Saturday, June 28, 2008

လုပ်အားခလစာတိုင်ကြားရာ၌ လိုအပ်သည့် အခြေခံသိထားသင့်သည့်အချက်များ

ဝင်းလှိုင်

(၁) လုပ်အားခလစာရရှိရမည့် စက်ရုံအလုပ်ရုံ၏ အမည်၊ လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် များ သိရှိထားရန်လိုအပ်ပါသည်။
ထိုအချက်များအား သိရှိနိုင်ရန်အတွက် အလုပ်စတင်ဝင်သည့်အချိန်မှစ၍ စက်ရုံအလုပ်ရုံ၏လုပ်ငန်းရှင် လိပ်စာကဒ် သို့မဟုတ် ထိုစက်ရုံအလုပ်ရုံရှိ တာဝန်ရှိသူ၏ လိပ်စာကဒ်အား ရယူထားသင့်ပါသည်။

(၂) ထိုစက်ရုံမှပေးသော လစာစာအိတ်အား သေချာစွာ သိမ်းဆည်းထားရပါမည်။
တချို့သောစက်ရုံများသည် လစာပေးသည့်စာအိတ်၌ လစာပေးသည့်နေ့၊ ရရှိရမည့်လစာပမာဏအား ရေးသားထားခြင်းမရှိပဲ ပေးသည်များလည်းရှိပါသည်။ ထိုအခါမျိုးတွင် မိမိသင်္ကေတဖြင့် ထိုလစာစာအိတ်အား ရရှိသည့်နေ့၊ လက်ခံရရှိသည့်ပမာဏအား မှတ်သားထားသင့်ပါသည်။

(၃) စက်ရုံအလုပ်ရုံတစ်ခုအား စတင်ဝင်ရောက်သည့်နေ့အားလည်း သေချာစွာမှတ်သားထားသင့်ပါသည်။


(၄)သတ်မှတ်ထားသည့်အလုပ်ချိန်အပြင် အချိန်ပိုအလုပ်လုပ်ခဲ့သည့်အချိန်များကိုလည်း မှတ်သားထားသင့်ပါသည်။


(၅)တစ်ရက်လျှင်အလုပ်ချိန် (၈)နာရီနှုန်းဖြင့် မိမိ၏အခြေခံလစာအားလည်း သိထားလျှင် ပိုမိုကောင်းမွန်ပါသည်။
ကိုရီးယားအလုပ်သမားဝန်ကြီးဋ္ဌာနမှ သတ်မှတ်ထားသော အနိမ့်ဆုံး အခြေခံလစာအောက်မနည်းစေရန်ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်အတွက် ကိုရီးယားအလုပ်သမားဝန်ကြီးဋ္ဌာနမှ သတ်မှတ်ထားသော အနိမ့်ဆုံးအခြေခံလစာမှာ တစ်နာရီလျှင်(၃၇၇၀)၀မ်၊ အလုပ်ချိန်(၈)နာရီဖြင့် တစ်ရက်လုပ်အားခ (၃၀၁၆၀)၀မ်အဖြစ် သတ်မှတ်ထားပါသည်။


လုပ်သက်ခံစားခွင့်ရရှိရန်လိုအပ်ချက်များနှင့်အခြေခံသိရှိထားသင့်သည့်အချက်များ

(၁)စက်ရုံအလုပ်ရုံတစ်ရုံ၌ အနည်းဆုံး ဆက်တိုက်အလုပ်လုပ်ကိုင်သည့်လုပ်သက် တစ်နှစ်နှင့်အထက်ရှိရပါမည်။
(ဥပမာ-၆လအလုပ်လုပ်၍ ထိုစက်ရုံမှထွက်ပြီး ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်၍ ၆လအလုပ်လုပ်ခြင်းမျိုးသည်အကျုံးမ၀င်ပါ။) ဆက်တိုက်အလုပ်လုပ်၍ လုပ်သက်တစ်နှစ်နှင့်အထက်ရှိခြင်းကို ဆိုလိုပါသည်။

(၂)မိမိအလုပ်လုပ်ကိုင်သည့် စက်ရုံအလုပ်ရုံတွင် လုပ်အားခလစာယူ၍ အလုပ်လုပ်ကိုင်သည့် အလုပ်သမား(လုပ်ငန်းရှင်မပါ) အနည်းဆုံး(၅)ဦးနှင့်အထက် ရှိရပါမည်။
တချို့သောစက်ရုံငယ်များတွင် လုပ်ငန်းရှင်၏ဇနီး၊ ဆွေမျိုးများ အလုပ်ခွင်၌ ၀င်ရောက်အလုပ်လုပ်ကိုင်ခြင်းမျိုးရှိပါသည်။ ထိုသူများသည် လုပ်အားခလစာအား ရယူ၍ အလုပ်လုပ်ကိုင်သူများဖြစ်လျှင် ထိုသူများပါ အလုပ်သမားအဖြစ် အကျုံးဝင်ပါသည်။

(၃)မိမိရရှိရမည့် လုပ်သက်ခံစားခွင့်ငွေပမာဏအား သိရှိနိုင်ရန်အတွက် လစာစာအိတ်များအား သိမ်းဆည်းထားရပါမည်။
အလုပ်မှမထွက်မီ နောက်ဆုံးရရှိထားသော(၃)လစာအားအခြေခံ၍တွက်ယူပါသည်။ ထိုသို့တွက်ယူရာတွင် အချိန်ပိုလုပ်အားခသော် လည်းကောင်း၊ တခြားအပိုကြေးများကိုလည်း ထည့်သွင်းတွက်ယူပါသည်။

(၄)လုပ်သက်ခံစားခွင့်ရရှိရန်အတွက် လုပ်အားခလစာနည်းတူ စက်ရုံအလုပ်ရုံ၏အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များသည်လည်း သိရှိထားရန် လိုအပ်ပါသည်။

(၅)လုပ်သက်ခံစားခွင့်သည် စက်ရုံအလုပ်ရုံတစ်ရုံ၌ ဆက်တိုက်အလုပ်လုပ်သည့်သက်တမ်း တစ်နှစ်လျှင် လုပ်အားခ ၀င်ငွေ၏ ရက်ပေါင်း(၃၀)စာ ခံစားခွင့်ရှိပါသည်။


No comments: