Saturday, October 4, 2008

“လှေခွက်ချည်းကျန်အလံမလှဲ”

စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကိုယ်တွေ့ဖြစ်စဉ်
အရှင်ဦးသြဘာသာ
မြန်မာ့သမိုင်း တစ်လျှောက်မှာ မကြုံဖူးလောက်အောင် ဖိနှိပ်မှုတွေ ကြားထဲက ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးဟာဒီကနေ့မှာတော့ နှစ်ပတ်လည် ရောက်ခဲ့ပါပြီ။
ဒီကနေ့ ဒီအချိန် လွန်ခဲ့တဲ့ (၁) နှစ်ကဆိုရင် ဘုရားသား ရဟန်းသံဃာတော်များဟာ ပြည်သူလူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည်ဂရုဏာ သက်မိပြီး စစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေ ထွက်ပြီး သပိတ်မှောက်
ကံဆောင် တောင်းဆိုမှုပြုခဲ့ကြပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ အကြမ်းမဖက် မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသား ရဟန်း သံဃာတော်များကိုစစ်ဘီလူးတွေက ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်များနဲ့ ပြည်သူလူထုကြီးကတော့ ဒီစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့အပြင် ရင်ထဲ အသည်းနှလုံးထဲမှာလည်း စစ်အာဏာရှင်တွေကို
မဖြစ်မနေ တော်လှန်ရမယ်ဆိုတဲ့ အမျိုးသားရေး တာဝန်ဟာ ကျောက်စာ ကမ္ဗည်းပမာ ခိုင်ခိုင်မာမာ မှတ်ကျောက်တင်ခဲ့ပါတယ်။
နောင်လာနောင်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့  စိတ်ဓာတ်အမြဲ နိုးကြား တက်ကြွစေဖို့ အရှင် ဦးသြဘာသ ကစက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးမှာ
ကိုယ်တငို ကြုံတွေ့ ခဲ့ရတဲ့ ဖြစ်စဉ်တွေကို ကျွန်တော် ကိုဖိုးတရုတ်ရဲ့  အီးမေးလ်သို့ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာတော်
အရှင် ဦးသြဘာသအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ်။



ဦးဇင်း နံမည်ကတော့ ဦးသြဘာသ ဖြစ်ပါတယ်။ ဦးဇင်းဟာ ပဲခူးတိုင်းကဘုရားကြီး ကျောင်းထိုင် ဆရာတော် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်စက်တင်ဘာ (၂၅) ရက်နေ့မှာ ပဲခူး၊ သံဃာ လှုပ်ရှားမှုကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ပုဂ္ဂိုလ်နဲ့အတူ ဦးဇင်းတို့စတင်လှုပ်ရှားရာမှာ လုံထိန်း (၅၀၀) ခန့် မြို့အနှံ့မှာ လုံခြုံရေးတွေ အပြည့်ချထား ခဲ့တာတွေ့ရပြီး ရွှေမော်ဓော ဘုရားကိုလည်း ၀ိုင်းရံစောင့်ကြပ်နေကြပါတယ်။ သံဃာတော်များလည်း ဆွမ်းခံတောင် မထွက်ရဲကြတော့ပါဘူး။ (၂၄) ရက်နေ့မှာ ခေါင်းဆောင် တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့ (၂၅) ရက်နေ့မှာ စတုတ္ထအကြိမ်လုပ်မဲ့ သံဃာဆန္ဒပြပွဲကို ဖျက်လိုက်ရပါတယ်။ အဲဒီနောက် ရန်ကုန်မြို့ 
ကို တက်ပြီး ဆန္ဒပြဖို့ သံဃာတော်များကို စတင် စည်းရုံး လှုံဆော်ခဲ့ကြပါတယ်။ ခက်ခက်ခဲခဲ နဲ့ စည်းရုံးပြီးတဲ့နောက် သံဃာတွေကို (၃) ပါး တတွဲ၊(၅)ပါး တတွဲဖြင့် အမြန်ယာဉ်တွေနဲ့ အတူ မြို့ ပြင်မှာ သွားရောက်စုရုံးခဲ့ကြပါတယ်။ ညနေ (၆) နာရီ ခွဲ (၇) နာရီ လောက်မှာ သံဃာ အင်အား(၇၀၀) ခန့် စုစည်းမိခဲ့ကြတယ်။ အဲဒီနောက် ဆက်လက်ပြီး ညအမှောင်ကို ယူကာ ဆယ်ဘီးကား ကုန်ကားကြီးနဲ့ ရန်ကုန်ဘက်ကို (၂၅) ရက်နေ့ညမှာ ထွက်ခဲ့ကြတယ်။ အဲဒီမှာ သတင်း ပေါက်ကြားသွားတယ် ထင်ပါတယ်။ လှည်းကူးမြို့  အ၀င်နားရောက်တော့ ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို ပိတ်ဆို့ တားဆီးလိုက်ပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိ တဦးနဲ့ ရဲဘော် (၅) ဦးက ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို တားဆီးလိုက်ပြီးအနီးအနားမှာလည်း ကား(၂) စီးနဲ့ ရဲဘော်များလည်း ရှိနေပါတယ်။ အဲဒီ အချိန်က ည(၉) နာရီနဲ့(၁၁) နာရီ ကြား ရှိမယ်လို့ ထင်တယ်။
ပထမတော့ ဦးဇင်းတို့ ထင်တာက ဦးဇင်းတို့ကို ဖမ်းမယ်၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်လို့ ထင်ထားခဲ့ပါတယ်။အမှန်တကယ် လက်တွေ့မှာ ကွာခြားနေတာ တွေ့ရတယ်။ ဗိုလ်ကြီးအဆင့်ရှိသူက ဦးဇင်းတို့ အပေါ်မှာ ရန်ပြု ခိုက်ရန် ဖြစ်ပွားစေတဲ့ အမူအရာ
အပြောအဆိုတွေကို မလုပ်တဲ့အပြင် လိုလိုလားလားနဲ့ စကားပြောခဲ့ပါတယ်။ ဦးဇင်းတို့ ကားကို တားပြီးတော့ ဦးဇင်း အပါအ၀င် သံဃာ (၅) ပါးကားပေါ်က ဆင်းလိုက်တဲ့အခါ “ဆရာတော် ဘုရား..... တပည်တော်တို့ နားလည်ပါတယ်ဘုရား။ တပည့်တော်တို့ တာဝန်ကိုလဲ နားလည်ပေးပါ။တပည့်တော် တို့ မသွားပါနဲ့လို့တော့ မပြောပါဘူး... တပည့်တော်တို့ကို ရှောင်သွားပေးပါ ဘုရား” လို့ ပြောခဲ့တယ်။ အဲဒီနောက်အရာရှိက ဦးဇင်း
တို့ကို ထိုင်ကန်တော့ခဲ့ပါတယ်။ ဦးဇင်းတို့က အရာရှိကို “ကောင်းပါပြီ ဒကာ။ ဦးဇင်းတို့ နားလည်ပါတယ်။ ဦးဇင်းတို့ ရှောင်သွားပေးပါမယ်” လို့ပြောပြီး အင်းတကော်ဘက်ကို ပြန်လှည့်ခဲ့ပါတယ်။ အင်းတကော်ရောက်တော့ ဦးဇင်းတို့သံဃာအဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်တယ်။ ရန်ကုန်ကိုဆက်လက်ချီတက်မဲ့အဖွဲ့နဲ့ အင်းတကော်မှာဘဲ သင့်သလိုနေပြီး လှုပ်ရှားမဲ့အဖွဲ့ဆို ပြီး ခွဲလိုက်တယ်။ ရန်ကုန်ကို ဆက်လက်ချီတက်မဲ့ အဖွဲ့မှာဦးဇင်းအပါအ၀င်သံဃာ (၃၄) ပါး စုမိတယ်။
အဲဒီနောက် ဦးဇင်းတို့အဖွဲ့က ညတွင်းချင်းမှာဘဲ ထုံးကြီးရွာကို ဆက်ပြီး တက်လာခဲ့တယ်။ ထုံးကြီးရောက်တော့ ရထားလမ်းအတိုင်းရန်ကုန်ဘက်ကို ဆက်လက်ကြွချီခဲ့ကြတယ်။ အဲဒီလို ရထားလမ်းအတိုင်း ခြေကျင်လျှောက်လာတဲ့အခါ ရထားလမ်းတလျှောက်မှာရှိနေကြတဲ့ ဂိတ်စောင့်စစ်သားတွေ၊ လုံခြုံရေးတွေနဲ့ ၀န်ထမ်းတွေဟာ အနှောင့်အယှက် တစုံတရာ ပေးတာ မရှိတဲ့အပြင် လက်ခုပ် သြဘာများ တီးပြီးတော့တောင် ဦးဇင်းတို့ကို အားပေး ကြပါတယ်။ မနက်(၄) နာရီနဲ့ (၅) နာရီကြားမှာ ဒါးပိန်ကိုရောက်ခဲ့တယ်။
ဒါးပိန် ရောက်တော့ မြို့ ပတ်ရထားနဲ့ ရန်ကုန်ကို ဆက်ပြီးတက်ခဲ့ပါတယ်။ အဲဒီလို သွားနေရင်းနဲ့ တိုးကြောင်လေး ဘူတာ ရောက်တော့ တားဆီး ပိတ်ဆို့ခံရပြန်တယ်။
“ရထားပေါ်က သံဃာတော်များ ရထားနဲ့ ရန်ကုန်မြို့ ကို သွားလို့မရပါဘူး။ ရထားပေါ်ကနေ ဆင်းပါ” လို့ ဂိတ်စောင့် စစ်သား၊ ရဲ နဲ့ ကြံ့ဖွံ့ စွမ်းအားရှင်တွေကပြောဆိုကာ ဆင်းခိုင်းပါတယ်။ အဲဒီတော့ ဦးဇင်းတို့က ရထားပေါ်ကဆင်းပြီး (၂) ယောက်တတွဲ၊ (၃) ယောက်တတွဲနဲ့ ကားလမ်းဘက်ကိုထွက်သွားကြပြီး ကားတွေနဲ့ ရွှေတိဂုံဘက်ကို ထွက်ခဲ့ကြပြန်ပါတယ်။ ရွှေတိဂုံကို မနက်(၇) နာရီမှာရောက်ပြီး ရုပ်ရှင်မင်းသားကျော်သူ၊ဇာဂနာတို့ ကပ်လှူတဲ့ ဒံပေါက်ကို ဦးဇင်းတို့ ဘုန်းပေးခဲ့တယ်။ ဒီနောက် သံဃာ့တပ်ပေါင်းစုကို ရောက်ကြောင်း သတင်းပို့ခဲ့ပြီး လုံခြုံရေးအရ၄င်း၊ ခရီးပင်ပန်းနေတာကြောင့် လည်းကောင်း အဲဒီနေ့မှာ ဦးဇင်းတို့ လူစုခွဲပြီး မနက်ဖြန် တာမွေမှာ စုဖို့ ချိန်းဆိုခဲ့ကြတယ်။
(၂၇) ရက်နေ့ ဦးဇင်းတို့ တာမွေမှာ လူစုဖို့ ထွက်သွားကြတယ်။ တာမွေအထက (၃) ကျောင်းရှေ့ ကို ဦးဇင်းတို့ ရောက်သွားတယ်။ ရောက်သွားတဲ့အချိန်က ကျောင်းဆင်းချိန် ဖြစ်နေပြီး ကျောင်းသားလူငယ်တွေ ကျောင်းကနေ ဆင်းလာကြတယ်။ ကျောင်းဆင်းပြီး လမ်းဖြတ်ကူးနေတဲ့ကျောင်းသားကျောင်းသူတွေကို နအဖ စစ်ခွေးတွေရဲ့  ကားတွေက အတင်းဝင်ရောက်တိုက်ပစ်လိုက်ရာ ကလေးတွေဟာ အဝေးဘက်ကို လွှင့်စဉ်
သွားတယ်။ ဦးဇင်းတို့က အဲဒီလို လွင့်စဉ်ပြီးဒဏ်ရာရနေတဲ့ ကလေးတွေကို သွားရောက် ကယ်ဆယ်တယ်။ အဲဒီလို ကယ်နေတဲ့အချိန်မှာ ကားပေါ်ကနေ စစ်ခွေးတွေဟာ ဆင်းလာပြီးကူညီကယ်ဆယ်နေတဲ့ ဦးဇင်းတို့ကို ကူညီရကောင်းပါ့မလားဆိုပြီး အတင်းဝင်ရောက်ရိုက်နှက်တယ်။ပြီးတော့ဒဏ်ရာရ ကလေးတွေကိုလည်း လုယူတယ်။
အဲဒီမြင်ကွင်းကို တွေ့မြင်နေရတဲ့ ကျောင်းသားကျောင်းသူ မိဘတွေနဲ့ ပြည်သူလူထုဟာ ဒေါသထွက်ပြီး သူတို့ ကိုယ်တိုင် ပါဝင်ကူညီ ကယ်လိုက်တာ တဖြည်းဖြည်းနဲ့ လူအင်အား သိန်းချီ ရှိသွားပြီး နအဖ လက်ကိုင်တုတ် စစ်ခွေးတွေနဲ့ ရုန်းရင်းဆန်ခတ်ကြီး ဖြစ်ပွားတော့တယ်။ အခြေအနေမကောင်းမှန်း သိနေတဲ့ နအဖ စစ်ခွေးတွေဟာ နောက်ထပ် ကားတွေနဲ့ (၇) စီး ထပ်ရောက်လာတယ်။ အစပထမတော့ (၅) စီးဘဲ ရှိတယ်။
နောက်ထပ် (၇) စီး ထပ်ရောက်လာတယ်။ လမ်းဖြတ်ကူးနေတဲ့ ကျောင်းဆရာမလေး တစ်ယောက်ကို ကားနဲ့ ၀င်တိုက်ပြန်တယ်။ နောက်ပြီးကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်တယ်။ ကားပေါ်ကနေ ဆင်းပြီးတော့လည်း ပစ်တယ်။ ယောင်္ကျားလေး တစ်ယောက်ရဲ့  ဦးခေါင်း နောက်ဆံကိုသေနတ်ထိမှန်ပြီး နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ သံဃာ (၃) ပါး သေနတ်ထိမှန်တယ်။ ဦးဇင်း မြင်ကွင်းလေး တခုမှာဘဲ မြောင်းထဲမှာ မိန်းကလေး(၂) ယောက် သေနေတာတွေ့ရတယ်။ ဒဏ်ရာရ လူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ခွေးတွေလို ၀က်တွေလို ကားပေါ် ပစ်တင်နေတာ ဦးဇင်းတွေ့ခဲ့ရတယ်။ ဦးဇင်းဝင်ကယ်နေတဲ့ အချိန် နောက်ကနေ ဦးဇင်းရဲ့ ခေါင်းကို တုတ်နဲ့ ရိုက်ထည့်လိုက်တာ သတိမေ့သွားခဲ့ရတဲ့အ
ထိ ဖြစ်ခဲ့တယ်။ သတိမေ့ သွားတော့ ဦးဇင်း ဘာမှ မသိတော့တဲ့အပြင် ဦးဇင်းတို့ အဖွဲ့နဲ့လည်း အုပ်စု ကွဲသွားခဲ့ရတယ်။ သတိပြန်ရလာတော့ ရပ်ကွက်တခုမှာရှိတဲ့ ဒကာ တယောက်ရဲ့ အိမ်မှာ ရောက်နေတယ်။ အလောင်းတွေကို စစ်တပ်က လာသိမ်းသွားတယ်၊ ကားတိုက်ခံရတဲ့ ကျောင်းဆရာမလေးရဲ့ မိသားစုကိုလည်း စစ်တပ်က ကျပ်ငွေ (၂) သောင်း ပေးခဲ့တယ်လို့ကြားရတယ်။ အဲဒီ အထက (၃) ကျောင်းရှေ့ မှာ လူတွေရာနဲ့ ချီ
အဖမ်းခံရပြီး နိုင်ငံခြားသား တယောက်ရဲ့ ခြေထောက်လည်း ထိမှန်ခဲ့ရတယ်လို့ ကြားရတယ်။ ဦးဇင်း သတိပြန်ရလာတော့ သတိမေ့ နေတဲ့အခါရှိနေခဲ့တဲ့ဒကာ အိမ်ကနေ ထွက်လာခဲ့တယ်။ ဦးဇင်းရဲ့ ဦးခေါင်းမှာ ဒဏ်ရာရနေပြီး အဲဒီ ဒဏ်ရာကို သင်္ကန်းခြုံကာ မြို့ ထဲဘက်ကို အားမလျော့ဘဲဆက်ပြီး ချီတက်ခဲ့တယ်။ (၂၈) ရက်နေ့မှာ ဆူးလေဘုရားဘက်ကို ရောက်ခဲ့တယ်။ သံဃာအုပ်စုကို သိပ်မတွေ့ရဘဲ လူထုအုပ်ကပိုများနေတာကို
တွေ့ရတယ်။အဲဒီနောက် ဦးဇင်းလည်း ပန်းဆိုးတန်းဘက်ကို ဆက်ပြီးသွားခဲ့တယ်။ ပန်းဆိုးတန်းရောက်တော့ ပန်းဆိုးတန်းရဲ့  တခြား တဖက်ကနေ စစ်တပ်က
နေရာယူ ပိတ်ဆို့လိုက်တယ်။ ပြီးတော့ ဆန္ဒပြ လူအုပ်ကြီးထဲကို သေနတ်နဲ့ ပိတ်ပြီး ပစ်တယ်။ ပထမ အရှေ့ က အလံကိုင်ထားတဲ့ကျောင်းသားတယောက်ကို ပစ်တယ်။ အဲဒီကျောင်းသား အလံကိုင်ရင်းနဲ့ပဲနေရာမှာ ပွဲချင်းပြီးသေသွားခဲ့ရတယ်။ ဦးဇင်း တော်တော်လေးစိတ်ထိခိုက်ပြီး ကယ်ချင်ပေမဲ့ စစ်ခွေးတွေက သေနတ်တွေနဲ့ အဆက်မပြတ် ပစ်နေတယ်။ ပြည်သူတွေဟာ အရမ်းနာကြည်းသောက ဒေါသအိုးများ ပေါက်ထွက်ပေမဲ့ကူညီမဲ့သူမရှိ ပြန်လည်ခုခံဖို့ လက်နက်ကိရိယာ မရှိတာကြောင့် အလုအယက် ထွက်ပြေး အုပ်စုကွဲသွားခဲ့ရတယ်။ သို့သော်လည်း အဲဒီ (၂၈)ရက်နေ့ညအထိ လူတွေဟာ ဟိုနားတစ်စု ဒီနား တစ်စု ရှိနေခဲ့ကြပါတယ်။ အဒဲီ ပန်းဆိုးတန်းကိစ္စ အရေးအခင်းမှာ သံဃာအနေနဲ့ ဦးဇင်း အပါအ
ဝင် (၁၀) ပါး လောက်ဘဲ ရှိနေခဲ့တယ်။ အဲဒီနောက် ဦးဇင်းတို့ လျှို့ ဝှက်အဆောက်အဦးကို ရောက်ခဲ့ကြတယ်။ နောက်နေ့မှာတော့ ရဟန်းသံဃာတော်တွေကို စစ်ဘီလူးတွေနဲ့ စစ်ခွေးတွေက လိုက်ဖမ်းဆီးနေတဲ့ သတင်းကြားရတယ်။ ဦးဇင်းတို့ ရင်ထဲအသည်းနှလုံးထဲမှာ ဒီတော်လှန်ရေးကြီးဟာ မပြီးပြတ်သေးတဲ့ တာဝန်ဆိုတာ သန္ဓိဌာန်ချ ခံယူ ထားပါတယ်။ “လှေခွက်ချည်း ကျန် အလံမလှဲ” ဆိုတဲ့ စိတ်ဓာတ်အားမာန်နဲ့အတူ ဦးဇင်းတို့ရဲ့ စိတ်ဟာလည်း အမြဲတမ်း စစ်အာဏာရှင်တွေကို တော်လှန်ဦးမှာ ဖြစ်ပါတယ်။ အခြေအနေထပ်ပေးရင် နောက်ထပ် ပတ္တနိက္ကုဇ္ဇနကံ ထပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းသံဃာတော်တွေဟာ မြန်မာပြည်မှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။ ၁၉၈၈ မှာ ကျောင်းသားတွေ ဆန္ဒပြခဲ့လို့
၈၈ ကျောင်းသားများအဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့သလို စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မှာ သံဃာတွေဆန္ဒပြခဲ့လို့ ရွှေဝါရောင် သောသုဇနဘိက္ခူ အဖွဲ့နဲ့ သံဃာတပ်ပေါင်းစု အဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဦးဇင်း တခုပြောချင်တာက ဦးဇင်းကျောင်းထိုင်ဆရာတော် လုပ်ခဲ့တဲ့ကျောင်းရဲ့ အနီးအနားက တပ်တွေ မှာတပ်မှူးတွေတောင် အီးမေးလ်ဆိုတာကိုမသိဘူး။ ဆက်သွယ်ရေးတပ်ဆိုပြီးတော့ အရာရှိတွေတောင် အင်တာနက် ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး။ဘယ်လောက် ခေတ်နောက်ကျနေသလဲ အသိပညာ တွေ ဗဟုသုတတွေ ဘယ်လောက်ခေါင်းပါးနေသလဲ ဆိုတာကြည့်ပါတော့။ လူ့စွမ်းအားအရင်းအမြစ်တွေ မြန်မာပြည်မှာ ရိုက်ချိုးခံထားရလို့ ဘာမှမရှိတော့ဘူး။ ကိုယ်ပိုင်တွေးခေါ်နိုင်မှုတွေကို လည်းဖျက်ဆီးခံထားရတယ်။ ပေးတာယူ ကျွေးတာစား၊ ပြန်မပြောနဲ့  သိရင် တော်ရင်တတ်ရင် ဖြုတ်ပလိုက်မယ်ဆိုတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ကျွန်ဘ၀နဲ့ မနေကြပါနဲ့ တော့လို့ စစ်သားတွေကို
မေတ္တာရပ်ခံလိုပါတယ်။ တချို့တပ်ရင်းတွေမှာ စစ်သည်တွေ မပြောနဲ့ အရာရှိငယ် တွေတောင်ထင်းခုတ်ပြီး ထင်းစည်းလေးတွေလုပ်ကာ ရောင်းချစားသောက်နေရတဲ့အထိ တွေ့ခဲ့ရတယ်။ မြစ်ကမ်းနဲ့ နီးတဲ့ တပ်ကအရာရှိငယ်တွေခမျာ ကျောက်စရစ်တွေ၊ သဲတွေ ဖော်ပြီး ရောင်းစားနေကြရတာကိုလည်း မယုံမရှိနဲ့ ဦးဇင်း မျက်မြင်ကိုယ်တွေ့ပါ။ အခု ထိုင်းနိုင်ငံမှာ သူတောင်းစား ကလေးတွေဟာ ဟမ်းဖုန်းနဲ့ သူတို့အချင်းချင်း စကား
ပြောနေကြတယ်။ ဒီနေ့ ငွေဘယ်လောက်ရပြီဆိုတာ ဖုန်းနဲ့ အချင်းချင်း ပြောကြတယ်။ သူများနိုင်ငံမှာ သူတောင်းစားတောင် ဟမ်းဖုန်း ကိုင်နိုင်ပြီး အဆင့်မြင့်နေလိုက်တာများ၊ ဦးဇင်းတို့ နိုင်ငံမှာတော့ ဟမ်းဖုန်းကို စားပေါက်လုပ်ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ထားကြလို့ ဈေးကြီးတာကြောင့် တော်ရုံလူဆိုရင် မကိုင်နိုင်ကြဘူး။ ပြည်သူတွေကို အမျိုးမျိုး နှိုက်စားနေတဲ့ စစ်အာဏာရှင် ထိပ်သီး သူတောင်းစားအကြီးတွေနဲ့
အသိုင်းအ၀ိုင်းတွေကသာ ဟမ်းဖုန်း ကိုင်နိုင်ကြပါတယ်။ တိုင်းပြည်ကို တိုးတက်အောင် စစ်ဗိုလ်ချုပ်တွေ မလုပ်နိုင်တာကတော့ သာဓကတခုအနေနဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် စက်မှု (၁) က စက်ရုံပေါင်း (၂၀၀) ကျော် အရှုံးပေါ် ဒေ၀ါလီခံ လက်လွှဲ ရောင်းချဖို့ ကြံရတဲ့အထိ စက်မှု တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ မြန်မာနိုင်ငံရဲ့  အဖြစ်က အင်မတန်ကို ၀မ်းနည်းစရာ ဖြစ်နေရပါတယ်။ဒါကြောင့်ယနေ့တပ်မတော်မှာ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ အမှန်တကယ်ရှိနေကြ ပါတယ်။ အဲဒီ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများနဲ့ မျိုးဆက်သစ် တပ်မှူးများကို အထူး ပြောကြားလိုတာကတော့ သားသုံးသားမှာ သားနှစ်သားဖြစ်တဲ့ ဦးဇင်းတို့ဘုရားသားရဟန်းသံဃာတော်များနဲ့ ကျောင်းသားများဟာ တာဝန်ကျေပွန်ခဲ့ပြီးပါပြီ။ တာဝန်မကျေသေးတဲ့ နောက်ဆုံးသားတသားဖြစ်တဲ့ စစ်သားဘဲ ကျန်ပါတော့တယ်။
တိုင်းသူပြည်သားတွေရဲ့  ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို ဂရုဏာသက်ဝင်ပြီး စာနာ နားလည် သနားကြပါ။ ဒါကြောင့် စစ်သားတွေအနေနဲ့ ဘုရားသား၊ ကျောင်းသားများဆီကို အမြန်ဆုံး ပူးပေါင်းပြီး ပြည်သူလူထုနဲ့ လက်တွဲကာ စစ်အာဏာရှင်တွေကို အမြန်တော်လှန်ကြပါလို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
အဲဒီလို ပြည်သူလူထု ဘက် ရပ်တည်လာတဲ့ တပ်မတော်သားများကိုလည်း ပြည်သူလူထုနဲ့ ဒီမိုကရေစီဘက်တော်သားများက အမြန်ဆုံး ၀ိုင်းဝန်းကူညီ ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်ကို အတူတကွ တော်လှန်ကြပါလို့ ပြောကြားရင်း
နိဂုံးချုပ် လိုက်ပါတယ်။
( ဖိုးတရုတ်ဘလော့ဂ်မှကူးယူဖေါ်ပြပါသည်) ______


No comments: