Thursday, March 6, 2014

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နှင့်အင်တာဗျုး

ရေးသားသူ — Popular Myanmar News Journal




ပြဇာတ် ဆန်ဆန် ပြုပြင်ပြောင်းလဲမှု များဖြင့် နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာနိုင်ငံ ပြန်လည်ခြေချ လာခဲ့သည်မှာ သုံးနှစ် ကျော်သွားခဲ့ပြီ။ ယခင် စစ်အစိုးရ လက်ထက် များက ဖော်ထုတ် ခွင့်မသာခဲ့သော အနာပုန်းများ တအုံးအုံး ကြွတက်လာသော အခြေအနေက ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ် လာသည်နှင့် အမျှ ပိုမို များပြား ပြင်း ထန် လာနေသည်။

လယ်သိမ်း ယာသိမ်းမှုများကြောင့် ဒေသခံ လယ်သမားတို့၏ အာဏာပိုင် တို့နှင့် ထိပ်တိုက်တွေ့မှုများ၊ ကျောခင်းစရာမဲ့ ကျူးများကို အဓမ္မဖျက်သိမ်းခဲ့သည့် ပုံရိပ်များ၊ အစိုးရ သက်တမ်း သုံးနှစ်ကျော် လာသည်အထိ အရာ မထင်လာသေးသည့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အနယ်နယ် အရပ်ရပ်မှ ဆန္ဒပြ တောင်းဆိုမှုများ၊ ဘာသာရေး လူမှုရေး ဆန်ဆန် ပဋိပက္ခများက လက်ရှိအစိုးရနှင့် အတိုက်အခံ အင်အားစုတို့၏ လားရာနှင့် ကွဲပြားခြားနားနေပြီလား ဆိုသည်ကို သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

အသက် ၈၄ နှစ် ရှိပြီ ဖြစ်သော်လည်း နိုင်ငံ့အရေးကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကာ ဝေဖန်ထောက်ပြလျက် ရှိသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သည် ၈၈ လူထု လှုပ်ရှားမှုအပြီးကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို ဦးစီးတည်ထောင်သူ ၉ ဦးအနက်မှ တစ်ဦး ဖြစ်ပါသည်။

အသက် ၁၉ နှစ် အရွယ် ကတည်းက သတင်း မီဒီယာလောကတွင် ကျင်လည်ခဲ့ပြီး လူထုလှုပ်ရှားမှု (ဝါ) လူထု အရေးတော်ပုံ အများအပြား ကို တွေ့ကြုံခဲ့ ရသော ဦးဝင်းတင် သည် ၈၈ လူ ထု လှုပ်ရှားမှုတွင် ဦးဆောင် အခန်းကဏ္ဍမှ မဟုတ်ဘဲ သာမန် အညတရ ပြည်သူ တစ်ဦး အဖြစ်သာ ပါဝင်ခဲ့သည်ဟု ဆိုပါသည်။

သတင်းစာ ဆရာအဖြစ် ရပ်တည် နေရာ ကနေ ဘယ်လိုစေ့ဆော်မှုတွေ ကြောင့် နိုင်ငံရေးလောကထဲကို ဝင်ရောက်ဖြစ် ခဲ့ရတာလဲ။
ခြုံပြော ရရင်တော့ဗျာ။ ကျွန်တော် တို့ ဒီကနေ့အထိ နိုင်ငံရေး လုပ်နေရ တယ် ဆိုတာ နိုင်ငံမှာ လူ့အခွင့်အရေး တွေ ဆုံးရှုံး။ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးပြီး ရှင်းရှင်းပြော ရရင်တော့ စစ် တပ်ကပဲ ကြီးစိုးနေတာကို၊ အပြန်အ လှန် ထိန်းညှိမှု မရှိတာကို တိုက်နေကြ တာ။ အခု အပြောင်းအလဲ ဆိုတာက လည်း စစ်တပ် အပြောင်း အလဲ ပဲရှိတာ။ စစ်မှန်တဲ့ နိုင်ငံရေး၊ စစ်မှန်တဲ့ ပြည် ထောင်စုကြီး ပေါ်ထွန်းလာ ဖို့ဆိုတာ အတော်လေး ခက်ခဲတဲ့ အခြေအနေ။ အခုထိ လည်း ဒီအခြေအနေ ရှိနေဆဲပဲ။ ကျွန်တော်နိုင်ငံရေး ထဲပါလာရ တာကတော့ လူ့ အခွင့် အရေးတွေ ဆုံး ရှုံးရတဲ့ ပြည်သူတွေရဲ့ အုံကြွမှုမှာ သာမန်အညတရ တစ်ယောက် အနေနဲ့ ပါဝင်ခဲ့တာပါ။

ဟုတ်ကဲ့ အခုဆို ဒေါ်အောင်ဆန်းစု ကြည် အပါအဝင် ဒီချုပ် ကိုယ်စားလှယ် တွေ လွှတ်တော်ထဲ ရောက်နေကြပြီ။ ဒါနဲ့တောင် နိုင်ငံရေးက အနား မယူနိုင် သေးတာ ဘာကြောင့် လဲခင်ဗျာ။
အခု ကျွန်တော်အသက် ၈၄ နှစ်ရှိ ပြီ။ ကျန်းမာရေး လည်း မကောင်းဘူး။ နှလုံးလည်း ခွဲထား၊ စက်လည်း တပ်ထား ရတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနေရ မှာပဲ။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေးအ ခြေအနေက ကောင်းလာဖို့ မမြင်သေး လို့ပဲ။ အခု လွှတ်တော်တွေ ပေါ်လာ တယ် ဆိုတာလည်း ဒီအခြေခံ ဥပဒေအ ရ ပေါ်နေတာပဲ။ ဒီအခြေခံ ဥပဒေ ဟာ လည်း သေချာ ဖတ်ကြည့်ရင် ဘယ် လောက် ဒီမိုကရေစီ မဆန်သလဲ သိလာ ပါလိမ့်မယ်။ တပ်မတော်ဟာ အမျိုး သားနိုင်ငံရေး ဦးဆောင် အခန်းကဏ္ဍမှာ အမြဲ ဦးဆောင်နေမှာ တို့၊ ကာ/လုံတို့၊ ပြီးတော့ လွှတ်တော် ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ ဆိုတော့ အကုန်လုံးက စစ် ဗိုလ်တွေ နဲ့ပဲ လုပ်နေတာ၊ ရှေ့လျှောက် လည်း ဒီ အတိုင်းပဲ အသွင်ပြောင်း စစ် ဗိုလ်ချုပ်မျိုး ဆက် ထူထောင်ဖို့ပဲ ရှိတယ်။ ဒီတော့ ဒီအခြေခံ ဥပဒေကို မပြင်ရင် မပြင်နိုင်ရင်တော့ ပြည်သူတွေ ရဲ့နိုင်ငံ ဘယ်တော့ မှဖြစ် လာမှာ မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့နိုင်ငံပဲဖြစ်နေဦးမယ်။ ပြည်သူက ရွေးချယ်တင်မြှောက် တဲ့ အစိုးရတို့၊ လွှတ်တော်တို့ မဖြစ်နိုင် ဘူးဆိုရင် ရှေ့လျှောက်လည်း မြန်မာ ပြည်က ဒီမိုကရက် တစ်နိုင်ငံကြီး ဖြစ် လာဖို့ လမ်းမရှိဘူး။ ကျွန်တော် အဲဒါတွေ မြင်နေလို့ မသေမချင်းတော့ ဒီလူထု တော်လှန်ရေးကို ဆက်လုပ်နေရမှာပဲ။

ဒါဆို သမိုင်းက တောင်းဆိုလို့ နိုင်ငံ ရေးလောကထဲ ရောက်ခဲ့ရပြီး အခုထိ လည်း နိုင်ငံရေး ဆက်လက်လုပ်ဆောင် နေရတဲ့ သဘောပေါ့နော်။ ဒါဆိုရင် ကျွန်တော် တို့ မြန် မာနိုင်ငံ သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ အရေးတော်ပုံနဲ့ လူထုတော်လှန်ရေးတွေဟာ ဘယ်လို အကြောင်းအချက် အပေါ် အခြေခံပါ သလဲ၊ ပြည်သူတွေ ဖိနှိပ်ခံ ရလွန်းလို့ လား။ ဒါမှမဟုတ် နိုင်ငံရေး အင်အား စုတွေရဲ့ စနက်ကောပါမလား။
ပြောရရင်တော့ အရေးတော်ပုံ အကြို ကာလတွေက ဖိနှိပ်ချုပ်ချယ်မှု ကာလတွေချည်းပဲ၊ ဟိုအရင် ကိုလိုနီ ခေတ်ကရော၊ တို့စစ်အာဏာရှင် လက် ထက်တွေမှာရော၊ တို့ လွတ်လပ်ရေးရ ပြီး ကိစ္စပြောရရင် ၅၈ လောက်ကနေ စ ပြီး အာဏာရနိုင်ငံရေး ပါတီပေါ့ဗျာ။ ဖဆပလမှာ ဦးနုရဲ့ ပါတီနဲ့ ဦးကျော်ငြိမ်း ရဲ့ပါတီ ကွဲနေတာပေါ့။ အဲဒီမှာ စစ်တပ် က အာဏာ သိမ်းတာပဲ။ ရှင်းရှင်းပြော ရရင်။ ဒါပေမဲ့လို့ စစ်တပ်က အာဏာ သိမ်းတာ ကိုလည်း အတွေ့အကြုံက မရှိ သေးဘူး။ လူထုကလည်း စစ်တပ်အာ ဏာ သိမ်းတာကို မကြုံဖူးသေးဘူး။ အာဏာ သိမ်းလိုက်ရင် လူထုက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စစ်တပ်က သေ ချာမသိသေးတော့ အာဏာ လွှဲတယ်ဆို တာမျိုး လုပ်ပြီး ပြင်ဆင်နေ ခဲ့တာပေါ့ ဗျာ။ ဦးနေဝင်း ရွေးကောက်ပွဲ ကျင်းပ ပေးပါမယ် ဆိုပြီး အခြေခံ ဥပဒေကို မရုပ် သိမ်းသေးဘူး။ ချက်ချင်းကြီးပေါ့။ လွှတ် တော် လည်း ရှိနေသေး တယ်။ ဒါပေမဲ့ ၆ လအတွင်း ကျင်းပပေးပါမယ် ဆိုတဲ့ ရွေး ကောက်ပွဲကို ၃ ခါ အထိ ရွှေ့ခဲ့တယ်။ ရွေးကောက်ပွဲ လုပ်တယ်။ ဦးနုပါတီ ကပဲ နိုင်တယ်။ အဲဒီမှာ ဘာတွေ့လဲ ဆိုတော့ နိုင်ငံရေး အင်အားစုတွေက စစ်တပ်အာ ဏာ သိမ်းမှာကို မကြိုက်တော့ ရွေး ကောက် ပွဲဖြစ်ဖို့ ဝန်းရံကြတယ်။ ပြီးတော့ ပြည်သူတွေ အနေနဲ့လည်း ဒီမိုကရက်တစ် အခြေအနေကနေ စစ်အာဏာရှင် အခြေအနေ ကို ရွေ့သွားရင် ဆန့်ကျင် မယ်ဆိုတဲ့ အနေအထားပေါ့။ ဒါကြောင့် ဖိနှိပ်မှုက သိပ် မပြင်းထန်သေးဘူး။ ရှိတာ ကတော့ ရှိနေပြီ။

၆၂ မှာ စစ်တပ်က အာဏာသိမ်း လိုက်တယ်။ အဲဒီမှာလည်း အကုန်လုံး ဆန့်ကျင်ကြတာပဲ။ နိုင်ငံရေး အင်အားစု တွေရော၊ ပြည်သူတွေ ကရော ဆန့်ကျင် ကြတယ်။ စစ်တပ် ကလည်း အလုံးစုံ အဆင်သင့် မဖြစ်သေးတော့ ၆၂၊ ၆၃ မှာ ဘာမှ သိပ်မလုပ်သေးဘူး။ ဟန်ပြ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်တယ်။ ကွန်မြူနစ် ပါတီက တက် လာတယ်။ တောထဲကလူတွေ တက် လာတယ်။ ဆရာကြီး သခင်ကိုယ်တော် မှိုင်းတို့ရဲ့ ငြိမ်းချမ်းရေး အဖွဲ့ကိုလည်း ဆွေးနွေးပေးပါဆိုပြီး စစ်တပ် က နောက် ကနေ ကြည့်နေတာပေါ့။ ဒါပေမဲ့ စစ် အစိုးရက တကယ်ပြောရရင် အာဏာ သိမ်းပြီး နောက်ပိုင်းမှာ စစ်အာဏာကို ဘယ်လို တည်ဆောက်မလဲ ဆိုတာ စဉ်း စား ပြင်ဆင်နေခဲ့တာ။ ဒါပေမဲ့ နိုင်ငံရေး နဲ့ သိပ်ကွာလို့ မရသေးတာ ကို သိလို့ လွှတ်ထားပေးတာ။ သတင်းစာတိုက် တွေလည်း ချက်ချင်း မပိတ်သေးဘူး။ ပြီး ၆၃ ခုနှစ် နိုဝင်ဘာလောက် ကစပြီး သတင်းစာတိုက်တွေ ပိတ်တယ်။ လူ တွေဖမ်းတယ်။ သူတို့ လုံးဝ အဆင်သင့် ဖြစ်သွားပြီလေ။ အဲ့ဒီအချိန်မှာ ကျွန် တော်က သတင်းစာ ဆရာပဲ။ ကျွန်တော် တို့ သတင်းစာ ကလည်း ကန့်ကွက် ကြ တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြေးမုံ သတင်းစာ၊ ဗိုလ်တထောင် သတင်းစာ၊ ဂါးဒီယန်း တို့ကို ဘာမှ မလုပ်သေး ဘူး။ သတင်းစာတွေ က သြဇာလည်း ကြီးလို့ ၆၄ ခုနှစ် စက်တင်ဘာလ ကျမှ ပိတ် လိုက်တာ။ အဲ့ဒီအချိန် ကစပြီး စစ်ဗိုလ် တွေ နေရာစုံကို ဝင်လာတော့တာပဲ။ သူတို့ သိသွားပြီလေ။ သူတို့ လုပ်ချင်ရာ လုပ်လို့ ရပြီဆိုတဲ့ အခြေအနေကို။ ဖိနှိပ် ချုပ်ချယ်မှု နဲ့အတူ စစ်အာဏာရှင် စနစ် အသက်ဝင် လာတော့တာပဲ။

ဆိုလိုတာက ပြည်သူတွေ က ဖိနှိပ်မှု ကို အစဉ်အဆက် ဆန့်ကျင်ခဲ့တာပဲ။ စစ်အာဏာရှင် စနစ်ကို ပြည်သူတွေက တောက်လျှောက် ကို တွန်းလှန်ခဲ့တာပဲ။ ဒါ့ကြောင့် လည်း ၇ ဇူလိုင် လိုမျိုး အရေး အခင်းတွေဖြစ်ခဲ့တာပေါ့။ စစ်တပ်က လည်း အာဏာကို နည်းမျိုးစုံနဲ့ ဆက်လက် ချုပ် ကိုင်ခဲ့တာပဲ။ စစ်အစိုးရပြီးတော့ မဆလဆိုပြီး အရပ် သား အစိုးရ လိုလို ပုံစံပြောင်း၊ အခု အခြေအနေနဲ့ ဘာထူး သေးတုန်း။ ဘာပြနေသလဲ ဆိုတော့ လူထုက တော်လှန်မှုပေါ့။ တစ်လျှောက်လုံး ရှိနေ ခဲ့တာ။ နိုင်ငံရေး ပါတီမရှိဘူး။ နိုင်ငံရေး ခေါင်းဆောင် မရှိဘူး။ ဒါပေမဲ့ ပြည်သူ တွေက သူ့ နည်း နဲ့သူ လှုပ်ရှားနေတယ်။ အဲဒီမှာ လှုပ်ရှားလို့ ရတဲ့ ခေါင်းဆောင် ကို လူထုက ဝန်းရံတာပဲ။ အဲဒါပဲ။ ၈၈ အထိ ရောက်သွား ရတာဟာ စစ်အာဏာရှင် စနစ်ကိုအစဉ် အဆက် ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေ ရဲ့ လှုပ်ရှားမှုကြောင့် ပဲ။ ခေါင်းဆောင် မှု ပေးနိုင်တဲ့ လူရှိတာ နဲ့ လူထုက သူ့ကို ဝန်းရံတော့တာပဲ။

အခုလက်ရှိ အခင်းအကျင်း အနေက ရော၊ အရပ်သား အစိုးရ လက်ထက်မှာ ပဲ မြေသိမ်း၊ ယာသိမ်း၊ အာဏာပိုင်တွေ နဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့၊ ဘာသာ ရေးနဲ့ လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေက နိစ္စဓူဝလိုဖြစ်ပျက်နေတာဆိုတော့ ဒါ ကိုရော ဘယ်လိုမြင်မိပါသလဲ။
ကျွန်တော် တို့ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေဟာ လူတွေတော်တော်များ များ သုံးနေကြ စကားပေါ့ဗျာ။ ကျွန်တော် တို့ဟာ လမ်းခုလတ်ရောက်နေတယ်။ ဘာလုပ်ကြ မလဲပေါ့။ ကျွန်တော်က တော့ အခု အခြေအနေကို လမ်းခုလတ် လို့ အယုံအကြည် မရှိဘူး။ လမ်းခုလတ်၊ လမ်းတစ်ဝက် ဆိုတာ ခဏနားပြီး ဆက် သွားရမယ့်နေရာ။ အဲဒီလိုဆိုရင် ဦးသိန်း စိန်တို့ ခင်းထားတဲ့ လမ်းရှင်းရှင်း ဆိုရင် စစ်တပ်က ခင်းတဲ့ ဒီမိုကရေစီ ခေါ်ခေါ်၊ ဘာခေါ်ခေါ် ခေါ်ချင်တာ ခေါ်ပေါ့ဗျာ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံက ခင်းပေးတဲ့ လမ်း အတိုင်း ဆက်လျှောက်ရမယ့် ပုံစံပေါ့။ ဒီအတိုင်း သွားမယ်ဆို ပြည်သူ့နိုင်ငံ ကို ရောက်မှာ မဟုတ်ဘူး။ ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ အဲ့ဒီတော့ ဒီ အခြေ အနေကို ကျွန်တော်က လမ်းဆုံ၊ လမ်းခွ လို့ပြောချင်တယ်။ ဆိုချင်တာက ကျွန်တော်တို့မှာ တခြား လမ်းရွေးခွင့် ရှိသေးတယ်။ လမ်းရှာရင် ရသေးတယ်။ လမ်းခွဲ ထွက်လို့ ရပြီ။ ဦးသိန်းစိန်တို့လမ်း ထဲဝင်လျှောက်ရင် ကျွန်တော် တို့ရောက် မှာမဟုတ်ဘူး။

ဒီနေ့ ပြည်သူတွေရဲ့ အခြေအနေ ကိုကြည့်၊ နိုင်ငံရေး အခြေအနေကို ကြည့်၊ ပြည်သူတွေ တကယ်ပဲ အကျိုးကျေးဇူး တွေခံစားရပြီလား။ နိုင်ငံရေး မှာလည်း စစ်တပ်က အခြေခံ ဥပဒေကို ပြင်ချင်တဲ့ စိတ်ရှိလို့လား။ အခု အစိုးရက ပြင်ချင် တဲ့ စကားတွေက ဘယ်လောက်ပဲ ပြော နေပါစေ၊ ပြင်နိုင်တဲ့ အနေအထားလည်း သိပ်မရှိ လှဘူး။ ပြင်ရင် လည်းနည်းနည်း ပဲပြင်မှာဆိုတော့ ကျွန်တော်တို့က များ များပြင်နိုင်အောင် ကြိုးစားနေတာ၊ ဒီ ပြင်ချင်တဲ့နေရာ မှာလည်း ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရဖို့ ၅၉(စ) တို့က သိပ်အရေး မပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်မယ် ဆို ပြင်ဖို့ မ လွယ်တဲ့ ၄၃၆ ကိုပြင်ဖို့ပဲ။ ၄၃၆ ကိုပြင် လို့ရမှ ကျန်တဲ့ ဟာတွေ လိုက်ပြင် လို့ရ မယ်။ ဒါဟာလည်း ဘယ်လိုမှ မလွယ်တဲ့ ကိစ္စ၊ ဒါက နိုင်ငံရေး။

ပြန်ကြည့်လိုက်ပါဦး။ တစ်နိုင်ငံ လုံးမှာ မြေယာ သိမ်းမှုတွေ အလုပ်သမား တွေရဲ့ဘဝတွေ ရှင်းရှင်းပြောရရင် ကျွန် လိုခိုင်းခံနေရတာ။ လယ်သမားတွေ ဆို တာလည်း လယ်ယာလည်း မရှိကြတော့ ဘူး။ အဲ့ဒီတော့ ကျွန်တော်က ဘယ်လို တွက်လဲဆိုရင် ဒီအခြေအနေ အားလုံး ဟာ တိုင်းပြည်မှာ တော်တော်ကို အခက်အခဲတွေ ရှိနေပြီ ဆိုတာပဲ။ အလုပ် သမားတွေရော၊ လယ်သမားတွေရော အတွက် ထွက်ပေါက် ပိတ်မိသလို ဖြစ် နေပြီ ပြောင်းနေပြီ ပြောင်းနေပြီပြော တယ်။ ဒါပေမဲ့ သူတို့မှာ ပိုခက်ခဲ လာ တဲ့ အခြေအနေကို ရင်ဆိုင်နေ ရတာဟာ အရမ်း အန္တရာယ် များနိုင်တဲ့ အခြေအ နေတစ်ခုပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အတိုင်း လျှောက် လာတာ ၃ နှစ်ကျော်ပြီ။ အလုပ်မဖြစ် သေးဘူး။ ဖြစ်သင့်သလောက် မဖြစ်သေးဘူး။ ရှေ့လျှောက်လည်း မဖြစ်နိုင်သေး ဘူးဆို ကျွန်တော် တို့ ရဲရဲဝံ့ဝံ့နဲ့ လမ်းခွဲ ထွက်ဖို့ကြိုးစားရမယ်။ ကျွန်တော်တို့ သတ္တိရှိဖို့ လိုမယ်။ ဒီလိုပြောလို့ အကြမ်း ဖက်ဖို့ ပြောနေတာ မဟုတ်ဘူး။ ကျွန် တော်တို့က အကြမ်း ဖက်နည်းကို သိပ် မသုံးချင်ဘူး။ ဆူပူဖို့လို့ ပြောနေတာ မဟုတ်ဘူး။ လူထုနည်းနဲ့ လူထုဆန္ဒ နဲ့ ကျွန်တော်တို့ နည်းလမ်း ရှာလို့ရတယ်။ ဘယ်လိုလုပ်လို့ ရမလဲဆို တာ ပြောတာ။

တလောက ပြောသွားတဲ့ အထဲမှာ တတိယအရေးတော်ပုံဆိုတာ ရှိလာနိုင် တယ်လို့ တွေ့ရပါတယ်။ ဘယ်လိုမျိုးကို ဆိုလိုတာလဲ။
ကျွန်တော် ပြောချင်တာက အခု တိုင်းပြည်မှာ လယ်သမားတွေက ပြော တဲ့အသံတွေ ရှိတယ်။ ဆရာစံ သူပုန်လို ဟာမျိုးတွေ ထနိုင်တယ်ဆိုတာ ကြားနေ ရတယ်။ ကျွန်တော် ပြောတာက တတိယ အရေးတော်ပုံ ဆိုတာ ရှိနိုင်တယ်။ အဲဒီ အတွက် ကျွန်တော်တို့ အဆင်သင့်ပြင် ထားရမယ် လို့ ပြောတာ။ သတ္တိ ရှိရလိမ့် မယ်လို့ ပြောတာ။ ဘာကြောင့်ပြောလဲ ဆို ကျွန်တော်တို့ ၁၃ဝဝ ပြည့် အရေးတော်ပုံ ပြီးတော့ ရှစ်လေးလုံး လူထုအ ရေးတော်ပုံရဲ့ တောင်းဆိုချက်တွေ က အခုထိ မပြည့်ဝသေးဘူး။ မရသေးတာ အများကြီး ရှိသေးတယ်။ ဒီအရေးတော် ပုံရဲ့ တောင်းဆို သံတွေက မစဲသေးဘူး။ ဒါတွေ ပြေလည်ပြီးမြောက်တဲ့ အထိ ကျွန်တော်တို့ ထပ်ပြီး လှုပ်ရှား သွား ရမှာ ပဲ။ စစ်အာဏာရှင် စနစ်ကို ဆက်ပြီး ဆန့် ကျင်သွားရမှာပဲ ဆိုတော့ တတိယ အ ရေးတော် ပုံဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတယ်။ ပြောချင်တာက လက်ရှိနိုင်ငံရဲ့ အခြေ အနေဟာ အတော်ကို ဆိုးဝါးတဲ့ အနေအထား။ ကြည့်လိုက် လယ်သမား ဆိုလည်း အံတကြိတ်ကြိတ်၊ အလုပ်သ မားဆိုလည်း ဘာခံစားခွင့် မှမယ်မယ်ရရ မရ။ ကျွန်တော်တို့ အပြောင်းအလဲကို စိတ်ရှည်ရှည်နဲ့ ၂၅ နှစ်အထိ လုပ်ခဲ့ တယ်။ ရွေးကောက်ပွဲ စ်ကြိမ် (၁၉၉ဝ ပြည့်နှစ်နှင့် ၂ဝ၁၂ ခုနှစ်)ကို ဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုပ်ဆောင် ခဲ့တယ်။ စစ်အာဏာရှင်တွေက ပြောင်းလဲချင်စိတ် မရှိဘူး။ ဒီကာလ အတွင်းမှာ ဘာမှဖြစ် မလာခဲ့ဘူး။ ဒီတော့ ဘာမှမဖြစ်တဲ့ ဒီ စစ်တပ်ကခင်းတဲ့လမ်းကို ကျွန်တော် တို့ ဆက်လျှောက်ရင်ရော ဘာဖြစ်မလဲ။ သမိုင်းတရားခံဖြစ်တာပဲရှိမယ်။ နိုင်ငံ ရေးဘဝ သစ်ကိုရောက်ဖို့ ကျွန်တော်တို့ သတ္တိရှိဖို့လိုနေပြီ။

ဒီအခြေခံ ဥပဒေက ခိုင်းတဲ့အ တိုင်း လိုက်လုပ်နေလို့ မဖြစ်တော့ဘူးလို့ ကျွန်တော် ယူဆတယ်။ ဦးသိန်းစိန် လည်း ဘာမှမလုပ်နိုင်ဘူး။ သူလည်း သူ့ရဲ့ စစ်တပ်ကိုလည်း မလွန်ဆန်နိုင် ဘူး။ ရှင်းရှင်းပြောရရင် စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ပဲရှိသေးတာ။ ဒါ က ရှင်းတယ်။ အဲဒီတော့ ဒီလို အခြေ အနေမှာ ဘာတွေပေါ်လဲ ဆိုတော့ ဘာ သာရေး တိုက်ခိုက်တာတွေ၊ လူမျိုးရေး ပဋိပက္ခတွေ အခုနောက်ပိုင်းမှာ စစ် တပ်က လူဟောင်းတွေ ဆိုရင် တိုင်း ပြည်ကို ပါးရိုက်မယ်လို့ ပုဆိုးလှန်ပြမယ် လို့ ပြောလာ ကြပြီ။ NLD ကိုလည်း ဒေါ်အောင်ဆန်းစုကြည် မှတပါး ကျန်တဲ့ သူတွေ သောက်သုံးမကျဘူး ဆိုပြီး အဲဒီ လောက်အထိ ရက်ရက်စက်စက် ပြော တာ။ ဦးတင်ဦး သူတို့ရဲ့ ကာချုပ်ဟောင်း ကိုပြောတာ။ ဒါတွေဟာ အကြောင်းမဲ့ ပြောတာ မဟုတ်ဘူး။ သူတို့မှာ timing ရှိတယ်ဗျ။ သမီးကလေးရွာက လူတွေ ခိုနေတဲ့ ဘုန်းကြီးကျောင်း ကို သွားပြီး ရွှေ့ကြမရွှေ့ရင် မီးတိုက်မယ် ဆိုတော့ ဘာကြီးလဲ။ ပြီးတော့လည်း ဒီဘာသာ ရေးနဲ့နွှယ်တဲ့ ဥပဒေလေးရပ် ကိစ္စက လည်း လွှတ်တော်တွေ အစိုးရ အဖွဲ့တွေ အ ထိရောက် လာပြီ။ တကယ်ဆို လက် ထပ်ထိမ်းမြားခြင်း ဥပဒေက ရှိပြီးသား ပဲ။ ဒါကိုပဲ မပြည့်စုံရင် ပြည့်စုံအောင် ပြင်ဆင် ဖြည့်စွက်လိုက်ရင် မပြီးဘူးလား။ အဲဒီကိစ္စကြီး ကလည်း တအုံနွေးနွေးနဲ့ တကယ့် အခက်အခဲကြီး တစ်ခု ဖြစ်လာ နေပြီမို့လား။ ရှစ်လေးလုံးကျောင်းသားတွေက လည်း လူထုရဲ့ တောင်းဆိုချက် မရရင်၊ အခြေခံ ဥပဒေပြင်ရေး ပုဒ်မ ၄၃၆ မပြင်ရင် လမ်းပေါ်ထွက် ဖို့ အဆင်သင့် ပဲဆိုတဲ့ စကားမျိုး။ ဆိုတော့ တင်းမာမှု က အတော်ဆိုးလာပြီ။

ကျွန်တော်တို့ NLD ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တိုင်ပင်ချင်တယ်။ ဆွေးနွေးချင် တယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်း နဲ့ ဆွေးနွေး အဖြေ ရှာချင် တယ်။ အကြမ်း ဖက်တဲ့နည်းကို သိပ်မလုပ်ချင်ဘူး။ အခုက ဘာဖြစ်လာမလဲ ဆိုတာ ဖမ်းလို့ သိပ်မရချင်ဘူး။ နိုင်ငံရေးဆိုတာ က တစ်ခါတလေ စိတ်ကူး စိတ်သန်းနဲ့ ဖန်တီး လို့မရဘူး။ ဖြစ်သွားမယ့် မြေပြင် အခြေအနေ ကတခြား၊ ဖြစ်သွားတာက တခြားဖြစ်တတ်တယ်။ အခုကျွန်တော့် အထင်ကတော့ မြေပြင် အခြေအနေက သီးခြားဖြစ်စပြု လာပြီ ထင်တယ်။ အခု ဦးသိန်းစိန် တို့ပြော တဲ့ နိုင်ငံရေး အခင်း အကျင်းသစ် ဆိုတာ လူထုက ဂရုမစိုက် တော့ဘူး။ သူ့ဟာ သူပြောနေတာ။ အခု ဒေါ်အောင်ဆန်းစုကြည် ပြောလည်း NLD ပြောလည်း သိပ်ဂရု မစိုက်ချင်တော့ ဘူးဖြစ်လာပြီ။ သူ့ဟာသူ သီးခြား ကိုယ့် သဘော ကိုယ်ဆောင်ပြီး လုပ်တာတွေ ပါလာပြီ။ ကျောင်းသားက တစ်လမ်း၊ NLD က တစ်လမ်း၊ ဦးသိန်းစိန်က တစ် လမ်း၊ လွှတ်တော်က တစ်လမ်း။ သေချာ တာက စစ်တပ်က အသံတွေ၊ ဒီဆဲဆို နေတာတွေ ဦးလှဆွေ ကအစ စစ်ဗိုလ် ချုပ် ဟောင်းတွေ ပြောနေတာတွေ ဒီ အသံတွေ ထွက်လာတာဟာ အကြောင်းမဲ့ ထွက်လာတာလို့ တွက်လို့ မရဘူး။ တစ်ခုခု ချက်တစ်ခုခု ရှိနေရမယ်။ နောက် ကွယ်က ချက် တစ်ခုတော့ ရှိရမယ်။ ဘယ်လို ဆက် မယ်တော့ မသိရသေးဘူး။ ဒါတွေဟာ အလကားပေါ်တာ မဟုတ် ဘူး။ ရွေးကောက်ပွဲ နဲ့ ဆက်စပ်ပေါ် လာတာ လို့ ယူဆရတယ်။

ဟုတ်ကဲ့။ ဒီ အခြေအနေတွေက ထင်မှတ်မထားတဲ့ အခင်းအကျင်း တစ်ခု ဆီ ဦးတည်တယ် လို့ယူဆထားတယ်ဆို တော့ ဒါကို ရှောင်လွှဲနိုင်ဖို့ အတွက် အဖြေကတော့ အခြေခံ ဥပဒေပြင်ဆင် ရေးအောင်မြင် သွားရင်ရော ဒါကိုရှောင် လွှဲနိုင်မလား။
လွှတ်တော် ကလုပ်နေတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိုလည်း ကျွန်တော် တို့ဘာမှ သိပ်မျှော်လင့်ချက် မထားဘူး လို့ ပြောမယ်။ ဘာလို့လဲ ဆိုတော့ ၁ဝ၉ ဦးကော်မတီ လုပ်တုန်း ကလည်း သူတို့ က ၇၇ နေရာအထိ ယူထားတယ်။ အဲဒီ ကနေ ၃၁ ဦး ကော်မတီရောက်တော့ လည်း ဦးအောင်သိန်းလင်း တို့ပါလာ တယ်။ သူ့ရဲ့ လက်မှတ် တစ်သိန်းကျော် ထိုးထားတဲ့ အချက်က ပါလာပြီ။ အ ကယ်၍သာ သူဟာ ၁ဝ၉ ဦးကော်မတီ ထဲမှာ ကျန်ခဲ့ရင် ဒါဟာ ဟာသပဲ။ အခု သူက ၃၁ ဦးကော်မတီ ထဲပါပြီဆိုတော့ သူ့ရဲ့ တစ်သိန်းကျော် လက်မှတ်ထိုး ထားတယ် ဆိုတဲ့ အချက်က မဟုတ်မှန် ပေမယ့် စဉ်းစားစရာဖြစ်လာတာပေါ့။ ဒါကြောင့် ဖွဲ့စည်းပုံကို လွှတ်တော်က ထိ ထိရောက်ရောက် ပြင်နိုင်ဖို့ ဆိုတာ မမြင်ဘူး။

ကျွန်တော်က အစောကတည်းက ပြောတယ်။ လွှတ်တော်ပြင်ပလိုင်း တစ်ခု ကနေပြင်ဖို့ကြိုးစားပါ။ NLD က မလုပ် ခဲ့ဘူး။ နောက်ပိုင်းမှ လွှတ်တော်ပြင်ပ လိုင်းဘက် ဝင်လာတာ လူထု သဘော ထားရယူတယ်ပေါ့။ ဒါပေမဲ့ သိပ်များ များမလုပ်နိုင်ဘူး။ NLD ကလည်း သူ့ ဟာသူ ပြန်ပြန်ခွေနေတာ။ ပြန်ပြန် ဝင်သွားတယ်။ အဲဒီလိုဖြစ်နေ တယ် ဆိုတော့ ကျွန်တော့် အမြင်က နိုင်ငံရေး အခြေအနေက ဘာမှ တိုးတက်မလာ ဘူး။ တိုးတက်မှု မရှိဘဲ ပေါက်ကွဲနိုင်တဲ့ အခြေအနေ ထိ ကြီးထွားလာနေပြီ။

အဲဒါဆို အဲဒါကို ဘယ်လိုရှင်းမလဲ ဆိုတော့ ကျွန်တော်တို့ စဉ်းစားတာက အပျော့စားပေါ့။ အခြေခံ ဥပဒေပြင်ဆင် ရေး ပုဒ်မ-၄၃၆ ကိုပြင်ပါ။ ဒါပေမဲ့ ဒါက လည်း ဖြစ်နိုင်ခြေ အင်မတန် နည်း ပါတယ်။ အခြေအနေ က အလွန်ရှုပ် ထွေးသွားပြီလို့ ကျွန်တော်မြင်ပါတယ်။

ဒီလို ရှုပ်ထွေးတဲ့ အခြေအနေမှာ ကျွန်တော်တို့က လမ်းဆုံလမ်းခွရောက် နေပြီ။ ဒီ ၂ဝဝ၈ လမ်း အတိုင်း ဆက် လျှောက်နေရင် မပြေလည်ဘူး။ ဒါ သေချာတယ်။ ဒါဆို လမ်းခွဲ ထွက်ပြီး လမ်းသစ်ရှာတဲ့ နည်းကို သုံးပြီး ဖြေရှင်း မလား။ ဒါက အားလုံး စုပေါင်းအဖြေ ရှာရမယ့် အနေအထားပါ။

ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ် ခင်ဗျ
ကျော်ရဲလင်း တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

No comments: