ကိုဝိုင်း(မိုးညှင်း)
ဧပြီ ၂၄ ၊ ဆောအူးလ် ။
ဧပြီလ ၈ ရက်နေ့က ၊ ရွှေ့ပြောင်းအလုပ်သမားများ အဆင့်အတန်းခွဲခြားမှုမရှိရေး ၊ လူ့အခွင့်အရေး နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး လှုပ်ရှားမှု ပူးပေါင်းကော်မတီ (이주노동자 차별철폐와 인권. 노동권 실현을 위한 공동행동)သည် ၊ ကိုရီးယားအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး ရှေ့တွင် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြပွဲကို ကျင်းပခဲ့ကြောင်း ၊ အခမ်းအနားတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံလစာမှ နေထိုင်စရိတ်နှင့် စားစရိတ်များ ဖြတ်တောက်ရန် စံနှုန်းများ (외국인 근로자 숙식비 부담기준) ထုတ်ပြန်ချက်ကို ပြစ်တင်ဝေဖန်လိုက်ကြပြီး ၊ အဆိုပါ ပြဋ္ဌာန်းချက်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည် ။
လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ကေအက်ဖ်အက်စ်ဘီက ထုတ်ပြန်ခဲ့သည့် ၊ ဖြတ်တောက်ရန် စံနှုန်းများသတ်မှတ်ချက်ဇယား အရ ၊ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးအား ၊ ဘော်ဒါဆောင် သို့မဟုတ် လူနေအခန်းနှင့် ထမင်း၂နှပ် ထောက်ပံ့ထားသည်ဆိုပါက ၊ အခြေခံလစာမှ အနည်းဆုံး ၈ ရာနှုန်းမှ အများဆုံး၂၀ ရာနှုန်း အထိ ဖြတ်တောက်မည် ဟုဆိုသည် ။
အမြတ်အစွန်းအတွက် တည်ထောင်ထားသော အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များအသင်း(ကေအက်ဖ်အက်စ်ဘီ)၏ အဆိုပါ လုပ်ရပ်သည် ၊ ရွှေ့ပြောင်းအလုပ်သမားများကို ကိုရီးယားအစိုးရက ဥပဒေအရ အကာအကွယ်ပေးထားသော အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ဥပဒေ (Minimum Wages Law)နှင့် ၊ အလုပ်စံချိန်စံညွှန်းသတ်မှတ်ချက်ဥပဒေ(Labor Standard Law) ကို ကျူးလွန်ရာရောက်သည်ဟု ဆိုသည် ။
အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များအသင်းက ယခုကဲ့သို့ ထုတ်ပြန် ကြေညာခဲ့ခြင်းသည် ၊ လွန်ခဲ့သောနှစ်က အမျိုးသား စီးပွါးရေး အင်အား တောင့်တင်းခိုင်မာရေးကောင်စီ (The Presidential Council For National Competitiveness; PCNC) က ထုတ်ပြန်ကြေညာချက်အတိုင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည် ဟုဆိုပါသည် ။ အဆိုပါကောင်စီက ပြည်သူ့လွတ်တော် တွင် စက်မှုစီးပွါးတောင့်တင်းခိုင်မာရေးအစီအစဉ် တင်သွင်းခဲ့ရာတွင် ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းရှင်များ အသင်း၏ သဘောထားသည်လည်း ၄င်းကောင်စီ၏ သဘောထားအတိုင်းထပ်တူဖြစ်လာကြောင်း ၊ အကြောင်းမှာ ကေအက်ဖ်အက်စ်ဘီ ဥက္ကဋ္ဌ မစ္စတာ ကင်ဂီမွန်(Kim, Ki Mun)သည် ပီစီအင်န်စီ အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ဟု သိရသည် ။
ထို့ပြင် လွတ်တော်တွင် အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်အား ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) တင်သွင်းခဲ့ရာ ၊ အလုပ်သမားများအတွက် နေစရိတ် စားစရိတ် ထောက်ပံ့ကြေး တို့ကို အနိမ့်ဆုံးလစာအတွင်း သတ်မှတ် ထည့်သွင်း တွက်ချက်ရမည်ဟု ပါရှိကြောင်းလည်း သိရသည်။
၎င်း အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) အတည်ဖြစ်သွားမည်ဆိုလျင် ၊ ကိုရက်ပ်စ် အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးလစာသည် ၅သိန်းနှင့် ၆သိန်းအကြားတွင်းသာ ရှိလိမ့်မည်ဟုဆိုပါသည် ။
သို့ဖြစ်ရာ အဆိုပါ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အား ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) အတည်မဖြစ်ရေးနှင့် ၊ ယခင် ကိုရီးယား အစိုးရအဆက်ဆက် က အတည်ပြုထားပြီးဖြစ်သော နိုင်ငံခြားသား အလုပ်သမားများအတွက် နေရာထိုင်ခင်း ၊ အစားအစာနှင့် သက်သာချောင်ချိရေး ဆိုင်ရာ နည်းဥပဒေ (The Rule of accommodation, food and all welfare for migrant workers) ဆက်လက် တည်ရှိရေး အတွက် ၊ ကိုရီးယားနိုင်ငံ ရောက် ရွှေ့ပြောင်းအလုပ်သမားတိုင်း အဆိုပါလှုပ်ရှားမှုတွင် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ချုပ်နှင့် အတူ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ကိုရီးယားလူထုအခြေပြုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နိုးကြားတက်ကြွစွာ ဆန္ဒပြတောင်းဆို သွားဖို့လို အပ်မည်ဖြစ်ကြောင်း သိရသည် ။
ယခင်ကာလများကလည်း ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး အစဉ် အလေးထားခဲ့သည့် ကိုရီးယား လူထု အဖွဲ့အစည်းများက ၊ မနေမနား ဆက်တိုက်ဆန္ဒပြတောင်းဆိုလာခြင်းကြောင့် ခေတ်သစ်ကျွန်စနစ်ဟု နာမည်ဆိုးတွင်ခဲ့သော ကိုရီးယား သင်တန်းသား(အမည်ခံ အလုပ်သမား) စနစ် ပပျောက်သွားခဲ့ပြီး ၊ အနည်းငယ်သက်သာဖွယ်ရှိသည့် အီးပီစနစ်ထွက်ပေါ်လာရသည့် သာဓကရှိခဲ့ကြောင်း လည်းသိရသည် ။
မည်သည့်နိုင်ငံတွင်မဆို အလုပ်ရှင် ဦးရေသည် အလုပ်သမား ဦးရေနှင့် နှိုင်းစာလျင် အဆ ထောင်သောင်း ကွာနေသော်လည်း ၊ အလုပ်ရှင်နှင့် အလုပ်ရှင်များအကျိုးကိုသာ ရှေးရှုသော လွတ်တော်ကိုယ်စားလှယ်တို့ အလိုကျ ဥပဒေများသာ အတည်ဖြစ်နေရခြင်းမှာ ၊ အလုပ်သမားတို့က မိမိတို့ အရေး ၊ မိမိတို့ နားမလည်ခြင်း နှင့် မိမိတို့ အရေး မိမိဆောင်ရွက်ရမည်ကို မဆောင်ရွက်ကြခြင်းတို့ ဖြစ်ကြောင်းလည်း သိရသည် ။
ထို့ပြင် ၊ လာမည့် ဧပြီ ၂၆ ရက်နေ့လည် ၂နာရီ အချိန် ဆိုးလ် မြေအောက်ရထားလိုင်း အမှတ် ၁ ၊ ဂျုံဂ့ါ (종각) ဘူတာ ထွက်ပေါက်အမှတ် ၅ တွင် ၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ ၊ နှင့် ကိုရီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးတွဲ ကော်မတီ (Joint Committee for Migrant workers in Korea) တို့က ဦးဆောင်လျက် ၁၁၉နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း ၊ အခမ်းအနားတွင် စီးပွားရေးအကြပ်အတည်းကြား ရွှေ့ပြောင်းအလုပ်သမားများ ဘ၀ရပ်တည် နေထိုင်နိုင်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲကို ပါ ကျင်းပမည် ကြောင်းလည်းသိရသည် ။
သို့ဖြစ်ရာ ၊ ကိုရီးယားနိုင်ငံရောက် အလုပ်သမားတိုင်း အလုပ်သမားတိုင်း အဆိုပါ အခမ်းအနားသို့ မပျက်မကွက် တက်ရောက်သင့်ကြောင်း နှိုးဆော်တိုက်တွန်းရပါသည် ။
***JCMK သည် သမိုင်းမှတ်တမ်းများအရ ၊ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ဘာတောင်းတောင်း ရအောင်တောင်းတတ်သော အစဉ်အလာထွန်းပြောင်ခဲ့သည့် လူထုအခြေပြုအဖွဲ့အစည်းဖြစ်သည် ။
*** မိတ်ဆွေတို့လစာမှ နေစရိတ် ၊ စားစရိတ် မဖြတ်တောက်ရေးတိုက်ပွဲတွင် မိတ်ဆွေကိုယ်တိုင် တက်ကြွစွာ ပါဝင်တောင်းဆိုခဲ့ကြောင်း မော်ကွန်းရေးထိုးခြင်းဖြင့် သမိုင်းတာဝန်ကျေပွန်သူအဖြစ်ဂုဏ်ယူကြပါစို့ ။
ရည်ညွှန်းချက်-
1. MWTV News 85.
2. http://competitiveness.go.kr/
3. http://burmainfokorea.blogspot.com/2009/04/blog-post_2679.html
4. Asia Solidarity No.2. (Joint Committee for Migrant Workers in Korea written by Yung Shin Hee)
5. Asian Workers News (April 12,2009).
Friday, April 24, 2009
နေထိုင်စားသောက်စရိတ်ဖြတ်တောက်ရန်နှုန်းထား ပြဋ္ဌာန်းချက် ပြန်လည် ရုပ်သိမ်းရေးနှင့် ပတ်သက်၍……
Labels:
ဖိတ်စာ,
သတင်းဖတ်စာ,
အလုပ်ခွင်ရေးရာ,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment