Saturday, July 12, 2008

လုပ်ငန်းခွင်တွင်း ကျန်းမာရေးအတွက် သိသင့်သိထိုက်သည်များ အပိုင်း(၁)

လုပ်ငန်းခွင်တွင်းရှိ ဘေးဥပါဒ်ဖြစ်စေသော အရာများကြောင့်
ဖြစ်ပွားရသော ကျန်းမာရေး ဆိုးကျိုးများ

လုပ်ငန်းခွင်တွင် ရေတွက်မရနိုင်လောက်သော အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းများ များစွာ ရှိကြသည်။

ယင်းတို့အနက် လွယ်ကူစွာ သိနိုင်သော အန္တရာယ်ရှိသည့် အကြောင်းရင်းနှင့် လွယ်ကူစွာ မသိမြင်နိုင်သော အန္တရာယ်ရှိသည့် အကြောင်းရင်းများ စသဖြင့် ရှိကြလေသည်။

ဥပမာအားဖြင့် အရေးပေါ်အန္တရာယ်ကင်းခလုတ် မရှိသော စက်ပစ္စည်း၊ ချောမွတ်သော ကြမ်းပြင်၊မီးလောင်နိုင်ချေ များသော လုပ်ငန်းခွင် စသည်တို့သည် လွယ်ကူစွာ သိမြင်နိုင်သော အန္တရာယ်ရှိသည့် အကြောင်းရင်းးများ ဖြစ် ကြသည်။

သို့သော် ဂဟေဆော်ရာမှ ဖြစ်ပွားသော သံမှုန်၊ ညစ်ပေသည့် အရာများအား ဆေးကြောသည့်အခါ သုံးသည့်


ဂျေးချွတ်ဆေးရည်မှ တဆင့် ဖြစ်ပွားသော ဓာတုပစ္စည်း၊ စက်များမှထွက်သော ကျယ်လောင်သံ၊ စက်ရုံ၏ နံရံ သို့မဟုတ် မျက်နှာကြက်မှ ကွာကျသော အမှုန်အမွှား များတွင် ပါဝင်သည့် အမျှင်ပါသည့် ဆီလီကိတ်သတ္တု(asbestos) စသည်တို့သည် လူအား သေစေနိုင်သော်လည်း လွယ်ကူစွာ မသိမြင် နိုင်သော အန္တရာယ်ရှိသည့် အကြောင်းရင်းများပင် ဖြစ်သည်။ လွယ်ကူစွာ မသိမြင်နိုင်သည့် အန္တရာယ်ရှိသည့် အကြောင်းရင်းများ အနက် အသိများသော သံမှုန်၊ ဓာတုပစ္စည်း၊ အမျှင်ပါသည့်ဆီလီကိတ်သတ္တု(asbestos) ပါဝင်သည့် အမှုန်၊ အသံဆိုးများအကြောင်း တင်ပြခြင်းဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ထိုသို့သော အန္တရာယ်ရှိသည့် အကြောင်းရင်းများကြောင့် ရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်ပါသည်။


၁)လုပ်ငန်းခွင်တွင်း ဖြစ်ပွားသည့် အန္တရာယ်ရှိသည့် အရာများသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ၀င်သောအခါ-


လုပ်ငန်းခွင်တွင်း၌ ဖြစ်ပွားသော အန္တရာယ်ရှိသည့် အရာများသည် အများအားဖြင့် ပါးစပ် သို့မဟုတ် နှာခေါင်းဖြင့် ရှူသွင်းလိုက်သော လေမှ တဆင့် ကိုယ်တွင်း ၀င်ရောက်လာသည်။

ကြီးမားသော အန္တရာယ်ရှိသည့်အရာ(မြင်နိုင်သောအမှုန်)သည် ပါးစပ် သို့မဟုတ် နှာခေါင်း မှတဆင့် အဆုတ်သို့ ၀င်ရောက်ကာ အဆုတ် ရောဂါအား ဖြစ်စေသည်။

သေးငယ်သော အန္တရာယ်ရှိသည့်အရာ(မမြင်နိုင်သောသံမှုန်၊ဓာတုပစ္စည်း)သည် ပါးစပ် သို့မဟုတ် နှာခေါင်း မှတဆင့် အဆုတ်သို့ ၀င်ရောက် ကာ အဆုတ်ရောဂါ ဖြစ်စေပြီး ထိုမှတဆင့် သွေးထဲ ၀င်ရောက်ကာ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်အာရုံကြောတို့၌ ရောဂါဖြစ်စေ သည်။

လုပ်ငန်းခွင်တွင် မြင်နိုင်သော အမှုန်များ သာမက မမြင်နိုင်သော သံမှုန်၊ ဓာတုပစ္စည်းများလည်း ရှိကြသဖြင့် အသက်ရှူမျက်နှာဖုံးအား အမြဲ အသုံးပြု တပ်ဆင်ရမည်။

အန္တရာယ်ဖြစ်စေသည့် အရာများသည် ကျွန်ုပ်တို့ အရေပြား မှတဆင့်လည်း ခန္ဓာကိုယ်တွင်းသို့ ၀င်ရောက် နိုင်သည်။အရည်ပြားရှိ ချွေးပေါက် မှတဆင့် အန္တရာယ်ရှိသည့် အရာများသည် ကျွန်ုပ်တို့ကိုယ်တွင်း ၀င်ရောက်နိုင်ပြီး အရေပြားတွင် ကျန်ရှိကာ အရေပြားရောဂါ ဖြစ်စေသည်။

လုပ်ငန်းခွင်တွင်း အသုံးပြုသော ဓာတုပစ္စည်းသည် အသားအရေတွင် ပေကျံပါက လျှင်မြန်စွာ ရေစင်စင် ဆေးကြောပြစ်ရမည်။

အန္တရာယ်ဖြစ်စေသည့် အရာများသည် အစားအစာနှင့် ရေတို့အား စားသောက်စဉ်တွင်လည်း ကိုယ်တွင်းဝင်ရောက်နိုင်သည်။
ထို့ကြောင့် လုပ်ငန်းခွင်တွင်း၌ အစားအစာနှင့် ရေ ထားရှိခြင်း မပြုလုပ်သင့်၊ စားသောက်ခြင်းလည်း မပြု လုပ်သင့်ပေ။
ဆူညံသံသည် နားအတွင်း၌ အသံနားထောင်သော အာရုံကြောအား ပျက်ဆီးစေသည်။

ကာလကြာရှည်ပါကအသံ နားထောင်သော အာရုံ ကြော သည် ပျောက်ကွယ်သွားပြီး ထာဝရ မကြားရသည့် အနေထားသို့ ရောက်ရသည်။

ထို့ကြောင့် ဆူညံသံ များသော လုပ်ငန်းခွင်တွင် နားအဆို့အား အမြဲ တပ်ဆင်ကာ အကြားအာရုံကြော မပျက်စီးစေရန် ကာကွယ်ပေးရမည်။

ဆက်ရန်....

No comments: