Wednesday, October 23, 2013

ဒီလူကရေစီအစိုးရ

မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရဟာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအရ တက်လာတဲ့ အစိုးရဖြစ်ပါတယ်။ အခုကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနစ်နဲ့ မကိုက်ညီဘူးဆိုတာကိုတော့ ကျနော်တို့နိုင်ငံသားတွေ သိတန်သရွေ့ သိနေလောက်ပါပြီ။ ဒါဆိုရင် ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကို ကျနော်တို့ ကြည့်ရအောင်။ ဒီမိုဆိုတာ ပြည်သူ၊ ကရေစီဆိုတာ အုပ်ချုပ်မှု သို့မဟုတ် အစိုးရလို့ဆိုပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်ကို ကျင့်သုံးတဲ့စနစ်ဖြစ်ပါတယ်။

ဒီမိုကရေစီစံနှုန်းတွေထဲမှာ အရေးအကြီးဆုံးတစ်ခုကတော့ လွတ်လပ်စွာရွေးချယ်မှု(Freedom of Choice) ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲဆိုတာ ရှိတာပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီစံနစ်လို့ ပြောလို့လုံးဝမရပါဘူး။ ပြည်သူဟာ သူတို့စိတ်ကြိုက် လွတ်လွတ်လပ်လပ်(ဖိအားပေး ခြိမ်းချောက်တာ၊ တစ်ခုခုပေးပြီး မဲဆွယ်တာတွေမရှိဘဲ) ရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီနေရာမှာ သတိထားရမှာက အစိုးရ က ပြည်သူတွေကို အောက်ပါ သုံးခုထဲက ကြိုက်နှစ်သက်ရာ တစ်ခုခုကို ရွေးပါဆိုရင်တော့ ဒါဟာ လွတ်လပ်စွာ ရွေးချယ်ခိုင်းတာမဟုတ်တော့ဘူး။ သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အကန့်အသတ် ဘောင်ထဲကသာ ရွေးချယ်ခိုင်းတာ ဖြစ်နေပြီ။

ကျနော်တို့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီစံနစ်နဲ့ လားလားမှမကိုက်ညီတဲ့ အချက် တစ်ခုကိုပဲ ကြည့်ကြရအောင်။ အခန်း(၄) ဥပဒေပြုရေးမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်လုံး (အဲဒီလွှတ်တော်နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်လို့ ခေါ်ပါတယ်။) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ စစ်သားတွေက (၂၅) ရာခိုင်နှုန်း ပါနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီစစ်သား တမတ်သားဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာမဟုတ်ဘဲ မိုက်ကြေးခွဲပြီး လွှတ်တော်ထဲ လာဝင်ထိုင်နေကြတာပါ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကမကထလုပ်ပြီး ရေးဆွဲခဲ့တာ အရင် န အ ဖ၊ န ၀ တ စစ်အုပ်စုဆိုတာ အားလုံးက သိကြပါတယ်။ အဲဒီ ကမကထလုပ်ခဲ့တဲ ပုဂ္ဂိုလ်တွေထဲမှာ လက်ရှိသမ္မတ ဦးသိန်းစိန် ပါတယ်ဆိုတာတော့ မမေ့ဖို့ သတိပေးပါရစေ။

လွှတ်တော်ထဲမှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ စစ်သား (၂၅) ရာခိုင်နှုန်းဆိုတာ တကယ်တော့ ဘိုင်သေမဲ(Solid Vote) ကို အပိုင်စီးထားလိုက်တာဖြစ်ပါတယ်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ အခါတိုင်းမှာ အဲဒီစစ်သားတွေက ကြံ့ဖွတ်ပါတီဘက်ကလိုက်ဖို့ ဒီထိုင်ခုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာပါ။ သူတို့စစ်အုပ်စု ရည်ရွယ်ချက်က ဒါတင်မကသေးပါဘူး။ စစ်သားတွေကို လွှတ်တော်တွင်းနိုင်ငံရေးနဲ့ ပိုပြီးယဉ်ပါးနေအောင်(စစ်ဖက်ကနေ အရပ်ဝတ်လဲပြီး ကြံ့ဖွတ်ပါတီထဲ ၀င်သွားရင် အရပ်သားတွေထက် သာနေအောင်) နိုင်ငံတော်စားရိတ်နဲ့ အခမဲ့နိုင်ငံရေးသင်တန်း တက်ခိုင်းတာပဲဖြစ်တယ်။

အဆိုးဆုံးကတော့ အခန်း (၁၂) မှာပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ (၄၃၆) အရ အရေးအကြီးဆုံးပုဒ်မတွေ(စစ်အုပ်စုက ရာသက်ပန် အာဏာကို မောင်ပိုင်စီးနိုင်အောင် ပြဌာန်းထားတာတွေ)ကို ပြင်ချင်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဖို့သဘောတူပြီးတာတောင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၄င်းဆန္ဒမဲအရသာ ပြင်ဆင်ရမယ်တဲ့။ လွှတ်တော်ထဲမှာ စစ်သားက (၂၅) ရာခိုင်နှုန်းနဲ့ ကြံ့ဖွတ်ပါတီကလည်း မနိုင်နိုင်အောင်လုပ်ထားတဲ့အမတ်တွေနဲ့ဆိုတော့ ဘယ်လိုပြင်ကြမလဲ စဉ်းစားသာကြည့်ကြပါတော့ဗျာ။ အခု အစိုးရကိုယ်တိုင်ကပဲ ပြင်ဆင်ဖို့ပြောလာတော့ ဒီလိုပြင်လို့မရနိုင်အောင်ပြဌာန်းထားတဲ့ ပုဒ်မတွေကိုပြင်ချင်ရင် ငါတို့စစ်အုပ်စုက ပြင်မှသာ ပြင်လို့ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

ဦးသိန်းစိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ် ဘယ်လောက်ပဲပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေကို အကုန်မပြင်သရွေ့တော့ ပြောတော့မိုး ထိုးတော့မြေကြီး ဆိုတာပဲဖြစ်နေမှာ အသေအချာပါပဲ။ နည်းနည်းပါးပါးလေး ပြင်လိုက်ရုံနဲ့တော့ ဒီမိုကရေစီဖွဲ့စည်းပုံလို့ ပြောလို့မရသလို တက်လာတဲ့ အစိုးရဟာလည်း ဒီမိုကရေစီအစိုးရလို့ ပြောလို့ လုံးဝမရပါဘူး။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို သေသေချာချာ လေ့လာကြည့်ရင် ကျနော်တို့နိုင်ငံကို အရင်ကလည်း ဒီလူတွေပဲ၊ အခုလည်း ဒီလူတွေပဲ၊ နောင်လည်း ဒီလူတွေပဲ ရာသက်ပန်အုပ်ချုပ်လို့ရအောင် ရေးဆွဲထားတာဖြစ်လို့ အခုကျင့်သုံးနေတာဟာ ဒီလူကရေစီစံနစ်ဖြစ်ပြီး အခုအုပ်ချုပ်နေတာဟာ ဒီလူကရေစီအစိုးရသာဖြစ်ပါကြောင်း။

သက်နိုင်
၂၂ ၊ ၁၀ ၊ ၂၀၁၃

မှတ်ချက်။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ လေ့လာထားသင့်တယ်လို့ ယူဆမိပါတယ်။ smart phone အသုံးပြုတဲ့ညီအစ်ကိုများအနေနဲ့ play store ထဲမှာ myanmar constitution 2008 လို့ ရိုက်ထည့်ပြီး ဒေါင်းလုပ်ရယူလို့ ရပါတယ်ခင်ဗျား။

No comments: