Friday, April 22, 2011

နာမည်ပြောင်း ကိုရီးယား ၂ ကျော့ပြန်များကို ဖမ်းခြင်း မဖမ်းခြင်း ပြဿနာ

အသံတွေကြားနေရတယ်
တရားဝင်ဗီဇာ ရှိသူတွေ ဘာကြောင့်အဖမ်းခံရသလဲ ဆိုတဲ့ သတင်း ဆောင်းပါးနှင့်ပတ်သက်ပြီး ပရိသတ်များရဲ့ တုန့်ပြန်မှုအမျိုးမျိုး ပြန်ကြားရပါတယ် ။

မဖြစ်နိုင်ပါဘူးဆိုတာတွေလည်း ရှိတယ် ။ အမေးအမြန်း အစစ်အဆေး မခံရဘဲ ကင်းလွတ်ခွင့်ရနေတဲ့ ကိုရီးယား ၂ ခါပြန် ၃ခါပြန်တွေလည်း အများကြီး ရှိနေတယ်ဆိုတာကိုးဗျ ။

နောက်ပြီး ကိုယ့်စိတ်ကိုယ် မလုံတော့ဘဲ ၊ လိပ်ပြာခြောက်လို့ ပြန်တော့မလို့ လုပ်နေတဲ့သူတွေလည်း ရှိသလို လက်ရှိ ဗီဇာရှိနေတဲ့ အဖြစ်က ပြေးဖို့ ပြင်ဆင်နေတဲ့ သူတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။

နားလည်ပေးမယ်လို့ မျှော်လင့်
ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ၊ အဲဒီ သတင်း ဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဟာ ဒီအကြောင်းတော့ ကျနော်တို့ ကိုရီးယားက မြန်မာတွေ သိထားသင့်တယ်လို့ ယူဆပြီး တင်ပြခဲ့တာပါ ။ ကျနော်သည် လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မဟုတ်သလို စက်ဖြင့်ဖတ်၍ရသော နိုင်ငံကူးလက်မှတ် (MRP) ဆိုင်ရာ ပါရဂူလည်း မဟုတ်လို့ ဓါတ်ပုံဖြင့် ဘယ်လို တိုက်ဆိုင် ရှာဖွေပြီး ဘယ်လိုသိလို့ ဘယ်လိုဖမ်းတယ် ၊ နောင် ဘယ်သူ့ကိုဘယ်နေ့မှာ ဖမ်းမယ် ၊ ဘယ်သူ့တွေကိုတော့ဖြင့် မဖမ်းဘူး ဆိုတာကိုတော့ဖြင့် အတိအကျ တင်ပြပေးနိုင်ခြင်း မရှိသည်ကိုတော့ နားလည်မှု ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
၁၀ နှစ်ကျော်အကြာက မှတ်တမ်းများ
အခုလည်း ထပ်မံတင်ပြပါဦးမယ် ။ ဆင်ခြင်နိုင်ကြစေဖို့ပါ ။
ကိုရီးယား လေဆိပ်မှာ ရှိတဲ့ မှတ်တမ်းများ အလွယ်တကူ ပျက်မသွားဘူး ၊ အချိန်နှင့်တစ်ပြေးညီ(Up-to-time) ဖြစ်နေပါတယ်ဆိုတာ ပြောချင်လို့ပါ ။

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က လစာကိစ္စ သူဌေးနှင့် စကားများရာက သူဌေးက ရဲခေါ်ဖမ်းပြီး ပြန်ပို့ခဲရတဲ့ အသိတစ်ယောက် အကြောင်းပါ ။ သူက အခု မြန်မာပြည်မှာ ခရီးသွားကုမ္ပဏီ တစ်ခု ထူထောင်ပြီး အတော်အတန် အောင်မြင်မှုရနေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ ။

သူ ၂၀၀၇ ခုနှစ်လောက်က ကိုရီးယား ပြန်လာပါတယ် ။ နာမည်ဟောင်းနှင့်ပြန်လာတာပါ ။ လေဆိပ်အဝင်မှာ ကိုရီးယား လာဖူးသလားလို့ မေးတော့ မလာဖူးပါလို့ ဖြေလိုက်ပါသတဲ့ ။ အဲဒီမှာ ယခင်က သူ့ရဲ့ ပုံကြီး ကွန်ပြူတာမှာ တန်းပေါ်လာတာကို သူ့ကို ခေါ်ပြီးပြသတဲ့ ၊ နောက် ဒါ ဘယ်သူလဲလို့ သူ့ကိုမေးသတဲ့ ၊ တော်တော်ရှင်းလိုက်ရသတဲ့ ။ ဒီဖက်က ဖိတ်ခေါ်တဲ့သူက ကိုထရာ (KoTra) ဖြစ်နေသည်က တစ်ကြောင်း ၊ လေဆိပ်အဝင်မှာ တာဝန်ခံပေးတဲ့ ကိုရီးယားက ရှိနေတာတစ်ကြောင်း တို့ကြောင့် ကိုရီးယားဝင်ခွင့်ရခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါကြောင်း တင်ပြအပ်ပါတယ် ။

အင်တာပိုးလ် ၊ ရဲ ၊ တရားရုံး ၊ သံရုံး ၊ လဝက
နောက်တစ်ခုကတော့ ၊ နိုင်ငံတကာရဲ (Interpol) ရဲ့ တိုင်တန်းချက်အရ ကိုရီးယား တရားရုံးတစ်ခုကနေပြီး ၊ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ မြန်မာတစ်ယောက်အကြောင်းပါ ။ ခပ်တည်တည်နှင့် ကိုရီးယားကို ဝင်လာတယ်လို့ ဆိုပါတယ် ။ လေဆိပ် လဝက ကလည်း အလွယ်တကူပဲ ပြည်ဝင်ခွင့်ပေးလိုက်ပြီး ၊ အထဲရောက်လာတော့မှ အဆင်သင့် စောင့်နေတဲ့ လေဆိပ်လုံခြုံရေးရဲများရဲ့ လက်ထိုးအပ်လိုက်တာကို ခံလိုက်ရပါသတဲ့ ။ သူကလည်း အဲဒီ အမှုရှင်းလင်းဖို့ လာတာဆိုတော့ တော်သေးတယ်လို့ ဆိုရမပေါ့ဗျာ ။

နာမည်ပြောင်း ကိုရီးယား ၂ ကျော့ပြန် ၊ တစ် ယောက် မြန်မာပြည် ခွင့်အပြန်မှာ လေဆိပ်က အထွက်ကို မသိမသာ လွတ်ပေးလိုက်ပြီး ၊ ဗီဇာထပ် မပေးတော့ဖို့ရာ မြန်မာပြည်မှာရှိတဲ့ ကိုရီးယားသံရုံးသို့ ကြိုပြီး အကြောင်းကြားထား လိုက်လို့ ကိုရီးယားသို့ ပြန်မလာရတော့တဲ့ အဖြစ်လည်းရှိသလို ၊ အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာ(Multi-entry Visa) နှင့် ကိုရီးယား သို့ အကြိမ်ကြိမ် အဝင်အထွက် လုပ်နေတဲ့သူ တစ်ယောက် တစ်ခုသောမနက် ကိုရီးယား ပြန်အဝင်မှာ ကိုရီးယား တရားရုံးတစ်ခုရဲ့ အမိန့်အရ ပြန်ပြီး အကန်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေကြောင်း သိရပါတယ် ။

၂-ကကြီး လည်း အေးဆေးပါပဲ
နောက် ၊ စက်ရုံတစ်ရုံမှာ အဖမ်းခံပြီး ပြန်ပို့ခံလိုက်ရတဲ့ မြန်မာ တစ်စု အကြောင်း ပြောပြပါဦးမယ် ။ ၃ယောက်ပါ ။ သူဌေးက သူတို့ကို သဘောကျနေတော့ ပြန်ခေါ်ပေးပါတယ် ။ (ဘယ်လို ပြန်ခေါ်တယ်ဆိုတာကိုတော့ ဒီဆောင်းပါးနှင့် မဆိုင်လို့ ချန်ထားခဲ့ပါမယ်) ထုံးစံအတိုင်း နာမည်ပြောင်း ကိုရီးယား ပြန်လာကြတယ်လို့ ဆိုပါတယ် ။ လုံခြုံရေးအရ ၂ ရက် ခွဲပြီး ပြန်ဝင်လာကြသတဲ့ ။ ပထမနေ့မှာတော့ ၂ သုတ် ။ ဒုတိယအသုတ်မှာတော့ လူသစ် ၂ ယောက်တောင် အပိုပါသတဲ့ ။ နောက်တစ်နေ့မှာ တော့ ၁ ယောက်ထဲ အသုတ် ။ ပထမနေ့ ဝင်လာသူများ အမေးအမြန်း သိပ်မခံလိုက်ရပဲ ချောချောမောမော ဝင်လာကြတယ် လို့ ဆိုပါတယ် ။

ပိုက်စိပ်တိုက် အရှာခံရ
ပြဿနာက နောက်နေ့မှာ တက်တာပါ ။ နောက်နေ့ တစ် ယောက်ကို လေဆိပ်အဝင်မှာ အင်တာဗျူးလုပ်တော့ ကိုရီးယားလိုမေးသတဲ့ ၊ နားမလည်လို့ ကျေးဇူးပြုပြီး အင်္ဂလိုပြောပေးပါလို့ ၊ အင်္ဂလိပ်လိုပြောတော့ ၊ လေဆိပ် လဝက က တကယ်နားမလည်ဘူးလားလို့ ကိုရီးယားလိုဘဲ ပြန်မေးသတဲ့ ၊ ဟာ တကယ်နားမလည်လို့ပါလို့ သူက ကိုရီးယားလို ပြန်ပြောမိလိုက်သတဲ့ ။ အဲဒီမှာ ပိုက်စိပ်တိုက် အရှာခံ အစစ်ခံ လိုက်ရသတဲ့ ။ နောက်ဆုံး စပေါန်ဆာ(ခေါ်စာ)ပေးတဲ့ သူဌေးကို ပြန်လိုက် ။ ပြန်ခေါ်ပေးတာကလည်း မူလ သူဌေးရဲ့ ညီ ။ အိုကေပေါ့ ။ နောက်ဆုံး အပြင်မှာ လာကြိုတဲ့သူ ၊ ဘယ်သူလည်း ဆိုတော့ မူလ စက်ရုံက မန်နေဂျာဖြစ်နေသတဲ့ ။ အဲဒီမန်နေဂျာ ရဲ့ ဖုန်းနံပါတ်ပါ လိပ်စာကပ်ပြားမှ တစ်ဆင့် မူလစက်ရုံနာမည် ပြန်ပေါ် ၊ မူလစက်ရုံနာမည်ကတစ်ဆင့် အရင် အဖမ်းခံရတဲ့ သူတွေ စာရင်းပေါ် ၊ ဓါတ်ပုံများတန်းစီထွက်လာ ။ သူလည်း ကိုရီးယား ဝင်ခွင့်မရ ။ ယခင်နေ့က ကိုရီးယား ဝင်ထားတဲ့သူတွေထဲက လူသစ်များရော ၊ လူဟောင်းပါ နာမည်စာရင်းနှင့်တကွ ၊ ပြန်ခေါ်လာပေးဖို့ သူဌေး ဖိအားပေးခံရ သတဲ့ ။

ကံကောင်းပြီးရင်း ကောင်းနေတဲ့ ကိုကိုကံကောင်း
ကံကောင်းထောက်မစွာနှင့် ပြန်ခေါ်လာပေးဖို့ လေဆိပ်လဝက က ရေးပေးလိုက်တဲ့ အမည်စာရင်းမှာ မပါတဲ့ ပထမနေ့ ပထမဆုံး ဝင်လာတဲ့ သူတစ်ယောက်က တော့ ကံတော်ကံငြား နေကြည့်မယ်ဆိုပြီး ချန်ပြီးနေလာခဲ့တာ အခုထိ ကိုရီးယားမှာ ရှိနေတယ်လို့ဆိုပါတယ် ။

ရက်လွန်နေသွားတယ်ဆိုတာကို မယုံဘူးတဲ့
နောက် ကိုရီးယားမှာ ဗီဇာရက်လွန်နေထိုင်သူ အဖြစ်နေသွားပြီး ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Penalty Free) ပေးချိန် မြန်မာပြည် ပြန်သွားတဲ့သူ တစ်ယောက်အကြောင်းပြောပါဦးမယ် ။ အရင် နာမည်ဟောင်းနှင့် နိုင်ငံကူးလက်မှတ် အဟောင်းနှင့် ကိုရီးယားပြန်လာတာပါပဲ ။ နိုင်ငံကူးလက်မှတ်အဟောင်း က ကိုရီးယားမှာ ရှိတဲ့ မြန်မာသံရုံးက ထုတ်ပေးထားတဲ့ စာအုပ်လို့ဆိုပါတယ် ။ ဝင်လာတာက ခရီးသွား သင်တန်းကိစ္စနှင့် လို့ဆိုပါတယ် ။ ပြဿနာက လေဆိပ်အဝင်မှာ သူ့ရဲ့ ရက်လွန်နေထိုင်မှုမှတ်တမ်းကို ရှာမရတဲ့ ကိစ္စ ။ စာအုပ်က မြန်မာသံရုံး (ဆိုလ်း)က ထုတ်ပေးထားတာ ။ ကာယကံရှင်ကလည်း ဒီကိုရီးယားမှာ တရားမဝင်နေဖူးပါတယ်လို့ ပြောနေတယ် ။ သူ့မှတ်တမ်းတွေ ရှာမရလို့ဆိုပြီး ၊ အဝင်မခံပဲ အချိန်ယူပြီး အကြာကြီး စစ်နေလို့ နောက်ဆုံးအတူလာတဲ့ အခြားကုမ္ပဏီမှ အရာရှိတစ်ယောက်က အာမခံပေးလိုက်ရသတဲ့ ။ ကင်းလွတ်ခွင့်ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို စစ်ဆေးတဲ့ အရာရှိက မေ့နေဟန်တူပါတယ် ။

ကိုကိုကွန်လည်း မတတ်နိုင်
ကျနော် ဆိုချင်တာက နိုင်ငံခြားသားတစ်ယောက်ရဲ့ ပြည်ဝင်မှတ်တမ်းအဟောင်းများ ၊ ကိုယ်ရေး အချက်အလက် အဟောင်းများကို ရှာဖွေ၍ တွေ့ မတွေ့ ဆိုတဲ့ အချက်ဟာ ကွန်ပြူတာစနစ် ဆိုတာထက် စစ်ဆေးတဲ့ အရာရှိရဲ့ စေတနာပေါ်မှာ အများကြီး မူတည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ် ။
ဥပမာအားဖြင့် ၊ မြန်မာပြည် ရွှေဘိုဇာတိသားများ ရှာမည်ဆိုပါစို့ -
MMR, SHWEBO ဆိုလျင် ကွန်ပြူတာက ကိုရီးယား ပြည်ဝင်မှတ်တမ်း ရွှေဘိုဖွား တစ်ထောင်ရှိလျင် တစ်ထောင်စလုံးကို ရှာပေးပါလိမ့်မယ် ။ တစ်မျက်နှာ ၂၅ ဦး ဖော်ပြပေးသည် ဆိုပါစို့ စာမျက်နှာ စုစုပေါင်း ၄၀ ရှာရပါလိမ့်မယ် ။ ရှာဖွေတဲ့ အရာရှိက အခြားလုပ်စရာများရှိနေသဖြင့် ဒါမှမဟုတ် အိမ်က မိန်းမထံမှ အရေးကြီး ဖုန်းဝင်လာသဖြင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့်၂၅ မျက်နှာ အထိပဲ ရှာပြီး ၊ နောက်စာမျက်နှာတွေ ဆက်မကြည့်ဖြစ်ဘူး ဆိုလျင် စာမျက်နှာ ၂၆ နောက်ပိုင်း ရွှေဘို ဇာတိဖွားများစာရင်း ကို တိုက်ဆိုင် စစ်ဆေးနိုင်မည် မဟုတ်ပါ ။

နောက်တစ်နည်း ကွန်ပြူတာက လုပ်ပေးနိုင်သည်မှာ ၊ ရာခိုင်နှုန်းအပြည့် ကွက်တိ တူညီသည့် အချက်အလက်များ ကို ရှာဖွေ၍ မရှိလျင် အနီးဆုံးတူညီသည့် အချက်အလက်များကို ရှာဖွေပေးနိုင်ခြင်း ဖြစ်ပါသည် ။ ကွန်ပြူတာက ရှာဖွေပေးထားသည့် အနီးဆုံးတူညီသည့် အချက်အလက်များမှာ ရှာဖွေလိုသူက ၄င်းလိုချင်သည့် အချက်အလက် အမှန် ဟုတ်မဟုတ်ဆိုသည်ကိုတော့ ရှာဖွေခိုင်းသည့် လူ ပုဂ္ဂိုလ်ကပင် အဆုံးအဖြတ်ပေးရပါလိမ့်မယ် ။

ကွန်ပြူတာက ရိုးသား မှန်ကန်တိကျစွာ အဖြေထုတ်ပေးနိုင်သည်ဆိုသော်လည်း ၊ ကွန်ပြူတာက ထုတ်ပေးတဲ့အဖြေကို လူက အရေးတယူ တလေးတစား အတည်ပြု လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုလျင် ၊ အမှတ်မဲ့ ဖြစ်နေမယ်ဆိုလျင် ကိုကိုကွန်ပြူတာ ခမျာလည်း အဖြေထုတ်ပေးနိုင်တာကလွဲပြီး ဘာမှ တတ်နိုင်လိမ့်မည်မဟုတ်လို့ ယူဆကြောင်း ပါခင်ဗျား ။
အားလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ -

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)


1 comment:

heinlattsoe said...

ကျွန်တော်လဲ၂ကကြီးတစ်ယောက်ပါ။အခြေအနေ၇နာမည်ချိန်းပြီးတက်လာသူပါ။အခုအစ်ကို့ဆောင်းပါးဖတ်ပြီးကျွန်တော်ကုသိုလ်ကံရှိသရွေ့ တော့ ဒီမှာနေခွင့်၇လိမ့် မယ်ထင်ပါတယ်။အစဉ်အားပေးလျှက်ပါ.....ဟန်းဂုရွာအစဉ်တည်တံ့ပါစေ.