Monday, October 21, 2013

အနာဂတ်အတွက်လူငယ်မျိုးဆက်

ရေးသားသူ — ဝင်းလှိုင်


တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်ခေါင်းဆောင်ကိစ္စနှင့်ပတ်သက်၍ မနေ့က ကိုရီးယားနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရုံးခန်းတွင်ကျင်းပသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများတွေ့ဆုံပွဲမှာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင် မျိုးဆက်မပြတ်ရေးအတွက် ကိုမင်းကိုနိုင်မှ တမြို့နယ်တွင် တိုင်းပြည်အတွက် တကယ့်အလုပ်လုပ်ချင်သူ (၁၀)ဦးကျစီ ရွေးချယ်မယ်ဆိုအုံး တတိုင်းပြည်လုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း (၅၀၀) လောက်ရှိတဲ့အတွက် အနာဂတ်မျိုးဆက်ခေါင်းဆောင်လောင်း (၅၀၀၀) ကျော်ကို စနစ်တကျပြုစုပျိုးထောင်ပေးမည်ဆိုပါက တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်ကြောင့်ကျစရာ ကင်းဝေးသွားမည် ဆိုတာကို အကျယ်တဝင့် ရှင်းလင်း ပြောကြားပေးခဲ့အတွက် ကျနော်တို့အတွက် ဗဟုသုတတွေ ရရှိခဲ့သလို အမြင်တွေလည်း ပွင့်လင်းခဲ့ရပါတယ်။ ကျေးဇူးလည်း အထူးတင်ခဲ့ရပါတယ်။

အဲဒီလိုပဲ တိုင်းပြည်အတွက် အနာဂတ်မျိုးဆက်ခေါင်းဆောင်ကောင်းတွေကို ပြုစုပျိုးထောင်ပေးဖို့လိုသလို၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဂီတအနုပညာ နဲ့ အထွေထွေသော ကဏ္ဍတွေမှာလည်း ပြုစုပျိုးထောင်ပေးဖို့ လိုအပ်လိမ့််မယ်လို ဆက်စပ်တွေးနေမိပါတယ်။ ယခုကျနော်ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ကိုရီးယားတိုင်းပြည်ဟာ အာရှမှာတော့ ထိပ်တန်းတိုင်းပြည်တခုပါပဲ။ ထိပ်တန်းဟေ့လို့ဆိုလိုက်တာနဲ့ အထွေထွေသော ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်နေတယ် ဆိုတာကို အားလုံးနားလည်ပြီးသားပါ။

ကိုရီးယားရဲ့ K-POP ဟာကမ္ဘာမှာ ထင်ပေါ်ကျော်ကြားနေသလို၊ အားကစားကဏ္ဍမှာလည်း ဘောလုံးဟာ ကမ္ဘာ့ထိပ်တန်းအဆင့်မရှိသေးပေမယ့်လည်း အာရှမှာတော့ ထပ်တန်းအဆင့်ပါ။ လေးနှစ်တကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားပွဲတွေမှာ နှစ်စဉ်ခြေစစ်ပွဲအောင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာဖလားပွဲ အပြီးမှာတော့ ကိုရီးယားကစားသမားတွေဟာ အင်္ဂလန် ပရီမီယာလိဂ်၊ စပိန်လာလီဂါ နဲ့ ဂျာမနီ ဗွန်ဒက်လီဂါ တို့မှာ ပါဝင်ကစားနေပါပြီ။ ဒီလိုပရော်ဖက်ရှင်နယ် ကစားသမားတွေဖြစ်လာအောင် သူတို့ဘယ်လိုပြုစုပျိုးထောင်နေတယ်ဆိုတာကို ကျနော်ကိုယ်တိုင် ဘောလုံးအားကစားနည်းကို ဝါသနာပါတဲ့အတွက် လက်လှမ်းမီသလောက် လေ့လာထားတာလေးကို ဝေမျှလိုပါတယ်။

ကိုရီးယားနိုင်ငံမှာ ၂၀၁၂ ခုနှစ် ပညားရေးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားအရ မူလတန်း(၅၈၉၅) ကျောင်း၊ အလယ်တန်း (၃၁၆၂) ကျောင်း၊ အထက်တန်း (၂၃၀၃) ကျောင်းရှိပါတယ်။ ကျနော်သိရသလောက်တော့ ကျောင်းတိုင်းလိုလိုမှာ ဘောလုံးကွင်းရှိကြပါတယ်။ ဒါကြောင့် ကိုရီးယားကျောင်းသား လူငယ်တွေအတွက် လေ့ကျင့်ဖို့ ဘောလုံးကွင်း တစ်သောင်းလောက်ရှိပါတယ်။ ကျနော်တို့ နိုင်ငံက လူငယ်တွေအတွက်တော့ လေ့ကျင့်ဖို့ ဘောလုံးကွင်း(၁၀၀) လောက်ရှိပါ့မလားလို့ သံသယဝင်မိပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အကျယ်အဝန်းက ကျနော်တို့နိုင်ငံထက်သေးငယ်သလို လူဦးရေကလည်း သန်း(၅၀)ကျော် ရှိပါတယ်။ ကိုရီးယားနိုင်ငံရဲ့ မူလတန်းကျောင်းတွေက ညနေ(၃)နာရီလောက်ဆိုရင်ပြီးပါပြီ။ တချို့ကျောင်းတွေမှာ စာသင်ချိန်ပြီးတာနဲ့ ဘော်လုံးဝါသနာပါလို့ သင်ချင် တဲ့ကျောင်းသားကို ဘောလုံးနည်းပြကအခြေခံကအစသင်ကြားပေးပါတယ်။ တချို့ကတော့ ကျူရှင်သွားတဲ့ကလေးကသွား၊ တိုက်ဂွမ်ဒို၊ ပီယာနို သင်တဲ့ ကလေးကသင်ပေါ့လေ။ ကျနော်တို့ အမြင်မှာတော့ ကလေးတွေကပင်ပန်းတယ်ပေါ့။ ကိုယ်တွေငယ်ငယ်တုန်းကတော့ ဘာကျူရှင်မှာလည်းမရှိတော့ ကျုရှင်လည်းသွားစရာမလိုသလို ညနေကျောင်းကပြန်ရောက်တာနဲ့ ကစားတော့တာပဲ။ ကိုရီးယားလူမျိုးတွေက သူတို့ကလေးတွေကို ငယ်ငယ်လေးကတည်းက ပုံသွင်းတယ်လို့ဆိုရမယ်။ သူတို့ကလေးတွေကိုကြည့်လိုက်တယ်၊ ပညာရေးကိုသိပ်ဝါသနာမပါဘူးဆိုရင် ဘာဝါသနာပါလဲကြည့်ပြီး သူတို့ဝါသနာပါတဲ့ဟာကို ငယ်ငယ်ကတည်းက အသက်မွေးဝမ်းကျောင်းပညာလို သဘောထားပြီး လေ့လာလိုက်စားခိုင်းတော့တာပဲ။ ဒါကြောင့်လဲ လူလားမြောက်တာနဲ့ သူတို့ခြေထောက် ပေါ်သူတို့ ရပ်တည်နိုင်ကြတာဖြစ်မယ်။ ကျနော်တို့ဆီမှာတော့ ကျောင်းပြီးတာနဲ့ မိဘကပိုက်ဆံမရှိလို့ကတော့ ဘွဲ့ရဆိုက်ကားသမား၊ဘွဲ့ရမြင်းလှည်းသမား ဖြစ်တော့တာပဲ။

တချို့ ပိုက်ဆံတတ်နိုင်တဲ့ မိဘတွေကတော့ ဘောလုံးပညာကိုကျောင်းမှာမသင်ခိုင်းတော့ဘဲ လူငယ်လေ့ကျင့်ရေးကလပ်အသင်းတွေဆီကိုပို့ပြီး သင်ကြား စေတယ်။ အဲဒီလူငယ်လေ့ကျင့်ရေးကလပ်တွေမှာ လေ့ကျင့်သင်ကြားပြီး အထက်တန်းအောင်တာနဲ့ ထူးချွန်တဲ့လူငယ်တွေကိုကြေးစားကလပ်အသင်းကြီးတွေက နေ ခေါ်ပြီး မွေးတော့တာပဲ။ အဲဒီကစပြီး ပရော်ဖက်ရှင်နယ်ဘဝစပြီပဲ။ ဆက်ပြီးကြိုးစားရင်တော့ နိုင်ငံတကာ ကလပ်အသင်းကြီးတွေဆီကိုရောက်တာပေါ့လေ။

တချိန်ကတော့ မြန်မာ့ဘော်လုံးလောကဟာလည်း အာရှတန်းဝင်ပါပဲ။ အသက်(၆၀)ဝန်းကျင်ကိုရီးယားလူမျိုးတွေ ဆိုရင် မြန်မာဆိုတာသိပ်မသိပါဘူး။ ဗောမား (BURMA) ဆိုတာကိုပဲသိတာပါ။ ဗမာ့ဘော်လုံးသမားနာမည်တွေကိုအခုထိမှတ်မိနေပါသေးတယ်။ တချို့နာမည်တွေဆိုရင် ကျနော်တို့တောင်မသိပါ ဘူး။ အဲဒီဦးလေးကြီးတွေက ကျနော်ကိုမေးတာပေါ့ ဘယ်လိုဖြစ်တာလဲပေါ့ အရင်ကဗမာ့ဘော်လုံးသမားတွေ တော်ပါတယ်ပေါ့လေ။ အမေးရှိလာတော့ ကျနော်လည်းပြန်ဖြေရတာပေါ့။ ဟုတ်ပါတယ် အရင်ကမြန်မာ့ဘော်လုံးဟာ အာရှနိုင်ငံတွေက လေးစားရတဲ့ အဆင့်ပါပဲ။ စစ်အာဏာရှင်တွေ ကြောင့် မြန်မာ့ဘော်လုံးလောကကလည်း အဝီစိကိုထိုးဆင်းသွားသလို၊ တိုင်းပြည်ကလည်း ကုန်းကောက်စရာတောင်မရှိတော့လို့ ကျနော်တို့တတွေ ခင်ဗျားတွေ ဆီကိုလာအလုပ်လုပ်ရတဲ့ဘဝရောက်သွားတာပါလို့ ပြောတော့ ဦးလေးကြီးတွေ စုတ်တသပ်သပ်နဲ့ပေါ့။

ညီအစ်ကိုတို့ စဉ်းစားကြည့်ကြလေ။ ၁၉၆၂ ဗိုလ်နေဝင်းအာဏာသိမ်းပြီးစမှာတော့ မြန်မာ့ဘော်လုံးအဆင့်အတန်းဟာ ချက်ချင်းကြီး ထိုးဆင်းမသွားသေး ပါဘူး။ အင်္ဂလိပ်လက်ထက်ကအရှိန်ရယ်၊ ပါလီမန်လက်ထက်ကအရှိန်ရယ်က မသေသေးတော့ မသိတာသေးပေမယ့် တဖြေးဖြေးနဲ့ မြန်မာ့ ဘော်လုံးအဆင့် အတန်းက ထိုးဆင်းနေပါပြီ။ ၁၉၈၈ အာဏာလည်းသိမ်းရော ရှိသမျှကျောင်းတွေကိုအကုန်ပိတ်တော့ ဘော်လုံးကွင်းတွေပါ ပါသွားတော့တာပေါ့။ တဖြေးဖြေးနဲ့ ဘော်လုံးမျိုးဆက်ကပြတ်သွားလိုက်တာ အခုထက်ထိအဖတ်ဆည်လို့ ကိုမရသေးပါဘူး။ အာဏာရှင်တွေထဲမှာတော့ ကျနော်တို့ တိုင်းပြည်က အာဏာရှင်တွေက တော့ အယုတ်မာဆုံး၊ ကမ်းကုန်အောင် အမိုက်ရိုင်းဆုံး၊ ကိုယ့်တဖို့တည်းသာကြည့်တဲ့၊ ဘယ်သူသေသေ၊ငတေမာရင်ပြီးရောဆိုတဲ့ သူတွေဖြစ်တယ်။ မြောက်ကိုရီးယားလည်း အာဏာရှင်တိုင်းပြည်ပဲ ၊ တိုင်းသူပြည်သားတွေဆင်းရဲနေပေမယ့် သူတို့ရဲ့ အားကစားက ကမ္ဘာ့အဆင့်အတန်းကို လိုက်နေသေးတယ်။ နည်းပညာဆိုရင်လည်း တိုးတက်နေသေးတယ်။

ဘယ်အခြေအနေပဲရောက်နေပါစေ၊ ကျနော်တို့ နိုင်ငံသားတွေကတော့ ဇွဲရှိကြတယ်ဆိုတာအားလုံးအသိပဲလေ။ နိုင်ငံသားတွေရဲ့ အားကြောင့်မို့လဲပဲ ဒီအခြေအနေကို ပြန်ရောက်နေပြီပဲ။ ဒီထက်ကြိုးစားသွားရမှာပေါ့။ အဓိက ကတော့ ဘော်လုံးကွင်းမရှိတဲ့ပြဿနာပဲ။ ကွင်းမရှိဘဲနဲ့ ဘောလုံးသမားဆိုတာလည်း ရှိမှာမဟုတ်ဘူး။ ဘောလုံးသမားမရှိဘဲနဲ့ ဘောလုံးအဆင့်အတန်းကလည်းတိုးတက်လာစရာတော့မရှိဘူးဆိုတာ ကလေးသွားမေးရင်တောင်သိနေမှာပါ။

ဒါကြောင့် ကျနော်တို့ ဘောလုံးအဆင့်အတန်းပြန်လည်တိုးတက်လာရေးအတွက် နိုင်ငံသားတွေရဲ့အားနဲ့ပဲ ရှိပြီးသားဘော်လုံးကွင်းတွေကို အာဏာရှင်တွေရဲ့ လက်ပါးစေတွေဖြစ်တဲ့ ခရိုနီ၊ ခရိုဝါတွေ မသိမ်းပိုက်ရေးနဲ့ ကျောင်းတိုင်းမှာ ဘော်လုံးကွင်းတွေရှိလာရေးအတွက် မိဘပြည်သူတွေအနေနဲ့ တောင်းဆိုတိုက်ပွဲဝင် သွားရမယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

အားလုံးကို လေးစားစွာဖြင့်
ဝင်းလှိုင်

No comments: