Tuesday, May 7, 2013

မေ ၈ ရက် မိဘနေ့


တောင်ကိုရီးယားနိုင်ငံမှာ မေ ၈ ရက်နေ့ကို မိဘများနေ့ (အောမောယိ နာလ်)လို့ သတ်မှတ်ထားပြီး မိဘများရဲ့ ကျေးဇူးတရားများ သိတတ်ကြတဲ့အနေနဲ့ မိဘများကို ကာနေရှင်း ပန်းများ ရင်ဘတ်တွင် ချိတ်ပေးခြင်း၊ ကာနေရှင်း ပန်းခြင်းများ ပေးခြင်း၊ မိဘများ စားသောက်ချင်သော အစားအစာနဲ့ အ၀တ်အစားများ လက်ဆောင်ပစ္စည်းများ ၀ယ်ပေးကြပါတယ်။ သားသမီးများ မရှိကြတဲ့ မိဘများကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့နဲ့ ရပ်ကွက်ထဲက လူကြီး လူငယ်တို့က သားသမီးများရဲ့ ကိုယ်စား လုပ်ဆောင်ပေးကြပါတယ်။  မိဘနေ့ ဖြစ်ပေါ်လာရတဲ့အကြောင်းကတော့ ၁၉၁၃ ခုနှစ် အမေရိကန်မှာ ရှိနေတဲ့ အမေရိကန် အမျိုးသမီးကြီး တစ်ဦးဟာ မိမိရဲ့ မိခင်ကို အောက်မေ့ သတိရတဲ့အနေနဲ့ ဖိလ်လာဒေဖိယား ဘုရားရှိခိုးကျောင်းရှိ ဘာသာဝင်များကို အဖြူရောင် ကာနေရှင်း ပန်းများကို ရင်ဘတ်များ ချိတ်ပေးရာမှ တကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့ရပါတယ်။ မေလ ဒုတိယ အပတ် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ကြပေမယ့် ကိုရီးယားမှာ ၁၉၅၆ ခုနှစ် မေ ၈ ရက်မှ စတင်၍ အမေနေ့လို့ အသိအမှတ်ပြုပြီး ကျင်းပလာခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် မတ် ၃၀ ရက်မှာ သမတ ဘဂျောန်ဟီထံသို့ တင်ပြ တောင်းဆိုလာသဖြင့် ၁၉၇၄ ခုနှစ် မေ ၈ ရက်မှ စတင်ပြီး အမေနေ့အစား မိဘနေ့လို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။ မေ ၈ ရက်နေ့ဟာ တရားဝင် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်း မရှိသေးပါ။  မေ ၈ ရက် ရောက်တိုင်း သားသမီးများက မိဘများရဲ့ ဂုဏ်ကျေးဇူးများကို သိတတ် နားလည်ပြီး ကျေးဇူးဆပ်ကြတဲ့အနေနဲ့ မိဘများ စိတ်တိုင်းကြ လိုအင်ဆန္ဒများ ဖြည့်ဆည်းပေးကြပါတယ်။ အစိုးရကလည်း လူကြီးသူမများအတွက် ပွဲတော်များ ကျင်းပပေးပြီး အစိုးရကလည်း သားသမီး ရတနာများဖြစ်အောင် ဖော်ဆောင်ကြပါတယ်။ အလုပ်ရှိကြတဲ့ သားသမီးများက နံနက်ပိုင်းကတည်း မိဘများအတွက် စားစရာ သောက်စရာများ စီစဉ်ပေးခြင်း၊ ညနေပိုင်းတွင် မိဘများနဲ့အတူ စားသောက်ဆိုင်များတွင် စားသောက်ကြခြင်း၊ မိဘများ တနေကုန် လည်ပတ်နိုင်စေရန်အတွက် လမ်းစရိတ်များ ထုတ်ပေးခြင်းများ ပြုလုပ်ကြပါတယ်။

No comments: