Saturday, June 28, 2008

တောင်ကိုရီးယားကို အားကျနေတဲ့ မြန်မာတို့အတွက်

ကိုလူချစ်

မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေနဲ့ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်က ယခုလက်ရှိ မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာဏာရှင်နဲ့ တစ်ချိန်က ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော်တော်တူပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။

၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်ပိုင်းက ကိုရီးယားအသံလွှင့်ဋ္ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို ကြည့်ပြီး ကိုရီးယားနိုင်ငံသားတွေကို အားကျမိသွားတယ်။ အားကျမိတဲ့အချက်ကတော့ ပြည်သူလူထုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲကနေ သမ္မတကို ရွေးချယ်ပိုင်ခွင့်ရှိလို့ပါ။ ကျွှန်တော်တို့ မြန်မာပြည်မှာလည်း ၁၉၉၀ခုနှစ်တုန်းက ပြည်သူလူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ ရှိခဲ့ပေမယ့် စစ်အစိုးရရဲ့ မတရားအနိုင်ကျင့်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့တာကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေခမျာ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း တာဝန်တွေ မထမ်းဆောင်နိုင်တဲ့အပြင် မတရာညှင်းပမ်းနှိပ်စက် ဖမ်းဆီးမှုတွေကြောင့် ထောင်ကျနေရသူတွေရှိသလို ပြည်ပနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင်နေရသူတွေပါ ရှိလာခဲ့ရပါတယ်။

မြန်မာပြည်မှာလည်း ကိုရီးယားကို အားကျနေကျတယ် ဆိုတာတွေလည်း သိရပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံရဲ့ တိုးတက်ထွန်းကားမှုတွေကိုပဲ အားကျနေကြတာ များနေတယ်လို့ ထင်တယ်။ ဥပမာ ကိုရီးယား ရုပ်သံဇတ်လမ်းတွဲတွေကိုကြည့်ပြီး တချို့ဆို ကိုရီးယားစကား မတောက်တခေါက်တောင် ပြောနေကြတယ် ထင်တယ်။ ဘယ်လောက်အတိုင်းအတာထိလည်း ဆိုရင် မြန်မာပြည်မှာ အောင်မြင် ကျော်ကြားနေတဲ့ အနုပညာသမားတွေ ပါးစပ်ဖျားမှာတောင် ကိုရီးယားစကားတွေ ရေပန်းစားနေပါတယ်။ မြန်မာပြည်အနှံ့မှာ ကိုရီးယားရောဂါပိုးက တော်တော်ဆိုးနေပုံရတယ်။ မြန်မာပြည်ထဲကလူတွေ ကိုရီးယားနိုင်ငံကို အဓိက အထင်ကြီး အတုယူစရာလေးတွေ အသိပေးတင်ပြချင်တာနဲ့ ဒီဆောင်းပါးကို ရေးလိုက်ရတာပါ။

မြန်မာပြည်မှာ ရေပန်းစားနေတဲ့ ကိုရီးယားနိုင်ငံဟာ ၁၉၈၇ခုနှစ် ဇွန်လကမှ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာတာပါ။ နှစ်အနေနဲ့ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တာ နှစ်(၂၀)ကျော်ပဲ ရှိပါသေးတယ်။ ကိုရီးယားနိုင်ငံဟာလည်း တစ်ချိန်က ယခုလက်ရှိ မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု အင်အားနဲ့ တွန်းလှန်ဆန့်ကျင်ခဲ့ကြတဲ့အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။ အခုလက်ရှိ မြန်မာစစ်အစိုးရ (နအဖ)က ပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲပုံစံမျိုးလည်း ကိုရီးယား စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့ဖူးပါတယ်။ စစ်တပ်အာဏာ သက်ဆိုးရှည် တည်မြဲရေးအတွက် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတွေလည်း ကျင့်သုံးခဲ့ဖူးပါတယ်။ စစ်အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူ ကျောင်းသူ ကျောင်းသားတွေ၊ ပါတီနိုင်ငံရေးလှုပ်ရှားသူတွေ ပြည်သူလူထုတွေလည်း မတရား ဖမ်ဆီးနှိပ်စက် သတ်ဖြတ်ခြင်းတွေ ခံခဲ့ကြရပါတယ်။ နအဖက တွင်တွင် သုံးနေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူဆိုရင် ပြည်ပအားကိုးပုဆိန်ရိုး ဆိုတဲ့ စွပ်စွဲမှုမျိုးလို ကိုရီးယားစစ်အစိုးရလက်ထက်က ဒီမိုကရေစီအရေး လှုပ်ရှားသူဆိုရင် မြောက်ကိုရီးယားသူလျို ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းနှိပ်စက်ခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့ စစ်အာဏာရှင်နဲ့ တစ်ချိန်က ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်ကို အနိုင့်ကျင့် အုပ်ချုပ်ပုံချင်း တော်တော်တူပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ စစ်အာဏာရှင် သမိုင်းအကျဉ်းကို ကျွှန်တော် လေ့လာထားမိသလောက် တင်ပြပါရစေ။

ကိုရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ် သြဂုတ်လ၁၅ရက်နေ့မှာ ဂျပန်နိုင်ငံလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ဇူလိုင် လမှစတင်ပြီး အီဆူမန် ဆိုသူဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။ အီဆူမန်ဟာ သမ္မတရာထူးရပြီး ၁၉၅၁ခုနှစ်မှာ Liberal Party ကို စတင်ဖွဲ့စည်းတည်ထောင်ပြီး ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သမ္မတရာထူးရရှိခဲ့တဲ့ ၁၉၄၈ခုနှစ်မှ စတင်ပြီး ၁၉၅၆ခုနှစ်အထိ အစိုးရအဖွဲ့အား ရွေးချယ် တင်မြှောက်ချင်း မပြုပဲ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၅၆ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့်လည်း သန့်ရှင်းတဲ့ ရွေးကောက်ပွဲမျိုး မဟုတ် ပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားပြီး သမ္မတရာထူးကို ဆက်လက်ခံယူခဲ့ပါတယ်။ ၁၉၆၀ခုနှစ် ဧပြီလ၁၉ရက်နေ့မှာ ဂိုလျောတက္ကသိုလ် ကျောင်းသား တွေကနှေအစပြုပြီး ကိုရီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီ လူထုလူပ်ရှားမူအရေးတော်ပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီိအရေးတော်ပုံကြီးကြောင့် ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူ အီဆူမန်ဟာ ဟာဝိုင်ယီကို ထွက်ပြေးတိမ်းရှောင်သွားရပြီး ဟာဝိုင်ယီမှာ နိုင်ငံရေးခိုလူံခွင့် ခံယူခဲ့ပါတယ်။ သမ္မတနေရာကို ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ယူးန်ဘိုဆောင်(င်)ကို ၁၉၆၀ခုနှစ် သြဂုတ်လမှာ သမ္မတအဖြစ် လွတ်တော် ကနေ ရွေးချယ်တင်မြှောက် လိုက်ခဲ့ကြပါတယ်။

အဲဒီအချိန်က ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ ငြိမ်သက်မူမရှိပဲ ဆူပူအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ နိုင်ငံမငြိမ်သက်မူကို အကြောင်းပြပြီး တော့ စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဘတ်ဂျုံဟီးက ၁၉၆၁ခုနှစ် မေလ ၁၆ရက်နေ့မှာ စစ်အာဏာသိမ်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီး ၁၉၆၃ခုနှစ် ဖေဖော်ဝါရီလမှာ Democratic Rebuplican Partyကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ ပါတီဖွဲ့စည်းပြီး ၁၉၆၃ခုနှစ် အောက်တိုဘာလမှာ ရွေးကောက်ပွဲပြုလုပ်ပြီး သမ္မတအာဏာကို ရယူခဲ့ပါတယ်။ ရွေးကောက်ပွဲပြုလုပ်ရာတဲ့ နေရာမှာလည်း အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း မမှန်ကန် မသန့်မရှင်း တရားမမျှတတဲ့ ရွေး ကောက်ပွဲမျိုးကိုပဲ လုပ်ပေးခဲ့တာပါ။

သမ္မတအာဏာရရှိလာတဲ့ ဘတ်ဂျုံဟီးဟာ ၁၉၆၉ခုနှစ် စက်တင်ဘာလမှာ အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ခဲ့ပါတယ်။ ၁၉၇၂ခုနှစ် အောက်တိုဘာလမှာလည်း Constitution For Revitalizing Reform ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ထိုဥပဒေအရ လွတ်တော်အမတ်များ၏ သုံးပုံ တစ်ပုံကို နိုင်ငံတော်သမ္မတမှ ရွေးချယ်မည်ဆိုတဲ့ အချက်ဟာ အဓိကအကျဆုံး အချက်ဖြစ်ခဲ့ပါတယ်။ အခုမြန်မာစစ်အစိုးရ(နအဖ)က ရေးဆွဲထားတဲ့ စစ်တပ်က နိုင်ငံတော်အုပ်ချုပ်မှုအာဏာကို (၂၅)ရာခိုင်နှုန်းပါဝင်မယ်ဆိုတဲ့ အခြေခံဥပဒေနဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒီဥပဒေ ပြဌာန်းလိုက်ခြင်းဟာ ဘတ်ဂျုံဟီးက လွတ် တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုပါ သိမ်းယူချင်တဲ့အတွက် အဲဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။ စစ်အာဏာနဲ့ အုပ်ချုပ်ခြင်းခံနေရတဲ့ ကိုရီးယား ပြည်သူလူထုဟာ နည်းမျိုးစုံနဲ့ အနိုင်ကျင့် နှိပ်စက်မှုတွေကို ခါးစည်းခံခဲ့ကြရပါတယ်။

၁၉၇၉ခုနှစ် အောက်တိုဘာလမှာတော့ ပူဆန်းမြို့ကနေ အစပြုပြီး ဘတ်ဂျုံဟီး ပြဌာန်းခဲ့တဲ့ ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြမူတွေ ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၉ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ကင်မ်ဂျေဂြူး ကနေ ဘတ်ဂျုံဟီးကို သေနတ်နဲ့ ပစ်သတ်လုပ်ကြံခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း ကိုရီးယားနိုင်ငံ တစ်နိုင်ငံလုံးမှာ မငြိမ်မသက် ဆူပူလှုပ် ရှား မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ဘတ်ဂျုံဟီး လုပ်ကြံခံရ ပြီးတော့ သမ္မတနေရာကို အဲဒီိအချိန်က ၀န်ကြီးချုပ်ဖြစ်တဲ့ ချွဲဂြူးဟာကို တင်မြှောက် လိုက် ပါတယ်။ ဒါပေမယ့် ၁၉၇၉ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ စစ်အာဏာရှင် လက်သစ်ဖြစ်တဲ့ ဂျော်န်ဒူးဟွာန်က ကိုရီးယားနိုင်ငံကို ဒုတိယအကြိမ်မြောက် စစ်အာဏာသိမ်းယူခဲ့ပါတယ်။ ဂျော်န်ဒူဟွာန်ဟာ စစ်အာဏာသိမ်းပြီး မာရှယ်လော အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ ၁၉၈၀ခုနှစ် မေလမှာ တော့ မာရှယ်လောအမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၈၀ခုနှစ် မေလ၁၈ရက်နေ့မှာ ဂျော်န်နမ်တက္ကသိုလ်က ကျောင်းသားတွေက တက္ကသိုလ် ၀င်းအတွင်းမှာ ဆန္ဒပြနေကြတာကို အစိုးရတပ်တွေက ၀င်ပြီး ရိုက်နှက်ဖမ်းဆီးနိမ်နှင်းခဲ့ပါတယ်။ အစိုးရတပ်တွေရဲ့ ရိုက်နှက်မူကြောင့် ဒဏ်ရာရခဲ့ကြတဲ့ ကျောင်းသားတွေကို မြင်တွေ့ခဲ့ကြတဲ့ တက္ကသိုလ် တည်ရှိရာ ဂွမ်ဂျုးမြိှု့က ပြည်သူလူထုတွေကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် ဂွမ်ဂျုးတမြို့လုံး ပျံနှံ့သွားပြီး ကမ္ဘာကသိခဲ့တဲ့ ၅.၁၈ ဂွမ်ဂျုး အရေးအခင်းကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ ၁၉၈၀ခုနှစ် မတ်လ ၁၈နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂွမ်ဂျူးအရေးအခင်းဟာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး တစ်ခုဖြစ်ပါတယ်။ ထိုအရေးတော်ပုံကြီးဟာလည်း စစ်တပ်ရဲ့ အနိုင်ကျင့် နိမ်နှင်းဖြိုခွဲခြင်းကို ခံခဲ့ရပါတယ်။ ဂျော်န်ဒူးဟွာန်ဟာ ၁၉၈၁ခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့မှာ ဘတ်ဂျုံဟီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပါတီကလူတွေနဲ့ ပူးပေါင်းပြီး “တရားမျှတသောဒီမိုကရေစီပါတီ”လို့ အမည်ပေးကာ ပါတီတစ်ခု ဖွဲ့စည်း တည်ထောင်ပြီး ဥက္ကဌရာထူးယူကာ ရွေးကောက်ပွဲပြုလုပ်ပြီးတော့ သမ္မတသက်တမ်း ၇နှစ် စနစ်နဲ့ သမ္မတရာထူးကို ရယူခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကလည်း အာဏာရှင်တို့ ထုံးစံအတိုင်း တရားမမျှတတဲ့ ရွေးကောက်ပွဲပဲ လုပ်ခဲ့ပါတယ်။ စစ်အစိုးရတွေဖြစ်တဲ့ ဘတ်ဂျုံဟီး၊ ဂျော်န်ဒူးဟွာန်တို့ရဲ့ လက်ထက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကျောင်းသားများနှင့် နိုင်ငံရေးလှုပ်ရှားသူများဟာ နည်းအမျိုးမျိုးနဲ့ နှိပ်စက်ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။

ကိုရီးယားနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းဖို့ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ လူထုလှုပ်ရှားမူကြီး တစ်ခုကတော့ ၁၉၈၇ခုနှစ် ဇွန်လ ဒီမိုကရေစီ လူထုလှုပ်ရှားမူ အရေးအခင်းကြီးဖြစ်ပါတယ်။ ထိုအရေးအခင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအကြောင်းတွေကတော့ စစ်အစိုးရအားဆန့်ကျင်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှား နေသူ ကျောင်းသားတစ်ဦး ဖမ်းဆီးစစ်ဆေးရာမှာ လက်လွန်သေဆုံးသွားတဲ့ အမှုနဲ့ ၁၉၈၇ခုနှစ် ဧပြီလ ၁၃ရက်နေ့မှာ ဂျော်န်ဒူးဟွာန်က ထုတ်ပြန်ကြေညာ လိုက်တဲ့ ကြေညာချက်ကို ဆန့်ကျင်မူတွေကနေ စတင်ခဲ့တာပါ။ ဂျော်န်ဒူးဟွာန် ထုတ်ပြန်ကြေညာလိုက်တဲ့ ကြေညာချက်မှာပါတဲ့ အဓိကအချက်ကတော့ ၁၉၆၉ခုနှစ်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ ဘတ်ဂျုံဟီးက ပြင်ဆင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို လုံးဝပြင်ဆင်မှု မလုပ်ပဲ ကျင့်သုံးသွားမည်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ကျောင်းသားကတော့ ဆိုးလ်တက္ကသိုလ်မှ ဘတ်ဂျုံချောလ် ဆိုသူ ဖြစ်ပြီး ထိုအချိန်က စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားနေသူ ကျောင်းသားခေါင်းဆောင် ဘတ်ဂျုံဝူးန် ကို ဂျော်န်ဒူးဟွာန်အစိုးရမှ အလို ရှိနေတဲ့အတွက် ခြေရာခံ ဖမ်းဆီးနိုင် ဖို့ ဖမ်းဆီးစစ်ဆေးနေတုန်း လက်လွန်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်အစိုးရတို့ရဲ့ ထုံးစံအတိုင်း ဘတ်ဂျုံချောလ် သေဆုံးမှုဟာ ရှော့ဖြစ်ပြီးသေဆုံးတာပါလို့ ရဲဋ္ဌာနကနေ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘတ်ဂျုံချောလ်ရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့တဲ့ ဆရာဝန်က သေဆုံးမှုဟာ သာမန်ရှော့ဖြစ်ပြီး သေဆုံးခြင်းမျိုးမဟုတ်ပဲ ရိုက်နှက်စစ်ဆေးတဲ့အတွက် သေဆုံးရတာပါလို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကို သိလိုက်ကြတဲ့ ပြည်သူလူထုကြီးဟာ ပိုမိုမခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၇ခုနှစ် ဇွန်လ ဒီမိုကရေစီ လူထုလှုပ်ရှားမှုကြီးရဲ့ ရလဒ်ကတော့ ၁၉၈၇ ခုနှစ် ဇွန်လ ၂၉ရက်နေ့မှာ သမ္မတအာဏာကို ဆက်လက်ဆက်ခံမယ့် နိုထေ၀ူး ကနေ ဒီမိုကရေစီ ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ပေးလိုက်ရပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့ခြင်း ဖြစ်ပါတယ်။

ထိုဒီမိုကရေစီထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်သမ္မတရွေးချယ်ခြင်း ဥပဒေအား ပြန်လည်ပြုပြင်၍ ထိုဥပဒေအတိုင်း ကျင့်သုံးသွားရန်၊ ရွေး ကောက်ပွဲအား လွတ်လပ်၍တရားမျှတမှုရှိရန်၊ ထိုအချိန်က ဖမ်းဆီး ထိန်းသိမ်း ခံနေရသူတစ်ဦဖြစ်ပြီး ဒီမိုကရေစီ လူထုခေါင်းဆောင် တစ်ဦးဖြစ်သူ ကင်မ် ဒေဂျုးင်အား ပြန်လည်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ပေးရန်၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပေးရန် စသည့် အချက် များပါရှိသည်။ ထို့နောက် ၁၉၈၈ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလအထိ နိုထေ၀ူး၊ ၁၉၉၃ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလ အထိ ကင်မ်ယောင်ဆမ်း၊ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလအထိ ကင်မ်ဒေဂျုးင်၊ ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ လအထိ နိုမူးယောင်တို့က သမ္မတရာထူး ရရှိခဲ့ကြပါတယ်။ ယခုလက်ရှိ ကိုရီးယား နိုင်ငံရဲ့ သမ္မတကတော့ အီမြောင်ဘတ် ဖြစ်ပါတယ်။ ယခုလက်ရှိ အာဏာ ရသမ္မတ အီမြောင်ဘတ်ဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားနိုင်ငံ နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်သူလူထု အတွင်းမှာတော့ အဲဒီကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောဆိုနေမှု လုံးဝမရှိပါဘူး။

ကိုရီးယားနိုင်ငံဟာ မြန်မာပြည်ကလူတွေ အားကျအထင်ကြီးလောက်အောင်ပဲ တိုးတက်မှု မြန်ဆန်ပါတယ်။ အခုဆို ဘက်ပေါင်းစုံမှာ ကမ္ဘာကို ရင်ပေါင် တန်းနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကိုရီးယားနိုင်ငံဟာ ရေမြေသံယာဇာတ ပေါများတဲ့နိုင်ငံမဟုတ်ပါဘူး။ အဲဒါတောင် တိုးတက်အောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။ နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းကြိုးစားမှုရဲ့ ရလဒ်လို့ပဲ သုံးသပ်ရမယ်ထင်ပါတယ်။ ကျွှန်တော်တို့ မြန်မာနိုင်ငံမှာ ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်တဲ့ အစိုးရ ပြုတ်ကျသွားမယ်ဆိုရင် ကျွှန်တော်တို့နိုင်ငံဟာလည်း ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေ စီနိုင်ငံကြီး တစ်ခုဖြစ်ပေါ်လာမှာ မလွဲပါဘူး။

ကိုရီးယားပြည်သူလူထုရဲ့ အင်အားနဲ့ စစ်အာရှင်ကို တွန်းလှန်ပြီး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာကို ရင်ပေါင်တန်းနေတာကို အားကျအတုယူပြီး နိုင်ငံရေးခေါင်းဆောင်များရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုတွေနဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးက စည်းလုံးညီညွှတ်စွာနဲ့ ကျရာတာဝန်ကိုထမ်းပြီး စစ်အာရှင်ကိုတွန်းလှန်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေဗျာ။ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး ရောက်လေရာအရပ်တိုင်းမှာ အဆင်ပြေ စိတ်ချမ်းသာမှုအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်း လိုက် ပါတယ်။

No comments: