Friday, November 28, 2008

နည်းနည်းတော့ ပြောရတော့မယ်

ရေးသားသူ — ၀င်းပေါ်မောင်

လွတ်လပ်နိုင်ကြပါစေ...

ဟန်းဂုရွာကို လာရောက်ကြတဲ့ စာဖတ်သူ အချို့ဟာ ကျနော်ပြောတဲ့ `လွတ်လပ်စွာ´ ဆိုတဲ့ စကားကို နည်းနည်း နားလည်မှု လွဲနေပုံ ရပါတယ်။

ထို မိတ်ဆွေများရဲ့ အယူအဆက လွတ်လပ်စွာ ဆိုတာ ဘာမဆို ရေးချင်တာ ရေးလို့ ရတယ်၊ လုပ်ချင်တာ လုပ်လို့ ရတယ်၊ အကုန်ခွင့်ပြုတယ် ဆိုတဲ့ သဘောမျိုးဖက်ကို ဆွဲယူ ဖွင့်ဆို နားလည်လိုက်တယ်လို့ ထင်ပါတယ်။ မိတ်ဆွေများက လွတ်လပ်လွန်းရင် `ဗရမ်းဗတာ´ ဖြစ်သွားမယ်လို့ စိုးရိမ်နေပုံ ရပါတယ်။ မိတ်ဆွေများရဲ့ စိုးရိမ်မှုကို လေးစားပါတယ်။ ဒါပေမဲ့ ပြောစရာ ရှိတာတော့ ပြောရပါတော့မယ်။

အဲသည့် (လွတ်လပ် + များ = ဗရမ်းဗတာ) ယူဆချက်ဟာ ကျနော်တို့တွေရဲ့ ပုံစံခွက် ဖြစ်နေတဲ့ တွေးခေါ်မှု တရပ်ပါပဲ။ အရိုးစွဲနေတာ ကြာလွန်းတော့ ဒါသည်ပင် နိယာမ တခုလို သဘောထားနေကြတာပါ။ ဒီယူဆချက်ကို ပြန်လှန် စဉ်းစားဖို့ သတိတောင် မရကြတာ များပါတယ်။

တကယ့် လက်တွေ့ဖြစ်စဉ်က အဲသည့် ယူဆချက်နဲ့ ပြောင်းပြန်ပါ။ လွတ်လပ်မှု နည်းလွန်းရင်သာ ဗရမ်းဗတာ ဖြစ်တာပါ။ (လွတ်လပ် + နည်း = ဗရမ်းဗတာ)။ မယုံရင် အခု မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဖျတ်ခနဲ လှည့်ကြည့်လိုက်ပါ။ အားလုံးကို ထိန်းချုပ်ထားတယ်။ ဘာမှ မလွတ်လပ်ဘူး။ အဲသည်တော့ လုပ်ချင်ရာ အကုန်လုပ်ကြတယ်။ လုပ်ချင်ရာ လုပ်နေတာကို မြင်နေ တွေ့နေရဲ့သားနဲ့ ဘာမှ ပြောလို့ မရတော့ အလွန်အကျွံ ဗရမ်းဗတာတွေ ထပ်လုပ်ကြတယ်။

လူဟာ လွတ်လပ်နေရမယ်။ လွတ်လပ်မှုမှာ အခြေခံအားဖြင့် နှစ်ခု ရှိပါတယ်။

ပထမ တခုက ပကတိ အခြေအနေကို မိမိစိတ်က လက်ခံနိုင်ရမယ်။ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေကို လက်မခံနိုင်ဘူး ဆိုတာ ကိုယ့်စိတ်ကို ကိုယ်ဘာသာ လှည့်စားနေတာပါပဲ။ လူဟာ ကောင်းတာ ကြိုက်တာလေးကိုတော့ အလွယ်တကူ လက်ခံနိုင်ပြီး၊ မကောင်းတာ မကြိုက်တာ ကျတော့ အလွယ်တကူ လက်မခံချင်ဘူး။ ငြင်းချင်တယ်။ ပယ်ချင်တယ်။ ဟုတ်နေမှန်း သိရင်တောင် ဖုံးထားချင်တယ်။ လူသိမှာ စိုးရိမ်တယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ပြီး သက်သာအောင် နေချင်တယ်။ ဒီကနေ့ နအဖ ဖြစ်နေတာ အဲဒီ လက်မခံနိုင်တဲ့ ပြဿနာပါပဲ။

ဒုတိယက မိမိစိတ်ထဲက အခြေအနေကို ပကတိအတိုင်း ဖော်ပြနိုင်ရမယ်။ ကိုယ်မြင်တာ, ကိုယ်ခံစားတာ, ကိုယ်ပြောချင်တာကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနိုင်ရမယ်။ ပြောဆိုရဲရမယ်။ ပြောဆိုတတ်ရမယ်။ ပြောဆိုတဲ့ အကျင့် ရှိရမယ်။ အဲသလို ပြောတတ်တဲ့ အကျင့်ရှိမှ နားထောင်တတ်တဲ့ အကျင့်လည်း ရှိလာလိမ့်မယ်။ ပြောတတ်တဲ့ အကျင့်နဲ့ နားထောင်တတ်တဲ့ အကျင့် နှစ်ခုပေါင်းမှ `ဆွေးနွေး´ တယ်ဆိုတဲ့ အလုပ်ကို လုပ်လို့ရပါတယ်။ ဆွေးနွေးတဲ့ အဆင့်ကို ရောက်မှ အကျိုးရှိရာ ရှိကြောင်း ဆိုတာကို ရှာဖွေနိုင် လုပ်နိုင်ကြတာပါ။

ဟန်းဂုရွာ ဆိုတာ ကိုရီးယားရောက် မြန်မာတွေရဲ့ အကြောင်း သောင်းပြောင်းထွေလာ ဖော်ပြဖို့ လုပ်ထားတာ ဖြစ်ပါတယ်။ သတင်းပေးမယ်, ဖန်းတီးမှုတွေကို ဖော်ပြမယ်, ဝေဖန်မယ်, ဆွေးနွေးမယ်, ခံစားချက်တွေကို မျှဝေမယ်။ နောက်ဆုံး ကိုယ့်ရင်ထဲက မအောင့်နိုင်တာတွေကို ဖွင့်ထုတ်လိုက်ချင်သပ ဆိုရင်လည်း ရင်ဖွင့်နိုင်စရာ အခွင့်အရေးတခု ပေးထားတာပါ။

ဟန်းဂုရွာက မြန်မာတွေ ဆုံစည်းရာ, ဆွေးနွေးရာ နေရာ တခုပါ။ ဆရာလုပ်ပြီး သြ၀ါဒ ပေးနေတာ မဟုတ်ပါ။ တရားသူကြီး မဟုတ်ပါ။ အက်ျိုးရှိတယ် ဆိုတာ ယူတဲ့သူအပေါ်မှာ မူတည်ပါတယ်။ အဓိက က နားထောင်တတ်, ပြောတတ်, ဝေဖန်တတ်, ဆွေးနွေးတတ်, မျှဝေခံစားတတ်, ချစ်ကြည် ရင်းနှီးတတ်ဖို့ တည်ထောင်ထားတာပါ။

လူ့ဘ၀ထဲမှာ ကောင်းတာတွေလည်း ရှိတယ်။ မကောင်းတာတွေလည်း ရှိတယ်။ မှန်တာတွေ ရှိသလို မှားတာတွေလည်း ရှိတယ်။ ပိုတာတွေ ရှိသလို လိုတာတွေလည်း ရှိတယ်။ ကိုယ့်အကြိုက်တွေ ရှိသလို ကိုယ်မကြိုက်တာတွေလည်း ရှိတယ်။ ဒါကြောင့် ကောင်းတာတွေ့ရင် ချီးမွမ်းပါ။ မကောင်းတာတွေ့ရင် ဝေဖန်ပါ။ မှန်တာတွေ့ရင် ထောက်ခံပါ။ မှားတာတွေ့ရင် ပြင်ပေးပါ။ ပိုတာတွေ့ရင် ဖယ်ပစ်ပါ။ လိုတာတွေ့ရင် ဖြည့်ပေးပါ။ ကြိုက်တာတွေ့ရင် ခံစားလိုက်ပါ။ မကြိုက်တာတွေ့ရင် သည်းခံပါ။

အဲသလိုနည်းနဲ့ လူတွေဟာ လွတ်လပ်နေဖို့ လိုတယ်။ ကိုယ်ကလည်း သူတပါးကို ဝေဖန်နိုင်သလို သူတပါးကလည်း ကိုယ့်ကို ဝေဖန်လိမ့်မယ်ဆိုတာ သိလာရင်၊ သူများတွေလည်း မှားတတ်သလို ကိုယ်လည်း မှားနိုင်တယ်ဆိုတာ သိလာရင်၊ ဘယ်သူမှ အားလုံး မမှန်သလို ကိုယ်လည်း အကုန်မမှန်ဘူး ဆိုတာ သိလာရင်၊ ကိုယ်လည်း အားလုံးကို မကြိုက်သလို အခြားသူတွေလည်း အကုန်လုံးကို မကြိုက်နိုင်ဘူးလို့ သိလာရင်… လူဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်မယ်။ ထိန်သိမ်းနိုင်မယ်။ ရင့်ကျက်နိုင်ပါလိမ့်မယ်။

စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ ကျောက်ဖြုန်းတွေကို ဖယ်ရှားဖို့ လိုက်ကောက်နေရတာနဲ့ ကျောက်ကောင်းကို မကောက်အားတဲ့ အဖြစ်မျိုး မရောက်ဖို့ လိုပါတယ်။ စုန်းပြူးတွေ, ဆဲဆိုတတ်သူတွေ, မယဉ်ကျေးသူတွေကို မလာနဲ့ မလာနဲ့လို့ လိုက်မောင်းနေရရင် ခွေးဟောင်တိုင်း ထကြည့်လို့ အိပ်ရေးပျက်ရတဲ့ အဖြစ်မျိုးနဲ့ မခြားပါဘူး။ ရွာတည်မှတော့ ခွေးဟောင်သံလည်း နည်းနည်းတော့ ကြားရမှာပေါ့။

လွတ်လပ်မှုက ဗရမ်းဗတာ ဖြစ်စေတာ မဟုတ်ပါဘူး။ လွတ်လပ်မှုကသာလျှင် လူအချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်တာ ဖြစ်ပါတယ်။ လူအချင်းချင်း အပြန်အလှန် ထိန်းကျောင်းနိုင်တာကို ယဉ်ကျေးတယ်လို့ ခေါ်ပါတယ်။ ယဉ်ကျေးတဲ့လူမှာပဲ စည်းကမ်း နဲ့ သိက္ခာ ဆိုတာ ရှိပါတယ်။ အဲဒီ စည်းကမ်း နဲ့ သိက္ခာဆိုတာ စာရွက်ထဲက လာတာ မဟုတ်ပါဘူး။ မိမိ နှလုံးသားက လာတာပါ။ ဟန်းဂုရွာက နှလုံးသားလှသူ လူတိုင်းရဲ့ ကွန်းခိုရာ ဖြစ်စေချင်တာပါ။

မလွတ်လပ်မှုတွေ ကျဆုံးဖို့ လွတ်လပ်မှုတွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ လူတိုင်းကိုယ်စီ လွတ်လပ်နိုင်ကြပါစေ…။




1 comment:

winlatt said...

ခုလို ပြောလိုက်တာ...အကောင်းပါတယ်...
တန်ဘိုးမဲ့ပြောချင်ရာပြောကြသူတွေ...
အချိန်ကုန်ခံ..လေကုန်ခံ...လက်အညောင်းခံ
ချွန်တွန်း..မြှောက်စောင့်..ပင့်ပေးသူတွေလဲ ထုနဲ့ထေးဗျ...တစ်ခါတစ်လေ ကျွန်တော့် စီဘောက်ထဲမှာတောင် လာလာအော်သေးတယ်...
ကိုယ့်သမိုင်းနဲ့ကိုယ်ပေါ့ဗျာ...သူတို့သမိုင်းနဲ့သူတို့ပေါ့...