Wednesday, March 6, 2013

ကျမသည် ဗမာလူမျိုး အောင်ဆန်းစုကြည်ပါ။

ကိုရီးယားဘာသာစကားရပ်ဆိုင်ရာဌာန၏ အပိုဒ် ၂၆တွင် အစိုးရ၊ သတင်းဌာနများတွင် နိုင်ငံခြား ဘာသာရပ် အခေါ်အဝေါ်တွင်ဒေါ်အောင်ဆန်းစုချီ ဟု ခေါ်ဆို ရေးသားရန် သတ်မှတ်ထားပါသည်။ မြန်မာ့အရေး လှုပ်ရှားသူများနှင့် နီးစပ်တဲ့ သူများကတော့ ဒေါ်အောင်ဆန်းစုကြည် ဟု ခေါ်ဆိုကြပေမယ့် ကိုရီးယား သတင်းများမှာတော့ ဒေါ်အောင်ဆန်းစုချီ(ကိုရီးယားစာတွင် ဒေါ်ဟု ဖော်ပြခြင်း မရှိပါ။ ယောဆာ ဟု ရေးသား ခေါ်ဝေါ်ကြပါသည်။ ယောဆာ ဟူသော အဓိပ္ပါယ်မှာ ဂုဏ်သရေရှိ အမျိုးသမီး ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ ) ဟု ရေးသား ဖော်ပြနေကြပါသေးသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှာ အမေစုက ကိုရီးယား ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ပါရန် အတိအလင်း တောင်းဆိုလိုက်သဖြင့် မတ်လထုတ် ရှီးဆာ မဂ္ဂဇင်းက နိုင်ငံခြား ဘာသာစကားရပ်ပိုင်းဆိုင်ရာ အခေါ်အဝေါ်နှင့် ပတ်သက်ပြီး မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို့ ပြောင်းလဲပေးရန် သတင်း တပုဒ်ကို သတင်းထောက် မစ္စစ် ဟောအွန်ဆာက ကျမသည် ဗမာလူမျိုး အောင်ဆန်းစုကြည်ပါဟု ခေါင်းစဉ်ဖြင့် ဖော်ပြထားတာကို မြန်မာ စာဖတ်ပရိတ်သပ်များ သိရှိစေရန် တင်ပြလိုက်ပါသည်။ ကိုရီးယားဘာသာ စကားဆိုင်ရာဌာန အချို့သော နိုင်ငံခြားသား၏ အမည်များကို မှားယွင်းစွာ ရေးသားခြင်းက ပြောင်းလဲပေးခဲ့သော အထောက်အထားများကိုပါ ဖော်ပြထားပါသည်။ အဆိုပါ သတင်းအရ ကိုရီးယားဘာသာ စကားရပ်ဆိုင်ရာဌာန နိုင်ငံခြားဘာသာရပ်စကား အခေါ်အဝေါ်ဌာန မတ်လတွင် အစည်းအဝေးဆိုင် ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ ပြောင်း မပြောင်းဆိုတာ သတင်းကို ဆက်လက် မျှော်ကိုး စောင့်ဆိုင်းရပါတော့မည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ် စစ်အစိုးရက Burma ကို Myanmar ဟု ခေါ်ဆိုရန် ပြောင်းလဲခဲ့ရာ ကိုရီးယားနိုင်ငံက ၂၀၀၅ ခုနှစ်မှ စတင်ပြီး အင်္ဂလိပ်ဘာသာဖြင့် Burma အစား Myanmar ဟု ပြောင်းလဲ ခေါ်ဆိုလာခဲ့ပေမယ့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်းက စတင်ပြီး ဂယောင်န်ဟယန်း သတင်းစာတိုက် Myanmar ဟု မရေးသားဘဲ Burma ဟု၊ ဟန်ဂယောလဲ သတင်းစာကလည်း နှစ်မျိုးလုံး Burma (Myanmar) ဟု ရေးသားမည်ဟု အတိအလင်း ကြေညာခဲ့ပါသည်။ ကျန် သတင်းစာများကတော့ ပုံနှိပ်တိုက် ဥပဒေအရ Myanmar ဟု ဆက်လက် ခေါ်ဆို ရေးသားလျက် ရှိပါသည်။ ဇော်မိုးအောင် (ကိုရီးယား)

No comments: