ဈာန်သမာပတ်ကို အထပ်ထပ်အဖန်ဖန်ဝင်စားနိုင်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးကအစ အဂ္ဂသာဝကကြီးတွေပါမကျန် သေခြင်းတရားကို မလွန်ဆန်နိုင်သေးရင် အစ်ကိုတို့လို သာမန်လူသားတွေအဖို့ ဘယ်ပြောစရာလိုတော့မလဲ။

အမှတ်တမဲ့ မနေကြသူတွေသာ မွေးကတည်းက သေခြင်းတရားကို မျက်နှာမူနေရတယ်ဆိုတာ အသိနဲ့သတိ အမြဲယှဉ်ရှိကြတယ်။
အများအားဖြင့် လူတွေကတော့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာဖို့၊ ရာထူးဂုဏ်သိန် တိုးတက်ဖို့၊ ထင်ပေါ်ကျော်ကြားဖို့ အမျိုးမျိုးကြံစည်အားထုတ် ကြိုးစားကြတယ်။ အမှန်တကယ် ရင်ဆိုင်ရမယ့် သေခြင်းတရားကိုတော့ ပေါ့ပေါ့တန်တန် သတိမထားမိကြဘူး။ သေခြင်းတရားနဲ့ ရင်ဆိုင်နိုင်တဲ့ သတ္တိကို ကြိုတင်ပြင်ဆင်အားဖြည့်ထားကြဖို့လဲ မေ့လျော့နေကြတယ်။
နေတတ်ဖို့လိုသလို သေတတ်ဖို့လည်းအရေးကြီးတယ်။ လူတိုင်းလူတိုင်း သေရဲတဲ့ အားကိုးတခုကိုယ်စီရှိထားဖို့လိုတယ်။

“တောင်တန်း သာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရက ပြောဖူးတယ်၊ လောကမှာ ဟိုသင်တန်း၊ ဒီသင်တန်းတွေ အများကြီးရှိတယ်တဲ့၊ သေနည်းသင်တန်းကျောင်းတော့ မကြားဘူးသေးဘူးတဲ့။ ဒီ… သေနည်းသင်တန်းကျောင်းဖွင့်လဲ ကျက်သရေမင်္ဂလာမရှိဘူးဆိုပြီး တယောက်မှလာတက်မယ်မထင်ပါဘူးတဲ့…။ ” ဒါပေမဲ့ ဆရာတော်ကြီးကတော့ သေနည်းသင်တန်းပေးသွားပါတယ်။

လူဘ၀ကိုရလာတယ်ဆိုတာ အတိတ်ဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံအဟောင်းတွေကြောင့် အခုပစ္စုပ္ပန်ဘ၀မှာ အကျိုးကံလာခံစားရတယ်။ ပစ္စုပ္ပန်မှာ အကြောင်းကံအသစ် ထပ်မံအားဖြည့်ခဲ့မှ အနာဂတ်တွေမှာ အကျိုးကံဆက်ခံစားရမှာပါ။ ကုသိုလ်အကြာင်းကံမရှိရင် ကုသိုလ်အကျိုးကံလည်း ရပိုင်ခွင့်မရှိနိုင်တော့ဘူးပေါ့။

ဘ၀သံသရာခရီးက ဘယ်အချိန်ကစလာမှန်းမသိရသလို ဘယ်တော့မှရပ်နားကြရမယ်ဆိုတာကိုလဲ ဘယ်သူမှ မပြောနိုင်ဘူး။ နိမ့်တုံမြင့်တုံ ဆုန်ချည်ဆန်ချည် အတည်မကျ တသွားတည်းသွားနေကြရတုန်းပဲ ရှိနေကြတယ်။ ကောင်းတဲ့ဘုံဘ၀တွေရောက်အောင် ကောင်းတဲ့သုစရိုက်တွေ ထူထောင်ကြရမယ်။ တနေ့ထက်တနေ့ ကောင်းသည်ထက် ကောင်းအောင်၊ မြတ်သည်ထက်မြတ်အောင်၊ စင်ကြယ်သည်ထက် စင်ကြယ်အောင် ထူထောင်ကြရမယ်။

အစ်ကိုတို့လို သာမန်လူတွေအတွက် အရေးကြီးဆုံးကံဟာ အာစိဏ္ဏကံနဲ့ အာသန္နကံဖြစ်တယ်။(ဈာန်ရအောင် စွမ်းဆောင်ထိန်းသိမ်းထားနိုင်တဲ့ ဂရုကံကလွဲရင်ပေါ့)
ဘ၀သက်တမ်းတလျောက် အမြဲမပြတ် အထပ်ထပ်အခါခါ ပြုလုပ်ခဲ့တဲ့ကံတွေကို အာစိဏ္ဏကံလို့ခေါ်ပါတယ်။ နေ့စဉ်နဲ့အမျှ ၀တ္တရားမပျက် ပြုလုပ်ခဲ့တဲ့ ဘုရားရှိခိုးတာ၊ ဆွမ်းတော်ကပ်တာ၊ ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်တာ၊ သံဃာတော် အရှင်သူမြတ်များကို ဆွမ်းလောင်းလှူတာ၊ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ စတဲ့ကုသိုလ်ကံတွေအားလုံး အာစိဏ္ဏကံမြောက်တယ်။ အာသန္နကံကတော့ သေခါနီးဆဲဆဲပြုလုပ်တဲ့ကံနဲ့ ယခင်လုပ်ထားဖူးတဲ့ ကံတွေကို ပြန်ပြီးအောက်မေ့သတိရ အာရုံပြုတာဖြစ်ပါတယ်။
သေတဲ့အခါ ပစ္စည်းဥစ္စာ၊ တိုက်တာ ဂုဏ်ဒြပ် အရပ်ရပ်ကို စွန့်ပစ်ရတာတင်သာမက ရှင်စဉ်က တသသနဲ့ မိမိစုံမက်မြတ်နိုး နှစ်သက်လှသက် ခန္ဓာကိုယ် အတ္တဘောကြီးကိုလည်း ထားခဲ့ရတာပါပဲ။ မိမိနဲ့အတူ မိမိပြုခဲ့တဲ့ (ကုသိုလ်-အကုသိုလ်)ကံကလွဲရင် တခြားဘာကိုမှ ယူမသွားနိုင်ကြပါဘူး။ ဒါကြောင့်မြတ်စွာဘုရားက “သဗ္ဗေသတ္တာ ကမ္မဿကာ” သတ္တ၀ါ အားလုံးအတွက် ကံသာလျှင် ဥစ္စာဖြစ်တယ်လို့ ဟောညွှန်ခဲ့ပါတယ်။

မိမိပြုခဲ့တဲ့ကံနဲ့ နောက်ဘ၀သစ်တခုကို သွားရပါတယ်။ ကုသိုလ်ကံများများပါသွားရင် ဘ၀ကောင်းကောင်းရနိုင်ပြီး အကုသိုလ်ကံအပါများရင်တော့ ဘ၀ဆိုးထဲ နစ်နေမှာ အမှန်ပါပဲ။
ဒါကြောင့်မို့ ပစ္စုပ္ပန်ဘ၀တလျှောက်မှာ ကုသိုလ်ကံကို ကိုယ်နဲ့မကွာ အခါခါပြုလုပ်အားထုတ်ဖို့နဲ့ သေခါနီးကာလကျရင် ဒီကုသိုလ်ကံတွေကို နှလုံးသွင်းနိုင်ဖို့၊ ဒါမှမဟုတ် ပြုခဲ့တဲ့ကုသိုလ်ကံတွေ မေ့လျော့နေခဲ့ရင် မကောင်းတဲ့ အနိဋ္ဌာရုံတွေ ၀င်မလာရအောင် ဘာဝနာနှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်။
ဝိပဿနာကမ္မဋ္ဌာန်း၊ မရဏဿတိ ဘာဝနာတခုခုကို နှလုံးသွင်းနေဖို့ အသင့်တော်ဆုံးပါပဲ။

အချို့ကတော့ ဘ၀ကို စွဲလမ်းတပ်မက်ကြတယ်၊ ခန္ဓာကို မြတ်နိုးစုံမက်ကြတယ်။ အဲ့ဒီလို မြတ်နိုးစုံမက် နှစ်သက်စွဲလမ်းကြသူတွေဟာ သေရမှာအင်မတန်ကြောက်ကြတယ်။ သေခြင်းတရားကို နှလုံးသွင်း ဆင်ခြင်ဖို့တော့ဝေးရောပဲ။ “သေ” ဆိုတဲ့ စကားသံတောင် နားထဲ အ၀င်မခံချင်ကြဘူး။ ဒီလို ဘ၀နဲ့ခန္ဓာကို တရှိုက်မက်မက် တသက်သက် စွဲလန်းနေသူတွေဟာ ခန္ဓာရဲ့အပြစ်တွေကို လက်ဦးရှုမြင်ဆင်ခြင်ရပါတယ်။

လှသထက်လှအောင် တသသနဲ့ဖြီးလိမ်းပြင်ဆင် ခြယ်သနေတဲ့ ခန္ဓာဟာ ဘာများစုံမက်တွယ်တာစရာ ရှိပါသလဲ၊ နှစ်သက်မက်မောဖွယ်ရှိပါသလဲ။
အရိုးက တိုင်သဘော၊ အကြောတွေရစ်ပတ်ပြီး အသားမြှုပ်ကပ်လို့ အရေထူ-အရေပါး ဖုံးထားတဲ့ ရုပ်ဆောင်- အပုပ်ကောင်။
မျက်ဝတ်၊ နားဖာချေး၊ နှပ်၊ တံတွေးနဲ့ ကျင်ကြီးကျင်ငယ်တွေ အချိန်တိုင်းမှာ အပေါက်ရှိသမျှ ထွက်ယိုစိမ့်ကျနေတဲ့ ရွံရှာစဖွယ် အညစ်အပတ်ကောင်။
မျက်နှာသစ်၊ ရေချိုး၊ မွှေးရနံ့မျိုးစုံနဲ့ မပြုပြင်လျှင် ခွေးသေပုပ်နဲ့မခြား၊ ညှီဟောက်ပုပ်သိုး အနံ့ဆိုးတဲ့ အပုပ်ကောင်။
ပိုးမျိုးစုံ မွေးဖွားမှီခို သေဆုံးရာ၊ အနာရောဂါမျိုးစုံ ဖြစ်ပေါ်ရာ၊ ဆင်းရဲဒုက္ခပေါင်းစုံ စုဝေးရာ စက်ဆုပ်ဖွယ် အနိဋ္ဌာကောင်။
အဲ့ဒီလို အထပ်ထပ်ဆင်ခြင်တဲ့အခါမှာ ရုပ်ခန္ဓာအပေါ် နှစ်သက်တွယ်တာခြင်းကင်းပြီး ရုပ်ခန္ဓာရဲ့မမြဲခြင်း-အနိစ္စ၊ ဆင်းရဲခြင်း-ဒုက္ခ၊ အနှစ်မဲ့ခြင်း-အနတ္တ၊ မတင့်တယ်ခြင်း-အသုဘ သဘောတွေမြင်တဲ့အတွက် စက်ဆုပ်ရွံရှာလာပါလိမ့်မယ်။ ဒီခန္ဓာကို ရွံမုန်းလာပြီဆိုရင် သေခြင်းဆိုတဲ့ အသံကိုကြားဖို့၊ သေနေတာကိုမြင်ဖို့၊ သေခြင်းကို ရင်ဆိုင်ဖို့ မကြောက်ရွံ့ ၀န်မလေးတော့ပါဘူး။
“မသေရဲရင် သုဿန်သွား၊ မရဏဿတိ နာနာပွား” ဆိုတဲ့ စကားအတိုင်း သုဿန်ကိုသွားခိုင်းတာဟာ နေ့တိုင်းနေ့တိုင်း သေနေသူတွေ များလှတာ မြင်စေချင်လို့ပါပဲ။ သေခြင်းတရားကို အမှန်ရင်ဆိုင်ရမယ်။ ဒါကြောင့် မရဏဿတိကို သေသေချာချာ အခါခါ ပွားပါလို့ ဆိုလိုတာဖြစ်ပါတယ်။
ဘ၀ဆိုတာ ရေပွက်ပမာ အင်မတန်မှ ပျောက်ပျက်လွယ်တာမို့ လျင်မြန်တဲ့ သေခြင်းတရားကို အချိန်ပိုင်းခြား ရှုပွားတာမျိုး မြတ်ဗုဒ္ဓက အထူးသဘောကျတော်မူပါတယ်။
ငါဟာ အမှန်သေရတော့မယ်။
တနေ့နဲ့တည အသက်ရှည်ခွင့်ရရင် ကောင်းမှာပဲ။
တနေ့မျှ အသက်ရှည်ခွင့်ရရင် ကောင်းမှာပဲ။
အစာတထပ်စားချိန်မျှ အသက်ရှည်ခွင့်ရရင် ကောင်းမှာပဲ။
အစာတထပ်စားချိန် တ၀က်မျှ အသက်ရှည်ခွင့်ရရင် ကောင်းမှာပဲ။
အစာ လေးငါးလုတ် စားချိန်မျှ အသက်ရှည်ခွင့်ရရင် ကောင်းမှာပဲ။
အစာတလုတ်စားချိန်မျှ အသက်ရှည်ခွင့်ရရင်ကောင်းမှာပဲ။
ဝင်လေထွက်လေ တကြိမ်မျှ အသက်ရှည်ခွင့်ရရင်ကောင်းမှာပဲ။
ဒီအချိန်တွေမျှ အသက်ရှည်ခွင့်ရရင် ကုသိုလ်တရား တိုးပွားအောင်ကြိုးစားခွင့်ရနိုင်မှာပဲ။
ဒီနည်းနဲ့ အိပ်ရာဝင်တိုင်း အသေကြီးမဟုတ်သေးတဲ့ အသေကလေးနဲ့ နေ့စဉ် အသေကျင့်ရပါတယ်။ အမှန်တကယ် သေရတော့မယ့် အချိန်ရောက်တဲ့အခါ နှလုံးသွင်းကောင်းပြီး တရားသဘောနဲ့ မတွေမဝေ မကြောက်မရွံ့သေ၀ံ့မှာ ဖြစ်ပါတယ်။ အာသန္နကံခေါ်တဲ့ သေခါနီး နှလုံးသွင်းကောင်းမှ ဘ၀ကူးကောင်းနိုင်ပါတယ်။
လိုရင်းတိုကျဉ်း နှလုံးသွင်း ဆင်ခြင်နည်းလဲ ရှိပါတယ်။
ငါသေရတော့မယ်၊ အချိန်ပိုင်းသာ လိုတော့တယ်။
ငါ့ရဲ့အသက်ရှင်ခြင်းဟာမမြဲ၊ သေခြင်းသာ မြဲတယ်။
သေခြင်းဟာ ငါ့အတွက် စင်စစ်ဖြစ်ပေတယ်။
သေခြင်းကို ငါမလွန်ဆန်နိုင်ပါကလား။
အဲ့ဒီလို အကြိမ်ကြိမ် နှလုံးသွင်းရှုပွားရင် နီဝရဏကွာတဲ့အတွက် မရဏဿတိ အာရုံမြဲပြီး ဥပစာရဈာန် ရလာလိမ့်မယ်။ ဒီကတဆင့် ၀ိပဿနာကူးရင် တရားထူးရနိုင်ပါတယ်။
မရဏဿတိကို နှလုံးသွင်းဆင်ခြင် ရွတ်ဆိုနိုင်တဲ့ ဓမ္မသံဝေဂလင်္ကာလဲ ရှိသေးတယ်။ နှစ်သက်ရာနဲ့ နှလုံးသွင်းဆင်ခြင်နိုင်အောင် မျှဝေပါတယ်။
ငါနှင့်ရွယ်တူ၊ ကြီးငယ်လူ၊ သေသူ သေကြလေကုန်ပြီ။
ထို့တူမလွဲ၊ ငါသည်လဲ၊ အမှန်ပဲ သေရမှာပါတကား။
ငါ၏ခန္ဓာ၊ မမြဲပါ အမှန်သာ သေရမှာပါတကား။
ငါ၏ခန္ဓာ ဆင်းရဲစွာ အမှန်သာနာရမှာပါတကား။
ငါ၏ခန္ဓာ အနှစ်မပါ အမှန်သာ အိုရမှာပါတကား။
မသေပါလို၊ တောင်းဆုဆိုလဲ၊ ဆိုတိုင်းမရ၊ သေနေကြ၊ အနိစ္စ ခန္ဓာကြီးပါတကား။
မနာပါလို၊ တောင်းဆုဆိုလဲ၊ ဆိုတိုင်းမရ၊ နာနေကြ၊ ဒုက္ခ ခန္ဓာကြီးပါတကား။
မအိုပါလို၊ တောင်းဆုဆိုလဲ၊ ဆိုတိုင်းမရ၊ အိုနေကြ၊ အနတ္တ ခန္ဓာကြီးပါတကား။
ညီလေးရေ
ခန္ဓာရှိလာမှတော့ ဝေဒနာလဲရှိနေမှာပဲ။ ၀ိပဿနာကမဋ္ဌာန်း၊ မရဏဿတိ ဘာဝနာတခုခုကို နှလုံးသွင်းနေခြင်းအားဖြင့် ညီလေးရဲ့ ဝေဒနာတွေ လုံးဝပျောက်သွားလိမ့်မယ်လို့ အာမမခံနိုင်ပေမဲ့ ကျန်နေသေးတဲ့ ဘ၀အစိတ်အပိုင်းကို အနေတတ်သွားမှာ သေချာတယ်။ အနေတတ်ရင် အသေလဲတတ်ပါပြီ။
ရည်ညွှန်းချက်။ ။ ကင်ဆာရောဂါ ခံစားနေရသော ညီငယ်တဦးသို့။

No comments: