အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈ ဧရာဝတီ
“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။
နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။
“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။
ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။
“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။
ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။
“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။
ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများနှင့်လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်းစွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။
စွမ်းအားရှင်ဆိုသည့်လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူလူထုကိုအသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုးစီးပွား တခုခုရရုံသက်သက်
ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်းလုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့အတွက် မလွယ်လှ။“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။
ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများနည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများနှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူကအပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်
တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင်တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။
အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန်တော်
မူရသည်ဟု သိရသည်။
သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်းဆိုသည်။ ထိုသတင်းများတွင် သူက သံဃာများနှင့်လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည်ဟု သူ့အိမ်နီးချင်းများကပြောသည်။
အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လျက်နှင့် လက်နက်မဲ့ သံဃာများကိုရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။
ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန်တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များကို မူးယစ်ဆေးတချို့ ကျွေးထားသည်ဟူ၍ဖြစ်၏။ ဟုတ်မဟုတ်
တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်းကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့်လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။
ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီးတကောင်က ခုန်အုပ်ကာကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်း
ကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။
အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကို မခေါ်ကြပါနဲ့ ငါ့ကို မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကိုစိတ်မချမ်းမြေ့ဘွယ်ရာ ကြားကြရတော့၏။
ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။
တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။
ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ်လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရ
ခြင်းဖြစ်သည်။
“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာလည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏အိမ်နီးချင်း
တဦးကပြောပြသည်။
ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။
မှတ်ချက်။ ။ နော်မန်ရော်ဘတ်စ်ပီးယား၏ The Lonely Death Of Cycle Maung Maung ကို ကိုးကားရေးသားပါသည်။
Saturday, October 4, 2008
ဆိုင်ကယ်မောင်မောင်နှင့်သူ၏အိပ်မက်ဆိုးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment