Tuesday, March 12, 2013

မတ် ၁၃မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့



၁၉၈၈ခုနှစ် မတ် ၁၃ ရက် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကို မဆလ အစိုးက မတရား ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကျနော့်အနေနဲ့ အင်တာနက်များကတဆင့် တတ်နိုင်သ၍ လက်လှမ်းမီသ၍ ရေးသားဖော်ပြလိုက်ပါသည်။ မြန်မာနိုင်ငံဘွား တိုင်းရင်းသားများကို ချစ်ခင် လေးစားလျက် ဇော်မိုးအောင် (ကိုရီးယား) ၁၉၈၉ ခုနှစ် ကိုဖုန်းမော် ကျဆုံးသည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီနေရာကို နှိပ်ပါ။  ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက် မြန်မာနိုင်ငံမှာ အသုံးပြုနေသည့် ၂၅ ကျပ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန် ငွေစက္ကူများကို စစ်အရေခွံချွတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါသည်။ ယခင်ကလည်း ၁၀၀ ကျပ်တန် (ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့ အ၀တ်အစားနှင့် မြန်မာ့ခေါင်းပေါင်းပုံပါ) တွေ သိမ်းတုန်းကလို ပြန်လည် လဲပေးမလားဆိုသည့် အသိတွေနှင့် ပြည်သူတွေက စောင့်မျှော်နေခဲ့ပေမယ့် ပြန်လည် လဲပေးခြင်း မရှိခဲ့ပါ။ တဆက်တည်း အဲဒီအချိန်မှာ ရန်ကုန် စက်မှုတက္ကသိုလ်မှာ စာမေးပွဲ ကျင်းပနေချိန်ဖြစ်ပါသည်။ အဲဒီအချိန်မှာ စက်မှုတက္ကသိုလ် ပါမောက္ခချုပ်က ဦးခင်အောင်ကြည်နှင့် မော်ကွန်းထိန်းက ဦးသက်လွင်တို့ ဖြစ်ကြပါသည်။ စာမေးပွဲရက်အတွင်း ငွေစက္ကူတွေ အသိမ်းခံရတော့ သုံးစွဲဘို့ ပိုက်ပြတ်တဲ့ ကျောင်းသားတွေက ကျောင်းအဆောင်အပြင်ကို ထွက်လာကြပြီး တချို့က ကျောင်းရှေ့ တိုင်လုံးကြီး အောက်မှာ ထိုင်သူ ထိုင်နေကြ၊ တချို့က အင်းစိန် လမ်းမကြီးဘေး လူသွား စင်္ကြန်လမ်းပေါ်တွင် ထိုင်သူ ထိုနေကြယင်း တစ်ယောက် တစ်ပေါက် ပြောကြဆိုကြနေရာက ဒေါသတွေ ပေါက်ကွဲပြီး စိတ်ဓာတ်များ ကျနေကြပါသည်။ အင်းစိန် လမ်းမကြီး လူသွား စင်္ကြန်လမ်းပေါ်တွင် ထွက်ထိုင်နေကြသည့် ကျောင်းသား တချို့က သုံးလို့ မရတဲ့ ငွေတွေကို မီးရှို့ကွာ ဆိုပြီး ငွေစက္ကူတွေကို မီးရှို့ ဖျက်ဆီးကြပါတော့သည်။ မီနစ် အနည်းခန့် အကြာမှာ သမိုင်းလမ်းဆုံးဘက်မှ မောင်းလာသည့် ပြည်သူ့ လုပ်အား ပြန်လည် နေရာချထားရေး ဦးစီးဌာန တံဆိပ် တပ်ထားသည့် မာဇဒါ ဂျစ် တစ်စီးက ကျောင်းသားတွေ အုပ်စုနား ရောက်တော့ ပြင်းထန်းစွာ ကားဘရိတ်ကို အုပ်လိုက်ပြီး ကားပေါ်က အရက်မှုးပုံ ပေါက်နေသည့် အရာရှိဖြစ်ဟန်တူသည့် ဆင်းလာပြီး ဘီပီအိုင် လမ်းကြားထဲသို့ ပြေးဝင်သွားခဲ့ပါသည်။ ကျောင်းသားတွေကလည်း ဒါ မဆလ ကားပဲကွာ ချကြ၊ ရိုက်ကြ၊ လူကိုတော့ မထိ့စေနဲ့ ဆိုပြီး ကားကို မီးရှို့လိုက်ကြပါတော့သည်။ အဲသည်အချိန်မှာ ကျောင်းဝန်းထဲက ကျောင်းသား ကိုယ်စားလှယ် ၅ ဦးက မော်ကွန်းထိန်း ဦးသက်လွင်နှင့် ပါမောက္ခများကတဆင့် ပညာရေး ၀န်ကြီး ဦးကျော်ငြိမ်းထံသို့ ကျောင်းများ ပိတ်ပေးရန်နှင့် သိမ်းထားသော ငွေစက္ကူများ ပြန်လဲပေးရန်တို့ကို တောင်းဆိုမှုများ ပြုလုပ်ကြပါသည်။ ပညာရေး ၀န်ကြီး၏ တုန့်ပြန်ချက်ကတော့ ကျောင်းများကို ပိတ်ပေးပြီး ကျောင်းသူကျောင်းသားများကို နေရပ် ပြန်ပို့ပေးမည်ဟု ဆိုလာကြပါပေမယ့် ငွေ စက္ကူများကို ပြန်လဲပေးရန်ကိုတော့ မဆလ၏ ထုတ်ပြန်ချက်ဖြစ်သည့်အတွက် မလိုက်လျောနိုင် ဟု ဆိုလာသည့်အပေါ် ကျောင်းသားများက လိုက်လျောခဲ့ပါသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက် ၂ နာရီကျော်လောက်မှာ ဒဂုံ(မန်း)၊ မြေလတ်သား၊ ရာမည စသည့် ကားကြီးတွေ စက်မှုတက္ကသိုလ် (RIT) ၀န်း အတွင်းသို့ ၀င်ရောက်လာကြပါသည်။ ဘီ အဆောင်မှူး ဦးဘမြင့်က ကျောင်းသား တစ်ယောက်ကို ၂၀၀ ကျပ်ဆီ ခရီးစရိတ်ကို ထုတ်ပေးပြီး နီးစပ်ရာ ဘူတာရုံ၊ ကားဂိတ်၊ လေဆိပ်များမှတဆင့် မိမိတို့၏ အိမ်သို့ ပြန်ကြရန် လိုက်ပို့ပေးပါသည်။ ပညာရေး ၀န်ကြီး၏ ပြောဆိုမှုနှင့် ကွဲလွဲနေသည့်အတွက် ကျောင်းသားတွေ၏ ရင်ထဲမှာ ဒေါသတွေ စွန်းထင်သွားခဲ့ကြရပါတော့သည်။ ၁၉၈၈ ခုနှစ် ဇန်န၀ါရီလမှာ ကျောင်းတွေ ပြန်ဖွင့်ပြီး မကြာမီ နယ်အသီးသီးမှ မိဘ၊ ဆွေမျိုးတွေများက လွှဲပေးလိုက်သော ငွေများကို အင်းစိန် စာတိုက် ၀န်ထမ်း တချို့က တလွှဲသုံးစားပြုလုပ်ထားသောကြောင့် ချက်ခြင်း ထုတ်လို့ မရသည့်အတွက် ငွေထုတ်ကြသည့် ကျောင်းသားတွေနဲ့ အင်းစိန် စာတိုက်က ၀န်ထမ်း တချို့နဲ့ အချင်းများကြပါတော့သည်။ ဒါနဲ့ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က အင်းစိန်မြို့နယ် ရဲမှူး၊ စာတိုက်မှူးတို့နှင့် ညှိနှိုင်းပြီး လွှဲငွေများကို နယ်များမှ ရောက်ရောက်ချင်း ထုတ်ပေးပါ့မယ်လို့ အင်းစိန် စာတိုက်မှူးက ၀န်ခံ ကတိပေးခဲ့သည့် အပေါ် ကျောင်းသားများက လက်ခံခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၂ ရက် စနေနေ့ ညနေပိုင်း မှောင်ရီဖြိုးဖျဖျ အချိန်မှာ စက်မှု တက္ကသိုလ်၏ မျက်နှာချင်းဆိုင် အင်းစိန် လမ်းမကြီး တဘက်ဘေးမှာ ရှိသည့် စန္ဒာဝင်း လက်ဘက်ရည်ဆိုင်ထဲမှာ နွားထိုးကြီးက ၀င်းမြင့်၊ ပုလဲက ၀င်းမြင့်နှင့် ကိုကျော်စံဝင်းတို့ ၃ ယောက် ပုံမှန် လက်ဘက်ရည်ဆိုင်နေကြအတိုင်း လက်ဘက်ရည် ထိုင်သောက်ယင်း စိုင်းထီးဆိုင်၏ သီချင်းကို နားထောင်နေကြသည်။ စိုင်းထီးဆိုင် သီချင်းကို နားထောင်နေယင်း နွားထိုးကြီး ၀င်းမြင့်က ဇော်ဝင်းထွဋ် သီချင်းကို ဖွင့်ပေးရန် ဆိုင်ရှင်အားပြောရာ ဆိုင်ရှင်က ဇော်ဝင်းထွဋ် ခွေ မရှိ တူးတူးခွေသာ ရှိကြောင်း ပြောသည်။ ထိုအခါ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်နေသူ အရက်မှုးနေသော အရပ်သား တစ်ဦးက စိုင်းထီးဆိုင်အခွေ နားမထောင်ချင်ယင် ပြန်ပေါ့ကွာ ဟု ခပ်ပြတ်ပြတ် ပြောပြီး ဘုကြည့်ကြည့်နေသည်။ နွားထိုးကြီး ၀င်းမြင့်က အကိုတို့ ဖွင့်ခိုင်းထားတာ မသိလို့ ပြောတာဟု တောင်းပန်လိုက်သည်။ အရက်မှူးနေသည့် အရပ်သားလူငယ် မင်းတို့ရှိယင် မထိုင်ဘူးကွာ ဟု ပြောပြီး ထထွက်သွားသည်။ ခဏအကြာတွင် ထိုသူများ မှုးနေမှန်း သိသဖြင့် ထပြန်ရန် အထတွင် ဒုတိယနှစ် ကျောင်းသား နွားထိုးကြီး ကိုဝင်းမြင့်ကို ရုတ်တရက် ထိုင်ခုံနဲ့ ဂေါင်းကို ရိုက်ချလိုက်ပြီး အရက်မှုးနေသည့် ကျန် အရပ်သား ၃ ဦးကလည်း နွားထိုးကြီး ကိုဝင်းမြင့်ကို ၀ိုင်းရိုက်ကြပါတော့သည်။ ရုန်းယင်းစံခိုက်ဖြစ်ပွားယင်းက နွားထိုးကြီး ကိုဝင်းမြင့်နှင့် ကိုကျော်ဆန်းဝင်းတို့ အပြင် အရပ်သား ကိုကျော်ညွှန့် (ခ) ကိုဂွက်ထော်တို့ ဒဏ်ရာရရှိခဲ့ကြသည်။ ထို ရန်ပွဲသို့ ရပ်ကွက် ပြည်သူ့ ကောင်စီ အတွင်းရေးမှူး ဦးကြီးမြင့်က ရောက်ရှိလာ၍ ဖြန်ဖြေပေးမှုကြောင့် ကျောင်းသားများ သက်သာရာရရှိသွားကြောင်း ဆိုင်ရှင် ဒေါ်စောရီက ပြောပြပါသည်။ စကားများ ရန်ဖြစ်ယင်း ကျောင်းသားများက ကျောင်းဝန်းထဲသို့ ပြေးဝင်လာပြီး ဒဏ်ရာရရှိသည့် နွားးထိုးကြီး ကိုဝင်းမြင့်၏ ဂေါင်းဒဏ်ရာများသည့်အတွက် ဆေးခန်းသို့ ပို့လိုက်ကြပါသည်။ ၄င်းနောက် ကျောင်းသား တချို့က ရိုက်သူကို သိသွားပြီး ကိုဟင်းလမ်း၊ လမ်းသွယ် ၂ ရှိ ရပ်ကွက် ကောင်စီ၏ ဥက္ကဌ ဦးညွှန့်ကြိုင် အိမ်သို့ သွားရောက်ပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်၏ အိမ်ဇယားကို တောာင်းယူ ကြည့်ရှုပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်၏ ပထွေးဖြစ်သူ ရပ်ကွက် ကောင်စီဝင် ဦးဗိုလ်ချုပ်တို့ နေထိုင်သည့် အိမ်သို့ သွားရောက်ပြီး ညီညီလွင်ကို ထုတ်ပေးရန် တောင်းဆိုကြပါသည်။ ကျောင်းသားများက ယခု တောင်းဆိုနေခြင်းမှာ ယခင်ကလည်း အာဏာပိုင်တွေက အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် တရားမျှတမှုကို လိုလားသောကြောင့် ယခု သွားရောက် တောင်းဆိုနေခြင်းဖြစ်သည်။ ကျောင်းသား စုရုံး တောင်းဆိုနေကြောင်းကို တက္ကသိုလ်က ဆရာများ သိသွားပြီး ကျောင်းသားများ စုရုံးရာ နေရာသို့ ချက်ခြင်း လိုက်သွားပြီး တရားမျှတစွာ ဖြေရှင်းပေးနိုင်ရန်အတွက် ရပ်ကွက် ကောင်စီရုံးတွင် အင်းစိန်မြို့နယ် ရဲစခန်းမှူး ဦးညွှန့်မောင်၊ ဒု ရဲအုပ် ဦးလှမောင်နှင့် နယ်ထိန်းများနှင့် တွေ့ဆုံပြီး ကျောင်းသားများကို ရိုက်သည့် တရားခံများကို ညတွင်းချင်း ဖမ်းဆီးပြီး ဥပဒေအရ အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း ပြောဆိုရာ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က တကယ် မဟုတ်သူအား အရေးမယူရန်နှင့် တကယ်ရိုက်သော ကလေးကိုသာ အရေးယူရန် ပြောဆိုပါသည်။ ကျောင်းသားများကလည်း ဆရာများ ကြေနပ်သောကြောင့် လူစုခွဲပြီး တက္ကသိုလ်သို့ ပြန်လာခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက် နေ့လည်လောက်အချိန်တွင် ရပ်ကွက် ကောင်စီ ဥက္ကဌ ဦးညွှန့်ကြိုင်က ညီညီလွင် (ခ) ဇော်ဇော်အောင်အား မဖမ်းရန် အင်းစိန်မြို့နယ် ရဲစခန်းသို့ ဖိအားပေး လာဘ်ထိုးခဲ့သဖြင့် ဖမ်းဆီးခံ တရားခံ ညီညီလွင် (ခ) ဇော်ဇော်အောင်ကို ပြန်လွှတ်ပေးလွှတ်ပေးလိုက်သည်။ ထိုသတင်းကို ကျောင်းသားများ ကြားသိရပြီး ည ၈နာရီခန့်တွင် ကျောင်းသား အယောက် ၃၀ ခန့် လူစုပြီး ညီညီလွင် (ခ) ဇော်ဇော်အောင်ကို သွားရောက်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုကြရာ ပထမပိုင်းတွင် လမ်းမီးများ လင်းနေသော်လည်း ကျောင်းသားများ ကြွေးကြော်နေစဉ်မှာ လမ်းမီးများ ပိတ်သွားခဲ့ပါသည်။ ညီညီလွင် (ခ) ဇော်ဇော်အောင်တို့ မိသားစုနှင့် အိမ်နီးနားချင်းတို့သည် လယ်ကွင်းထဲတွင် ထွက်ပြေး ပုန်းရှောင်နေကြသည်။ လမ်းများ မီးမှောင်ချပြီးနောက် လူမမှားစေရန် အကျီ င်္ချွတ်များက ကျောင်းသားများကို တုတ်၊ ဓားနှင့် ၀င်ရောက် ရိုက်၊ခုတ်ကြပါတော့သည်။ ထိုသတင်းကို ကြားသိရသော ပါမောက္ခချုပ်နှင့် ဆရာများ ချက်ခြင်း လိုက်လာပြီး ရပ်ကွက် ကောင်စီရုံးသို့ သွားရာ ရပ်ကွက် ကောင်စီရုံးကို ပိတ်ထားသည်ကို တွေ့ရသည်။ ဆရာများ ပါလာသော ကားများဖြင့် ဓားခုတ်ခံရသော ကျောင်းသားများကို ထမ်းသယ်ပြီး ဆေးရုံသို့ ပို့လိုက်ရသည်။ ကျောင်းသားများ အဆောင်သို့ ပြန်လာပြီး မကြာမီ ရပ်ကွက် ကောင်စီရုံးနားက သမ၀ါယမဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သမ၀ါယမဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ သမ၀ါယမဆိုင် ညစောင့်မှာ ဦးလှသောင်းဖြစ်သည်။ သမ၀ါယမ မီးလောင်မှုနှင့်အတူ အဆောက်အအုံ ၃လုံးလည်း မီးထဲပါသွားပါသည်။ သမ၀ါယမဆိုင် မီးလောင်နေချိန်တွင် ကျောင်းသားများ ကိုဟင်လင်းသွယ်တွင် မရှိကြတော့ဘဲ ဘီဘီအိုင် အင်းစိန် လမ်းမကြီးပေါ် ရောက်နေကြသည်။ အဲသည်အချိန်မှာ အိမ်တအိမ် ကျောင်းသားတွေ သမဆိုင်ကို မီးရှို့ကုန်ပြီ တစ်အိမ် တစ်ယောက်ထွက်ကြ ဆိုပြီး အော်ဟစ်ပြောဆိုသဖြင့် အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့ရပါတော့သည်။ ရပ်ကွက်သားတွေလည်း ဘီဘီအိုင် လမ်းမပေါ်အရောက် ကျောင်းသားတွေနှင့် တွေ့မိကြပြီး စကားများ ရန်ဖြစ်နေကြစဉ် ရုတ်တရက် မမျှော်လင့်သည့် မြင်ကွင်း တစ်ခုက ကျောင်းသားများကို စောင့်ကြိုနေတာက မီးသတ်ပိုက်တွေ အသင့်ပြင် ကိုင်ထားတဲ့ မီးသတ်ကားနဲ့ မီးသတ် ရဲဘော်တွေက အသင့်စောင့်နေကြပါသည်။ ရပ်ကွက် လူကြီးတချို့က ရပ်ကွက်သားများကို ထိန်းနေသလို ဆရာ၊ ဆရာမနှင့် အဆောင်မှူးတွေကလည်း ကျောင်းသားတွေ နောက်ကို လိုက်လားပြီး နေချိန်မှာ မရမ်းကုန်းလမ်းဆုံဘက်မှ ရဲချုပ်ကား၊ လုံထိန်းကားများနှင့် နိုင်းတူးနိုင်း ကားနက်ကြီး တစ်စီးတို့က ကျောင်းသားတွေနှင့် ရပ်ကွက်သားတွေ ကြားမှာ ၀င်ရပ်လိုက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်ဒီ၊ တိုင်းရဲမှူး ဦးဖေကြည်တို့ ကားတွေက ဘီပီအိုင် ဆေးဝါးစက်ရုံ လမ်းကြားထဲကို ၀င်သွားခဲ့ပါသည်။ ကားကြီးတွေပေါ်က ၀တ်စုံ ပြည့်နှင့် သံခမောက်၊ ဒိုင်းများ၊ ဂန်းပိုက်များ၊ သေနတ်များစသည့် လက်နက် အပြည့်အစုံ ကိုင်လာသော လုံထိန်များက နေရာယူလိုက်ကြပြီး သေနတ်တွေနှင့် ကျောင်းသားတွေဘက်ကို ချိန်ထားလိုက်ပါတော့သည်။ ကျောင်းသားနှင့် ရပ်ကွက်သားတွေ၏ ရန်ပွဲမှ တဆင့် ရင်ထဲမှာ အောင်းနေသော ဒေါသမီးများက ကျောင်းသားတွေကို သေနတ်တွေနဲ့ ချိန်ထားသည့် လုံထိန်တွေဆီကို ရောက်သွားချိန်မှာ အဆောင်မှူးနှင့် ဆရာတွေက အော်ဟစ် တားမြစ်သံတွေ ကြားထဲကနေ တဖောင်းဖောင်းနှင့် သေနတ်တွေက မိုးပေါ်ကို ထောင်ပစ်လိုက်သည့် အသံကြီးတွေ ထွက်ပေါ်လာပြီးနောက် မျက်ရည်ယို ဗုံးများကိ ကျောင်းသားတွေ ကြားထဲကို ပစ်သွင်းလိုက်ရာ အဆောင်မှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများသည် စက်မှုတက္ကသိုလ် ကျောင်းဝန်း အတွင်းသို့ ပြေးဝင်ကြရပါတော့သည်။ သေနတ်တွေ ကိုင်ထားသည့် လုံထိန်းတွေ မျက်ရည်ယို ဗုံး ပစ်ခွဲပြီး လူစုခွဲရုံတင် မကဘဲ ကျောင်းထဲသို ပြေးဝင်သွားကြသည့် ကျောင်းသားတွေနောက်ကို အတင်းလိုက်ပြီး ပစ်ခတ်ရာ ကိုဖုန်းမော် (ဓာတုအင်ဂျင်နီယာ)၊ ကိုစိုးနိုင ( စက်မှုအင်ဂျင်နီယာ၊ ပုသိမ် )၊ ကိုမြင့်ဦး (စက်မှုအင်ဂျင်နီယာ၊ ပြွန်တန်ဆာ)တို့ ဒဏ်ရာ ပြင်းထန်စွာ ရလိုက်ပြီး ကိုဖုန်းမော်ကို ဆရာ ဦးသိန်းထွန်းအောင်က ၀င်ဆွဲရာ ဆရာ့လက်ပေါ်မှာဘဲ ကိုဖုန်းမော် သေဆုံးသွားခဲ့ရပါသည်။ နောက် ၂ဦးဖြစ်သည့် ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ဆွဲခေါ်လာကြပေမယ့် လုံထိန်းတပ်က သေနတ်တွေနှင့် တရစပ် ပစ်နေကြလေတော့ ကျန်ကျောင်းသားများကိုလည်း ၀င်ရောက် ဆွဲခေါ်ဘို့ မတတ်နိုင်ဘဲ ရှိနေရသည်။ ကျောင်းသားတွေ အားလုံးက ကျောင်းဆောင်တွေထဲသို့ ခြေကုန်ပစ် ၀င်ခဲ့ကြပေမယ့် ကျောင်းသား ၂၀ ဦးခန့် သေနတ် ဒဏ်ရာရရှိခဲ့ကြပါသည်။ သေနတ်တွေက တိတ်ဆိတ်သွားခဲ့ပြီး မကြာမီ ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ဆေးရုံပို့ရန် စီစဉ်ယင်းက အရေးပေါ် စည်းဝေး တိုင်ပင်ကြပြီး ပညာရေးဝန်ကြီးထံသို့ ကျောင်းဝန်းအတွင်း ကျောင်းသားများ ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သတင်းများ အမှန်အတိုင်း ထုတ်ပြန်ကြေညာပေးရန်၊ သေဆုံးသွားသည့် ကျောင်းသားများနှင့် ဒဏ်ရာရ ကျောင်းသားများ၏ မိသားစုများအား ထိုက်တန်သည့် လျော်ကြေးပေးရန်၊ သေဆုံးသွားသည့် ကျောင်းသားများအား နိုင်ငံတော် ဈာပန အခမ်းအနားဖြင့် ထိုက်တန်စွာ ဂုဏ်ပြု သဂြို င်္ဟ်ပေးရန်၊ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် တရားခံများကို အစစ်အမှန်များကို ပြစ်ဒဏ်ပေးရန်၊ ကျောင်းသားများ၏ အခွင့်အရေးကို တာဝန်ယူ ဆောင်ရွက်ပေးနိုင်သည့် တရားဝင် ကျောင်းသား သမဂ္ဂ အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းခွင့် ပေးရန်၊ ကျောင်းများ မပိတ်ရန်၊ ကိုဖုန်းမော်၏ ဈာပနာကို ကျောင်းသားများ ကိုယ်တိုင် ဦးဆောင် ကျင်းပခွင့် ပေးရန် စသည့် အချက် ၇ချက်ကို ပညာရေး ၀န်ကြီးထံသို့ တောင်းဆိုလိုက်ကြပြီး ကျောင်းသား ၁၃ ဦးက ကျစ်လစ်သော အမာခံ သွေးသောက်အဖွဲ့ကို ဖွဲ့စည်း၍ အသက်အသေခံ တိုက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ကြသည်။ ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်ဒီသည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ပေါက်ချလာပြီး ကျောင်းသားများ၏ တောင်းဆိုချက်တွေကို ပယ်ချလိုက်ကြောင်း ကြေညာလိုက်ရာ စက်မှု တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ ကျောင်းသားတွေသည် ပင်မ အဆောက်အအုံကြီး ရှေ့မှာ ည ၁၂ နာရီ ထိုးခါနီးမှာ ပြန်လည် စုမိကြရာ ရှေ့ဆက်လုပ်ရမည်များကို တိုင်ပင် ဆွေးနွေးချက်တွင် ကိုဖုန်းမော် သွေးမြေကျခဲ့သည့် နေရာမှာ တော်လှန်ရေး ကြယ်ပွင့်လေးများ ပြုလုပ်ဘို့ ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။ မြို့ပြ အင်ဂျင်နီယာ ကျောင်းသားများက ဦးဆောင်ပြီး ကိုဖုန်းမော် ကျဆုံးခဲ့သည့် ပင်မ် အဆောက်အအုံ၏ သြဘာလမ်းထိပ် နေရာမှာ ကျောင်းတွင်း မြို့ပြ အင်ဂျင်နီယာဌာနမှာ ရှိသည့် ဘီလပ်မြေ အုတ်ကျိုးလေးတွေနှင့် ကြယ်ပွင့်လေးတွေ စတင် တည်ဆောက်လိုက်ပြီး တစ်ကျောင်းလုံး အနှံ့လိုက်ပြီး သေနတ် ကျည်ခွံတွေ၊ မီးကျည်ခွံတွေ၊ မျက်ရည်ယို ဗုံးခွံတွေ၊ ကျောင်းသားတွေ့၏ မီးပေါက်ရာ အ၀တ်အစားတွေ၊ သွေးစွန်းနေသည့် အ၀တ်အစားတွေကို လိုက်ရှာ စုဆောင်းပြီး ကြယ်ပွင့်ထဲကို စုထည့်ပြီး စွယ်တော်ရွက်တွေကို ဆေးလိပ် မီးနှင့် တို့ကာ အပေါ်က ဖြန့်ကြဲပြီး ကြယ်ပွင့်တွေကို ပိတ်လိုက်ကြသည်။ စက်မှု တက္ကသိုလ် ကျောင်းဝန်းထဲမှာ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် စွယ်တော် ပွင့်တွေနှင့် ပန်းခွေကို ပြုလုပ်ပြီး ကျောင်းသား တစ်ယောက်က လက်ဝဲ စားလုံးနှင့် ကိုဖုန်းမော် အမည်ကို ရေးပြီး ပန်းခွေမှာ ကပ်လိုက်ရာ ကျောင်းသားများ၏ အံကြိတ် တောက်ခံသံတွေ၊ ကျောင်းနံရံကို ခေါင်းနဲ့ ဆောင့်ပြီး ငိုကြွေးသံတွေ ထွက်ပေါ်ပြီး ပန်းခွေရှေ့မှာ ဒူးထောက် ဦးစိုက် ငိုကြွေးနေကြသည့် ကျောင်းသားတွေကို လမင်းရောင် အောက်မှာ မြင်တွေ့နေကြရပါသည်။ နံနက် ၅နာရီ ၂၅ မီနစ်မှာ ကျောင်းသားတွေက တိတ်ဆိတ်စွာ ကျောင်းကို တစ်ပတ်ပတ်ပြီး ကြယ်ပွင့်ရှေ့မှာ ပန်းခွေချ အလေးပြုခဲ့ကြပါသည်။ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် ကိုစိုးနိုင်နှင့် ကိုမြင့်ဦးတို့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ရာ သီးသန့် လူနာဆောင်တွင် ထားပြီး ရဲတွေက စောင့်နေပါတော့သည်။ ကိုစိုးနိုင်၏ အသည်းထဲသို့ ကျည်ဆံ ၀င်သွားသည့် ဒဏ်ရာ၊ ကိုမြင့်ဦးကတော့ ၀မ်းဗိုက်နှင့် ဆီးအိမ်မှာ သေနတ် ဒဏ်ရာတွေ ရှိနေသည့် ကြားထဲက ကျောင်းသား ၂ ဦး၏ လက်တွေ ခြေတွေကို သံကြိုးတွေနှင့် ချည်ထားသည့်အပြင် အရေးပေါ် ခွဲစိတ်ရန် ဆရာဝန်များက တင်ပြပေမယ့် အာဏာပိုင်များက တားမြစ်ခဲ့တယ်လို့ ကြားသိရပါသည်။ ကျည်သင့် ဒဏ်ရာရှိထားသည့် ကျောင်းသား ၆ ယောက်ကိုလည်း လက်ထိပ်ခတ်ပြီး လှိုင်ရဲစခန်းသို့ ခေါ်သွားရာ ၄ ဦးမှာ သတိလစ် မေ့မြောနေတယ် သိရပြန်ပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၄ ရက် တနင်္လာနေ့ (စတုတ္ထအကြီမ်မြောက် ပြည်သူ့လွှတ်တော် ဆဌမမြောက် အစည်းအဝေး ကျင်းပသည့်နေ့ ) မှာ လေးလံသော ခြေလှမ်းများ၊ ညိုးနွမ်းနေသော စိတ်နှလုံးတွေနဲ့ မတ်လ၏ နွေအပူတွေနှင့် ရောပြွန်ပြီး စာသင်ခန်းဆီသို့ တက်ရောက်ခဲ့ကြရာပေမယ့် စိတ်တွေက တနေရာဆီသို့ လွှင့်ပါးနေကြစဉ် နေ့လည် ၁ နာရီမှာ မြန်မာ့အသံ သတင်းကနေ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင်း ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင်း အတွင်းလူနာအဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ်တစ်ပတ် လုပ်ပြီး ကြေကြာသံနှင့်အတူ ပညာရေး ၀န်ကြီး ဦးကျော်ငြိမ်း အစား ဒေါက်တာ ကျော်စိန်ကို ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာသံကို ကြားလိုက်ကြရတော့ စက်မှု ကျောင်းသားများသည် ဒေါသတွေ ပေါက်ကွဲကုန်ပြီး တောင်းဆိုချက် ၇ ချက်နှင့် ဖုန်းမောင် ကျဆုံးခဲ့ရသည့် ဖြစ်ရပ်မှန်ကို ကြေညာ ၂ စောင် စာရိုက် ထုတ်ဝေ၊ အစည်းအဝေး ထိုင်ကြပြီး တခြား တက္ကသိုလ်များသို့ သွားရောက်ပြီး စာရွက်စာတမ်းများကို ဝေငှကြပြီး ဖြစ်ရပ်မှန်တွေကို လိုက်လံ ဟောပြောကြသည်။ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် ၇ ချက်နှင့်အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မဆလ အစိုးရ၏ လုံထိန်းများ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်နှင့် မော်ကွန်းထိန်း ဦးဘိုအေးတို့ တာဝန်ယူ လက်မှတ်ရေးထိုး တင်ပြပေးသည်ကို ပညာရေးဝန်ကြီး သစ် ဒေါက်ကျော်စိန်က မတ် ၁၄ ရက်မှာ စတင် တာဝန်ထမ်းဆောင်တာဖြစ်သည့်အတွက် သူနှင့် မသက်ဆိုင်ကြောင်း အထက်ကို တင်ပြပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် စက်မှုတက္ကသိုလ်ဝန်းအတွင်း သွေးမြေကျခြင်းမှာ မဆလ၏ လက်အောက်ခံ လုံထိန်းများဖြစ်ကြောင်းကို ပါမောက္ခချုပ်နှင့် မော်ကွန်းထိန်း ဦးဘိုအေးအပါအ၀င် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများက ကျောင်းသား ကျောင်းသူများ ကိုယ်စား ၀န်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ကျောင်းသားများ တတိယအကြီမ်မြောက် ထပ်မံ ထုတ်ဝေပြီး တခြား ကောလိပ်၊ တက္ကသိုလ်များကိုပါ ဖြန့်ဝေခဲ့ကြပါသည်။ မတ် ၁၄ ရက် ည ၈ နာရီ မြန်မာ့အသံ သတင်းကနေ စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်းသားများ ရန်ဖြစ်ကြရာက ကျောင်းသား မောင်ဖုန်းမော် ဓားထိုးခံရပြီး သေဆုံးခဲပါသည် လို့ ကြေညာပြီး လုံထိန်းများ ပစ်ခတ်မှု သတ်ဖြတ်သည်ဆိုသည့် ဖြစ်ရပ်မှန်နှင့် ကျောင်းသားများကို တောင်းပန်ကြောင်း သတင်းများ မပါဝင်လာသည့်အတွက် ကျောင်းသားများ အားလုံး ဒေါသများ ပေါက်ကွဲ ထွက်လာကြပြီး အဆောင် ပြူတင်းပေါက်တွေကို ရိုက်ချိုးကြပြီး အဆောင်မှာ ကျောင်းသားတွေ စုကြပြီး အစည်းအဝေးတွေ ကျင်းပနေချိန် လုံထိန်များက ကျောင်းဘက်ကို တညလုံး သေနတ်တွေနဲ့ ချိန်ထားတာကို တွေ့ခဲ့ရပါသည်။ ၁၉၈၈ ခုနှစ် မတ် ၁၅ ရက် နံနက် ၉ နာရီလောက်ကတည်းက ရန်ကုန် စက်မှု တက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ၊ သံချပ်ကာ ကားတွေနဲ့ တိုးချဲ့ ၀န်းရံထားလိုက်ပါသည်။ သမိုင်းဝန်းတွင်းက ကျောင်းသားများ စုပြီး စက်မှု တက္ကသိုလ် ကျောင်းသို့ ချီတက် လာကြပါသည်။ သမိုင်း လမ်းဆုံ အရောက်မှာ ရဲများ၊ လုံထိန်းများက သံဆူးကြိုးတွေ ကားကြီးတွေနှင့် လမ်း ပိတ်ထားလိုက်ကြပြီး မကြာမီ လမ်းဖွင့်ပေးခဲ့ရာ ကျောင်းသားများ စက်မှုတက္ကသိုလ် ဆက်လက် ချီတက်လာခဲ့ကြပါသည်။ ကျောင်းသားများ အားလုံး သံဆူးကြိုး တံခါးတိုင်ကို ဖြတ်ကျော်ပြီးနောက် ရဲတွေ လုံထိန်တွေက သံဆူးကြိုး တံခါးတိုင်တွေကို ထပ်မံ ပိတ်ဆို့ထားလိုက်ပြီး ကျောင်းသားတွေ နောက်က လိုက်လာပါတော့သည်။ အားမာန်အပြည်နှင့် ချီတက်လာသည့် ကျောင်းသားတွေသည် စက်မှုတက္ကသိုလ် ရှေ့အရောက်တွင် ရဲများ၊ လုံထိန်များ နေရာ အပြည့်ယူထားသလို နောက်က လိုက်လာသည့် ရဲများ လုံထိန်းများတွေနှင့် ကျောင်းသား အားလုံး ပိတ်မိ နေပါတော့သည်။ ကျောင်းသားများသည် ဘယ်ကိုမျှ သွားလို့ မရသဖြင့် လမ်းမပေါ်တွင် ထိုင်သူ ထိုင်သူ၊ ရပ်သူ ရပ်နေကြစဉ် အဓိကရိုဏ်း နှိမ်နင်းရေး ခေါင်းဆောင်ဆိုသူက လာရောက်ပြီး ကျောင်းသားတွေကို ကျောင်းဆောင်သို့ မပြန်ရင် ပစ်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုလာပါသည်။ ရပ်ကွက်အတွင်းက လူတွေကလည်း ကျောင်းသားများ တစ်ယောက် သေရတာကို မကြေနပ်လို့ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးဘို့ လာနေသည်ဆိုသည့် မဟုတ်မမှန်သည့် သတင်းကို လွှင့်ထားသည့်အတွက် ရပ်ကွက်သားများကလည်း တုတ်၊ ဓားများကို ကိုင်ဆောင်လျက် စက်မှုတက္ကသိုလ်ဆီသို့ ချီထွက်လာကြရာ ကျောင်းသားများကလည်း ရပ်ကွက်သားများနှင့် တိုက်ရိုက် မတွေ့နိုင်စေရန်အတွက် အစည်းအဝေး ထိုင်ကြပြီး ရန်ကုန် ပင်မ တက္ကသိုလ်နှင့် လှိုင်ကောလိပ်ဆီသို့ အင်အား စုရန် သွားဘို့ ဆုံးဖြတ်လိုက်ကြပါသည်။ ညနေ ၃ နာရီ ၁၅ မီနစ် အချိန်တွင် လုံထိန်းများ စစ်ကားများနှင့်အတူ စစ်သားများက ကျောင်းဝန်းအတွင်းသို့ ညာသံပေး ၀င်လာကြပြီး နံပတ်တုတ်များ ၀င့်ကာ ကျောင်းသားများဆီသို့ ပြေးဝင်လာကြပါသည်။ ကျောင်းသားတွေကလည်း ထိတ်လန့်တကြား ထွက်ပြေးကြတာကို လိုက်ရိုက်ယင်း ဖမ်းမိသူများ ဒဏ်ရာ ရရှိသူများကို စစ်ကားပေါ်သို့ ဆွဲတင်ကြသည်။ ကန်တင်း စားသောက်ဆိုင်မှာ ထိုင်နေကြသော ကျောင်းသားများကိုပါ ၀င်ဆွဲကြသည်။ ဆရာများ အဆောင်နှင့် ကျောင်းသားများ အဆောင်တွေကို ပိတ်လိုက်ကြပြီး ကျောင်းဝန်း တခုလုံးကို စီးလိုက်ကြသည်။ ပြန်လည် ခုခံဘို့ ကြိုးစားကြသည့် ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက် ဖမ်းဆီးပြီး ကျောင်းသားတွေကို ကျောင်း ရှေ့ မြက်ခင်းပြင်မှာ စု ထိုင်ခိုင်းစေသည်။ သြဘာလမ်းထိပ်ရှိ သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးပစ်လိုက်ကြသည်။ ကျောင်းသား ၆၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြသည်။ ည ၈ နာရီ မြန်မာ့အသံ သတင်းမှာတော့ ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝန်းအတွင်းသို့ ၀င်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက် ဆူပူကြသူများအား ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း ကြေညာသွားပါတော့သည်။ “သတ္တိရှိတယ်ဆိုတာ လက်ထဲ မှာ လက်နက်ကိုင်ပြီး ကိုယ်လုပ်ချင်တာ လုပ်တာကို ပြောတာ မဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှ မရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ၁၉၈၉ ခုနှစ်၊ ဘုန်းမော် ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် တက္ကသိုလ် ကျောင်းသားများကို ရဲရဲ တောက် မိန့်ခွန်းပြောခဲ့ပြီး ဘုန်းမော်နေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ညှိနှိုင်းကာ လက်ရှိနာယက ဦးတင်ဦးက ဖုန်းမော် ကျဆုံး ခဲ့သည့် မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကြောင်း ထိုနေ့မှာပင် ထုတ်ပြန်ကြေညာသည်။ ရဟန်းပျိုများအဖွဲ့ချုပ်သမဂ္ဂဥက္ကဋ္ဌ၊ ဦးနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ဦးသုဝေ၊ ဦးမောင်ကို၊ ကိုအောင်ဒင်၊ ကိုကိုကြီးတို့ကလည်း အဆိုပါ နှစ်ပတ်လည်နေ့သို့ တက်ရောက်ကြပါသည်။ ရက်စွဲမှတ်တမ်း (ဖုံးမော်မှသည် ...) ၁။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ်ကျောင်းသား ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် သေဆုံး။ ၂။ အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ယင်းသေဆုံးမှုမှာ RIT အနီးဝန်းကျင်နေ ပြည်သူများနှင့် စက်မှုကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်းဖြစ်ဟု နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်။ ၃။ မတ်လ ၁၄ ရက်နေ့တွင် ကြိမ်ဒိုင်းနှင့် နံပါတ်ဒုတ်ကိုင် လုံထိန်းအမြောက်အမြားက RIT ကျောင်းဝန်းကျင်သို့ ရောက်ရှိစောင့်ကြပ်။ ကျောင်းသားများက ကိုဖုန်းမော် သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန်ကို အခြား တက္ကသိုလ်ကျောင်းများသို့ လိုက်လံအသိပေး ရှင်းလင်းပြ။ ၄။ မတ်လ ၁၅ ရက်နေ့တွင် RIT ကျောင်းဝင်းအတွင်း လုံထိန်းနှင့် စစ်သား ၆၀၀ ခန့် ၀င်ရောက်စီးနင်းကာ ကျောင်းသားများကို နံပါတ်ဒုတ်များဖြင့် ရိုက်နှက်၊ ကျောင်းသား ၃-၄၀၀ ခန့်အား စစ်ကားများပေါ် တင်၍ ဖမ်းဆီးခေါ်ဆောင်သွား။ အစိုးရဘက်ကမူ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြု ဆူပူသူ ကျောင်းသားများအား ထိရောက်စွာ အရေးယူမည်ဟု ကြေညာ။

No comments: