Friday, July 25, 2008

ပညာရှိသတိဖြစ်ခဲ

........တရံရောအခါ ဗာရာဏသီပြည်တွင် တိရိပူရဘုရင်မင်း ကြီးစိုးစံတော်မူစဉ် တနေ့သော နံနက်ခင်းအချိန်တွင် တိရိပူရ ဘုရင်ကြီးသည် ရေချိုးရန်ရေဆိပ်သို့ မင်းချင်းများနှင့် အတူရောက်ရှိလာလေသည်။ ထိုအချိန်၌ ရေကန်ကြီး အတွင်းရှိ ကြာဖူးကြီးသည် လေလဲမတိုက် မိုးလဲမရွာပဲလျှက် လှုပ်ရမ်းနေသည်ကို မြင်သော် မင်းချင်းများအား မေးမြန်းတော်မူလေသည်။တစုံတစ်ယောက်မှ ဖြေဆိုနိုင်ခြင်းမရှိ ပေ။ အဲဒီအခါ ဘုရင်ကြီးက ဒီမေးခွန်းဖြေဆိုနိုင်သူကို "ယောင်္ကျားဆိုရင် အိမ်ရှေ့စံရာထူးပေးမည်၊ မိန်းမဆို ရင်ဖြင့် တောင်နန်းစံ ဒေ၀ီမိဘုရား မြောက်မည် " ဟုနန်းတွင်းနန်းပြင် မြိုလေးရပ် ကိုကြေငြာတော်မူလေသည်။(အကယ်၍ သင်ဆိုလျှင်မည်သို့ဖြေမည်နည်း) ။ ထိုသတင်းကို ကာလိဒါသ အမည်ရှိ ပညာရှိကြီး၏ ဇနီးလေးက ကြားသိသွားလေသည်။ဘုရင်ကတော် လုပ်ချင်လိုသည့် ဇနီးလေးက မိန်းမဥာဏ် အမျိုးမျိုးလုပ်ပြီး မေးလေတော့သည်။ ကာလိဒါသလည်း သတိမမူပဲ အဲဒီ ကြာဖူးကြီးထဲ၌ ပျားပိတုန်းကြီးတစ်ကောင် ရှိနေလို့ပါဟုဖြေ လိုက်လေသည်။ ဘုရင်ကတော် လုပ်ချင်လိုဇော များနေသည့်ဇနီးလေးက ထိုညအိပ်ပျော်နေစဉ် ကာလိဒါသ ပညာရှိရဲ့လည်ပင်းကို ကတ်ကြေးနဲ့ထိုးသတ်လိုက်လေသည်။ ပညာရှိသတိဖြစ်ခဲ ဆိုရိုးလေးသည် ထိုမှစခဲ့သည် လားမသိပါ။ ထိုပုံပြင်ကား အဆိုတော်ဦးဝင်းဦး သီဆိုထား သော သီချင်းအား ကိုးကားပြီး ကျွန်တော့ဖေဖေ ပြောပြ သောပုံပြင်ကလေးတစ်ခုဖြစ်ပါသည်။

No comments: