Saturday, July 26, 2008

ခြောင်းကြည့်သူရဲ့ အမှား (၄)

ရေးသားသူ — ကိုကြီးပေါ်

စူပါပိုငွေ

ကိုကြီးပေါ်ရဲ့ ခြောင်းကြည့်တဲ့ မျက်လုံးထဲ တည့်တည့်ကြီး တိုးဝင်လာတဲ့ ဒီသတင်းလေးကို အရင် ဖတ်ကြည့်ကြပါဦး။

``၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု စုစုပေါင်းသည် ဒေါ်လာ ၈.၇ ဘီလီယံအထိရှိခဲ့ပြီး၊ ပြည်ပပို့ကုန်အဖြစ် ၅.၉ ဘီလီယံ ၀င်ငွေရရှိကာ ပြည်ပသွင်းကုန် ဒေါ်လာ ၂.၈ ဘီလီယံသာရှိခဲ့၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံရရှိခဲ့ကြောင်း မြန်မာတိုင်းမ် သတင်းဂျာနယ်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် ဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ဒေါ်လာ ၂.၇ ဘီလီယံ ရရှိခဲ့ပြီး ယင်းငွေပမာဏမှာ စုစုပေါင်း ပြည်ပပို့ကုန်ဝင် ငွေ၏ ၄၅ ရာခိုင်နှုန်းဖြစ်သည်။ သဘာဝဓာတ်ငွေ့အပြင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များမှ စိုက်ပျိုးရေး ထွက်ကုန်များအပါအ၀င် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၅၇၂ သန်းရှိခဲ့ပြီး ကျောက်မျက်ရတနာများမှ ဒေါ်လာ ၅၆၁ သန်းအထိရရှိကာ ရေထွက် ပစ္စည်းထုတ်ကုန်များမှ ဒေါ်လာ ၃၆၆ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကသွင်းကုန်မှာ လောင်စာဆီ ဖြစ်ပြီး တနှစ်လျှင် ဒေါ်လာ ၄၇၁ သန်းကုန်ကျကာ၊ အထည်အလိပ်များအတွက် ဒေါ်လာ ၂၇၆ သန်း၊ စက်ပစ္စည်းအစိတ်အပိုင်း များအတွက် ဒေါ်လာ ၂၄၃ သန်းနှင့် ကားများအတွက် ဒေါ်လာ ၁၉၄ သန်း ကုန်ကျသည်။
- ရလဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ၂၀၀၂ ခုနှစ်တည်းက ကုန်သွယ်မှု အပိုအလျှံငွေတွေကို ရလာခဲ့တာပါပဲ - ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းက မကြာသေးမီက အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။

- မြန်မာ့ကုန်သွယ်မှုပမာဏ တိုးတက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ စွမ်းအင်ကဏ္ဍအနေနဲ့ တဟုန်ထိုး တိုးတက်မှုရလာတာကြောင့်ပါပဲ။ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့တာမျိုးပေါ့ - ဟု ကုန်သွယ်စက်မှုအသင်းချုပ်မှ စီပွားရေးလေ့လာမှုနှင့် သုတေသနဌာနမှ သုတေသီ စီးပွားရေးပညာရှင် မောင်မောင်ကလည်း ထောက်ခံပြောကြားခဲ့သည်။
´´

စီးပွားရေးအကြောင်း သိပ်နားမလည်တဲ့ ကိုကြီးပေါ်အဖို့ ကုန်သွယ်ရေး ပိုငွေ လိုငွေ တွေက နိုင်ငံတခုမှာ ဘယ်လောက် အရေးကြီးသလဲလို့ အကဲဖြတ် မပြောတတ်ပါဘူး။ တံတားက ဘယ်နှစ်စင်း, စိုက်ခင်းက ဘယ်နှစ်ဧက စသဖြင့် ကိန်းဂဏန်းတွေကိုလည်း အလွတ် မရွတ်တတ်သူဆိုတော့ အရှုံးအမြတ်ကိုလည်း တွက်ချက် မပြတတ်ပါဘူး။ သာမန် အရပ်သားတယောက်ဖြစ်တဲ့ ကိုကြီးပေါ်ခမျာမှာတော့ အဲဒီ သတင်းထဲက သဘာဝဓာတ်ငွေ့ နဲ့ လောင်စာဆီ ဆိုတာကိုပဲ စိတ်ဝင်စားမိတာ အမှန်ပါ။

လောင်စာဆီဆိုတာ ဓာတ်ဆီ, ဒီဇယ်ဆီ နဲ့ အခု နောက်ဆုံးပေါ် ဂက်စ် ခေါ်တဲ့ သဘာဝဓာတ်ငွေ့ရည်လို့ နားလည်ပါတယ်။ စက်သုံးဆီလို့လည်း ခေါ်သေးတယ် ထင်ရဲ့။ ဘယ်လိုပဲ ခေါ်ခေါ်ပေါ့လေ။ ကိုကြီးပေါ် နားလည်တာကတော့ သဘာဝဓာတ်ငွေ့ဆိုတာ လောင်စာဆီ တမျိုးပဲ ဆိုတာပါ။ ထမင်းချက်လို့ ရတယ်။ ကားမောင်းလို့ ရတယ်။ မီးခြစ်ခြစ်လို့ ရတယ်။ ဂက်စ်ကားခက ဓာတ်ဆီကားခထက် ဈေးသက်သာတယ်။ ဒီတော့ မြန်မာပြည်သူတွေအတွက် ဂက်စ်က အရေးပါတယ်။

အခု ဒီသတင်းထဲမှာ သဘာဝဓာတ်ငွေ့ကို ရောင်းပြီး လောင်စာဆီ ပြန်ဝယ်တယ်လို့ ဖော်ပြထားလေရဲ့။ အဲဒါတွေက အဓိကတွေတဲ့။ အဓိက ပို့ကုန်က သဘာဝဓာတ်ငွေ့။ အဓိက သွင်းကုန်က လောင်စာဆီ သို့မဟုတ် သဘာဝဓာတ်ငွေ့။ ဟုတ်ပေ့။ ရောင်းလိုက်တဲ့ သဘာဝဓာတ်ငွေ့နဲ့ ပြန်ဝယ်တဲ့ သဘာဝဓာတ်ငွေ့ ဘယ်လိုများ ကွာခြားလေသလဲ။

မြန်မာ့ပင်လယ်ထဲက ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကို ရောင်းတာ ဒေါ်လာ ၂.၇ ဘီလီယံတောင် ရသတဲ့။ တကယ်တော့ အဲသည့် သဘာဝဓာတ်ငွေ့က အရိုင်းအဆင့်ပါ။ ဒီအရိုင်းကို အဆင့်ဆင့် ပြုပြင်လိုက်တော့မှ အသုံးပြုလို့ရတဲ့ ဂက်စ် ဖြစ်လာတာပါ။ ကျွန်းသစ်ကို အလုံးလိုက် ရောင်းတာနဲ့ သဘောချင်း အတူတူပါပဲ။ ကုန်ပစ္စည်းဆိုတာက ကုန်ကြမ်းနဲ့ ကုန်ချော ဈေးဆယ်ဆလောက် ကွာတယ်ဆိုတာ အားလုံးသိကြပါတယ်။ အခု သဘာဝဓာတ်ငွေ့ ကုန်ကြမ်းကို ၂.၇ ဘီလီယံဖိုး ရောင်းလိုက်တယ် ဆိုတော့၊ ဘယ်လောက်များများ ပမာဏဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒီပမာဏကိုတော့ ဖော်ပြမထားဘူးလေ။

ပြီးတော့ လောင်စာဆီ ပြန်ဝယ်တယ်တဲ့။ လောင်စာဆီထဲမှာ သဘာဝဓာတ်ငွေ့ ဘယ်လောက်ပါတယ်လို့ မပြောပြန်ဘူး။ ပြည်တွင်းမှာတော့ ကားတွေကို ဂက်စ်ပြောင်းခိုင်းနေတာ တင်းကျမ်းပါပဲ။ ဒီဇယ်, ဓာတ်ဆီ အစား ဈေးချိုတဲ့ ဂက်စ်ကိုပဲ သွင်းနိုင်တော့တဲ့ သဘောပေါ့။ အဖြစ်ကတော့ ဟိုးတချိန်က စင်္ကာပူဟာ မလေးရှားနိုင်ငံက ရေကို ၀ယ်ပြီး၊ ရေသန့်လုပ်၊ ပြီးတော့ မလေးရှားကို ပြန်ရောင်းခဲ့တဲ့ အဖြစ်အတိုင်းပါပဲ။ သဘာဝဓာတ်ငွေ့ အရိုင်းကို ရောင်းပြီး၊ သဘာဝဓာတ်ငွေ့ အယဉ်ကို ပြန်ဝယ်သုံးနေရတဲ့ အဖြစ်လေ။

ဒါနဲ့တောင် ပညာရှင်ဆိုသူကြီးက အားမနာ ပါးမနာ ပြောလိုက်တာ `စွမ်းအင်ကဏ္ဍ တဟုန်ထိုး တိုးတက်မှု ရလာတာကြောင့်´တဲ့။ ကိုင်း မှတ်ကြပေရော့။

သြော်… ၀န်ကြီးဆိုသူက ပြောသေးရဲ့။ ၂၀၀၂ ခုနှစ်တည်းက ကုန်သွယ်မှု အပိုအလျှံငွေတွေကို ရလာခဲ့တာပါပဲ´တဲ့။ ဟုတ်ကဲ့… အဲဒီ ပိုတဲ့ငွေတွေ ဘယ်ရောက်သွားသလဲ သိချင်လိုက်တာ။ အခြားနိုင်ငံတွေမှာတော့ ပိုငွေတွေကို တိုင်းပြည်ရဲ့ ကျန်းမာရေး ပညာရေး ဖွံ့ဖြိုးရေးတွေမှာ ဘယ်လို သုံးလိုက်တဲ့အကြောင်း အစိုးရတွေက ကြွားလုံးထုတ်လေ့ ရှိတာပါပဲ။ နအဖကြီး ဘယ်တော့ ကြွားမလဲ နားထောင်ချင်လိုက်တာ။

အခုလို သဘာဝဓာတ်ငွေ့ ရောင်းပြီး စူပါပိုငွေတွေကို များများစုထားတာ ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နောင် နှစ်တွေကြာလာလို့ သဘာဝထဲက ဓာတ်တွေ အငွေ့ဖြစ်ပြီး ကုန်သွားတဲ့အခါ ထိုင်းနိုင်ငံကနေ ပြန်ဝယ်သုံးလို့ ရတာပေါ့။ အဲ… တခုတော့ ရှိတယ်။ ကုန်ချောဈေးလေးတော့ သူတောင်းသလောက် ပေးလိုက်ပေါ့။ ။

No comments: