Sunday, October 6, 2013

ဘုန်းညောန်ဆာမှာ ကျင်းပတဲ့ ဆွမ်းဟင်းပွဲတော် အောင်မြင်စွာ ပြီးဆုံး

 
၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် သောကြာနေ့နှင့် စနေနေ့တို့တွင် အရှေ့ဆူဝါန်ရှိ ဘုန်းညောန်ဆာ ( သီလရှင် ကျောင်း )က ဦးစီး ကျင်းပသည့် နိုင်ငံတကာ ဘုန်းတော်ကြီးကျောင်း ဆွမ်းဟင်းများ ပွဲတော်မှာ ဦးသုမင်္ဂလ (ဝေါဆရာတော်) နှင့် ဦးဥတ္တရတို့က ဦးဆောင်၍ မြန်မာနိုင်ငံသားများ ပူးပေါင်း ပါဝင်ခဲ့ပါသည်။ ပွဲတော်တွင် ကိုရီးယားနိုင်ငံ မဟာယန ဘုန်းတော်ကြီးကျောင်းများတွင် ဘုန်းပေးကြသည့် ဆွမ်းနှင့် သားသတ်လွတ် အစားအစာများကို ပြသထားပါသည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်များကို ကိုရီးယား ရိုးရာ ထမင်းသုပ်ဖြင့် ဧည့်ခံကြပြီး ကိုရီးယား ရိုးရာ အစားအစာများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချကြပါသည်။ နိုင်ငံတကာ ကိုယ်စားပြုအဖြစ် ဂျပန်၊ ဘူတန်၊ တရုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ နီပေါ၊ တီဘက်နှင့် မြန်မာနိုင်ငံတို့က ပူးပေါင်း ပါဝင်ခဲ့ကြပြီး ရိုးရာ အစားအစာများနှင့် ရောင်းချ၊ ဧည့်ခံကြပါသည်။ ပွဲတော်ရက်အတွင်း ကိုရီးယား ဘုန်းတော်ကြီးကျောင်းအတွင်း စားသောက်နေထိုင်မှုများကို ပုံဖော်ပြသပြီး တေးသီချင်းများနှင့် ဖျော်ဖြေကြပါသည်။ ဘုရားကျောင်းတော် ၀န်းအတွင်းတွင် သီလရှင် ဆရာကြီးများက ကိုရီးယား ဘုန်းတော်ကြီးကျောင်း အစားအစာများနှင့် ပတ်သက်ပြီး ဟောပြောကြပြီး တက်ရောက်လာကြသည့် နိုင်ငံ ကိုယ်စားပြု ဘုန်းတော်ကြီးများက မဏ္ဍပ်အတွင်း ဧည့်ခံထားသည့် အစားအစာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောပြကြပါသည်။  မြန်မာ ကိုယ်စားပြု မဏ္ဍပ်မှာ ပထမနေ့တွင် မြန်မာ အစားအစာများဖြစ်သည့် မျှစ်ကြော်၊ မြေပဲအစပ်ကြော်၊ ပြောင်းဖူးကြော်တို့နှင့် ဧည့်ခံခဲ့ပြီး ဒုတိယ နောက်ဆုံးနေ့တွင် ကန်ဇွန်းဥ ရွှေကြည်နှင့် သာကူတို့နှင့် ဧည့်ခံခဲ့ပါသည်။ ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံတကား ဧည့်သည်များကို မြန်မာ့ အစားအစာများကို စိတ်ပါဝင်စား အရသာရှိရှိ သုံးဆောင်ကြသဖြင့် ၀မ်းသာ ပီတိဖြစ်ရပါသည်။ အလုပ်မအားသည့်ကြားထဲက လာရောက် ကူညီပေးကြသည့် ကျောင်းအကျိုးတော်ဆောင်များနှင့် မြန်မာနိုင်ငံသားများကို အားလုံး အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပါသည်။



No comments: