Tuesday, April 9, 2013

ဧပြီ ၁၀ မြောက်ကိုရီးယားက ဒုံးကျည် ပစ်ခတ်မည်

မြောက်ကိုရီးယား အရှေ့ဘက်တွင် မနက်ဖြန် ဧပြီ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ တာဝေးပစ် ဒုံးကျည်ပစ်ခတ်ဖို့ အားလုံး ပြင်ဆင်သွားပြီဖြစ်ကြောင်းနဲ့ တောင်ကိုရီးယားဘက်ရှိ နိုင်ငံခြားသားများ အားလုံး တိမ်ရှောင် ပေးဘို့ ကြေညာလိုက်ပါတယ်။  
အဲဒါနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်းရှိ သံတမန် ရပ်ကွက်နဲ့ နိုင်ငံခြားသားအများစု ဟာ မြောက်ကိုရီးယားဘက်က ဒီလို ခြိမ်းခြောက်နေတာ ကြာနေပြီဖြစ်ကြောင်း၊ သံရုံးတွေကလည်း မြောက် ကိုရီးယား ပစ်ခတ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမျှ အကြောင်းကြားတာ မရှိသေးကြောင်း၊ လုပ်စရာ ရှိတာတွေကို ဆက်လုပ်ရမှာပေါ့လို့ ကိုရီးယား သတင်းများရဲ့ မေးမြန်းမှုများတွင် အထက်ပါအတိုင်း ဖြေကြပါ တယ်။ တောင်ကိုရီးယား သမတ အိမ်ပြာတော်က ပြောရေး ဆိုခွင့် ရှိသူကလည်း နိုင်ငံခြားတွေက တောင် ကိုရီးယား အပေါ် ယုံကြည်မှုရှိကြောင်း ပြောဆိုပါတယ်။ နိုင်ငံခြား သတင်းထောက်အများစုက ဒီတချိန်လည်း မြောက်ကိုရီးယားက တကယ် ပစ်ခတ်မှု ရှိနိုင်တယ်လို့ ပြောနေကြပါတယ်။ ပြီးခဲ့တဲ့ နှစ် ဧပြီ ၁၅ ရက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်းမ်အိစွန်းရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့မှာလည်း ဒီလို ပစ်ဖောက်မှုတွေရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် ဇူလိုင် ၅ ရက်က တာဝေးပစ် ဒုံးကျည်အပါအ၀င် တခြား လက်နက်ကြီးများဖြင့် ၇ ချက်၊ ၂၀၀၉ ခုနှစ် ဇူလိုင် ၄ ရက်မှာလည်း တာဝေးပစ် ဒုံးကျည်နဲ့ တခြား လက်နက်ကြီးများဖြင့် ၇ ချက် ပစ်ဖောက်ခဲ့ဘူးပါတယ်။ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မစ္စတာ ဂျို (ယခင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံအမတ် ဟောင်း ) က မြောက်ကိုရီယားက ပစ်ခတ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက် သလို၊ ပစ်ခတ်လိုက်တဲ့ အခြေအနေပေါ် သုံးသပ်ပြီး ဆွေးနွေးသွားရမှာဖြစ်ကြောင်း ပြောပါတယ်။ ဂျပန် သတင်းဌာနကတော့ မြောက်ကိုရီးယားက ခြိမ်းခြောက်တဲ့အတိုင်း ပစ်ခတ်နိုင်ကြောင်း ပစ်ခတ်နိုင် တဲ့ နေရာကတော့ ပစ္စိဖိတ် သမုဒ္ဒထဲသို့ ပစ်ခတ်နိုင်ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားက ဘယ်လိုဘဲ ခြိမ်းခြောက် ခြိမ်းခြောက် တောင်ကိုရီးယားဘက်မှာတော့ ပုံမှန် သွားလာ လည်ပတ်နေပြီး တောင်ကိုရီးယား လူမျိုးများအပေါ် အစိုးရက ဘယ်လို ပြင်ဆင်နေကြရန် ထုတ်ပြန်ခြင်း မရှိသေး သလို တောင်ကိုရီးယား လူမျိုးတွေကလည်း အဲဒီအပေါ်မှာ စိုးရိမ်စိတ်အပြင် စိတ်ပါဝင်စားမှု တစုံတရာမှ ပြသခြင်း မရှိကြောင်း၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်း အလုပ်ကို စိတ်အေးအေးဖြင့် အလုပ် လုပ်ကြဘို့ ကျနော် ဖတ်မိသမျှ ကိုရီးယား သတင်းများထဲက ကောက်နုတ်ချက်များကို တင်ပြလိုက်ပါတယ်။ ဒါပေမယ့် သတိလက်လွတ် မနေကြဘို့တော့ သတိပေးလိုက်ပါရစေ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘဂီမု(န်)က တောင်မြောက် ကိုရီးယား အဓိက ဆက်ဆံရေးဖြစ်တဲ့ ဂဲဆောန် စက်မှုဇုံကို ဖွင့်လှစ်ရမှာဖြစ်ကြောင်း ယနေ့ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံက တာဝန်ရှိသူများနဲ့ စကားပြောဆိုပြီး မနက်ဖြန် ဧပြီ ၁၁မှာ အမေရိကန် သမတ အိုဘားမားနဲ့ မြောက်ကိုရီးယား ပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးဘို့ ရှိကြောင်း ဆက်လက် ပြောပါတယ်။

 

No comments: