Sunday, July 18, 2010

သမီးထံသို့ပေးစာများ (၂)

ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)

သမီးငယ်ရေ

ပြောလက်စ ဗုဒ္ဓဘာသာအကြာင်းဆက်ကြရအောင်နော် သမီးတို့က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြလို့ ဂရုမထားမိပေမဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုလဲ သိထားရလိမ့်မယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဖို့ ကျယ်ပြန့်တဲ့ဥပဒေတော့မရှိပါဘူး၊ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ၃-မျိုး ရှိတယ်။

(၁) ဗုဒ္ဓဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း။
(၂) ဗုဒ္ဓ၏ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း။
(၃) ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းတို့ဖြစ်တယ်။

ဒီသုံးပါးကို ယုံကြည်လက်ခံလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ပါပြီ။ ဒီသုံးပါးကို သရဏဂုံ၃-ပါးလို့ ဗုဒ္ဓဘာသာဝင်တို့က ခေါ်ဆိုကြတယ်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် လိုက်နာကျင့်သုံးရမဲ့ ကျင့်ဝတ် ၅-မျိုးရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေက “ငါးပါးသီလ” လို့သိထားကြတယ်။

(၁) သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတစ်ပါးးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ပစ္စည်း သုံးစွဲမှုမှ ရှောင်ကြဉ်ရခြင်း။

ဒါ သိပ်ကိုအရေးကြီးတယ်၊ လူတွေက အရေးကြီးတာကို အမှတ်တမဲ့ထားနေကြတယ်၊ ပဓာနကိုသာမညလို့ထင်နေကြတယ်၊ ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓအလိုကျ မလုပ်မဖြစ် လုပ်သင့်တာက “ ငါးပါးသီလစောင့်ထိန်းခြင်းပါ ” ။
အမှန်ကတော့ ငါးပါးသီလဟာ လုံးဝမလုပ်နဲ့လို့ ဗုဒ္ဓဘုရား တားမြစ်ထားတဲ့ လူ့စည်းမျဉ်းဥပဒေပါပဲ။ မကောင်းလို့တားထားတာကို တားထားရက်နဲ့လုပ်ရင် အပါယ်လမ်း ဖြောင့်တန်းနေတာပေါ့။ တစ်ခြားရွေးစရာ လမ်းမရှိဘူးလေ။
ဗုဒ္ဓကိုယ်တော်တိုင် မလုပ်နဲ့လို့ တားမြစ်ခဲ့တဲ့ ဒီငါးချက်ကို ဂရုဓမ္မပြုသင့်လို့ အကျယ်ချဲ့ရှင်းပြရဦးမယ်။

ခေတ်စကားနဲ့အတည့်ပြောရင် ပထမတားမြစ်ချက်က သူ့အသက်ကိုမသတ်နဲ့တဲ့ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်ခပ်များများဟာ သီလကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ကြမ်းပိုး၊ ပုရွက်ဆိတ်၊ ခြင်၊ သန်း စတဲ့ အကောင်သေးသေးလေးတွေကို သတ်ရင်းနဲ့အကျင့်ပါပြီး အကောင်ကြီးတွေကိုလည်း သတ်ရဲလာတာပေါ့။ မကောင်းမှုမှာသာ မွေ့လျော်ချင်တတ်တဲ့စိတ်ဟာ တဖြည်းဖြည်းကြမ်းတမ်းလာပြီး ဆိုးဝါးယုတ်ညံ့တဲ့ အကျင့်စရိုက် ပြောင်းလဲသွားတော့တယ်လေ။
တကယ်တော့ ပါဏာတိပါတာကံဆိုတာ သတ်တာတခုတည်းမဟုတ်ဘူးနော်၊ သူတစ်ပါးကို မတရားအနိုင်ကျင့်တာ၊ နှိပ်စက်ညှင်းပန်းတာတွေလဲပါတယ်။ ဒီသတ်တာဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာတွေကို မိမိကိုယ်တိုင်လည်း မခံချင်ဘူး မခံနိုင်ဘူးဆိုတော့ သူတစ်ပါးအပေါ်မှာလည်း မကျူးလွန်သင့်ဘူးပေါ့။ ပြီးတော့ ဒီလုပ်ရပ်တွေဟာ ဒေါသတရားပဲ၊ အဲ့ဒီသိက္ခာပုဒ်ကိုရှောင်ကြဉ်လိုက်ရင် ဒေါသရဲ့ပြောင်းပြန် အဒေါသဖြစ်လာတယ်။ အဒေါသဆိုတာ မေတ္တာပဲ၊ သူတစ်ပါးအပေါ်မှာ မေတ္တာ၊ ဂရုဏာ တကယ်ထားတတ် ထားနိုင်သူဟာ ပါဏာတိပါတာကံကို မကျူးလွန်တော့ဘူးလေ။
မိမိကိုယ်တိုင်လည်း သူတစ်ပါးကလာပြီး သတ်မှာဖြတ်မှာ ညှင်းပန်းနှိပ်စက်မှာ မလိုလားဘူး၊ မခံနိုင်ဘူးမဟုတ်လား၊ ဒီတော့ မိမိကလည်း သူတစ်ပါးကို သတ်တာဖြတ်တာ ညှင်းပန်းနှိပ်စာတာတွေ မလုပ်သင့်တာ မလုပ်ထိုက်တာ သဘာဝမကျပေဘူးလား။

ဒုတိယ တားမြစ်ချက်က မခိုးနဲ့ဆိုတဲ့ အဒိန္နာဒါနကံကို ရှောင်ခိုင်းတာပါ။ ပိုင်ရှင်မသိဘဲယူတာ၊ ပိုင်ရှင်သိပေမဲ့ သဘောမတူဘဲ၊ ခွင့်မပြုဘဲ၊ မပေးဘဲ အတင်းအဓမ္မယူတာ၊ ကလိမ်ကကျစ်လုပ်ပြီးတော့ယူတာ၊ အဲ့ဒါတွေအားလုံး အကျုံးဝင်ပါတယ်။ အခုခေတ်ဈေးသည်တွေ အဒိန္နာဒါနကံကို မရှောင်နိုင်ကြသူကများတယ်။ အရင်းစစ်လိုက်တော့ လောဘတရားကိုယ်ပါပဲ။ အဒိန္နာဒါနကံကို မကျူးလွန်ဘဲ ရှောင်ကြဉ်နိုင်ရင် လောဘနဲ့ဆန့်ကျင်ဘက် အလောဘဖြစ်လာမယ်။ အလောဘက မလိုချင်တာ၊ စွန့်လွှတ်တာ။ ဒီတော့ အဒိန္နာဒါနကံကို ရှောင်ကြဉ်လိုက်တာနဲ့ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ မုတ္တစာဂကို ကျင့်သုံးပြီးသား ဖြစ်တယ်။ (ခိုးမှုနဲ့ပတ်သက်လို့ခိုးနည်း၂၅မျိုးရှိတယ်၊ ဒါတွေတော့ဒီမှာအသေးစိတ်မပြောတော့ဘူး)။

တတိယ တားမြစ်ချက်က မပြစ်မှားနဲ့ မယုတ်မာနဲ့လို့ ကာမေသုမစ္ဆာစာရကံကို ရှောင်ကြဉ်ခိုင်းတာပါ။ လူသားတွေအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ကိုယ်ကျင့်သိက္ခာကို အောက်တန်းကျစွာ ထိခိုက်ပျက်စီးစေတာက ဒီယုတ်မာမှုလို့ပဲ အဖေက ဆိုချင်တယ်။
အတိုဆုံး-အကျဉ်းဆုံးနဲ့ “ယုတ်မာမှု”လို့ ဆိုထားပေမဲ့ မယားရှိတဲ့လင်ဖြစ်စေ၊ လင်ရှိတဲ့မယားဖြစ်စေ၊ ကာမပိုင်ရှိပါလျက်နဲ့ ဖောက်ပြန်တဲ့စိတ်နဲ့ မှောက်မှားစွာကျူးလွန်ကြတာ၊ ကာမပိုင်မရှိပေမဲ့ အုပ်ထိန်းမှုမကင်းတဲ့ မိန်းမတွေကို ကာယကံရှင်အလိုမတူဘဲ ဗလက္ကာရပြုတာ၊ အဓမ္မအနိုင်ကျင့်တာ၊ မတော်မတရားဖျက်ဆီးတာ၊ ဇနီးမယားပြုကျင့်တာတွေ အားလုံးအကျုံးဝင်တယ်။
ဒီအကြောင်းအချက်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ ကာမဂုဏ် အာရုံခံစားမှုတွေမှာ မရောင့်ရဲမတင်းတိမ်နိုင်လောက်အောင် ကာမရာဂစိတ်တွေ လွန်ကဲပြင်းထန်လာတဲ့အခါ လူ့သိက္ခာ၊ လူ့ကျင့်ဝတ်တွေကို ထိန်းသိမ်းရကောင်းမှန်းမသိနိုင်တော့ဘဲ လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ် ပေါက်သွားကြတာပဲ။ ဒီလိုဖောက်ပြား၊ မှောက်မှား၊ မတရားအနိုင်ကျင့်မှုက ငါးပါးသီလမှာ ရှောင်ကြဉ်ရန်တားမြစ်ထားတဲ့ မကောင်းမှုငါးမျိုးအနက် အယုတ်မာဆုံး အကုသိုလ်ကံလို့ ဆိုရလိမ့်မယ်။

ဒီလိုအမှုကိစ္စတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်အောင် အမျိုးသမီးတွေအနေနဲ့လည်း ၀တ်စားဆင်ယင်မှုကအစ အသွားအလာ အနေအထိုင် အစစအရာရာ ဆင်ခြင်ဖို့လိုအပ်တယ်။ ခြေတလှမ်းမှားတာနဲ့ ဘ၀တခုလုံးမှောက်သွားနိုင်တယ်ဆိုတာ ကြပ်ကြပ်သတိထားဖို့လည်းလိုလိမ့်မယ်။ ပြောချင်တာကတော့ အမျိုးသမီးတွေအနေနဲ့ ၀တ်စားဆင်ယဉ်မှုလုံလုံခြုံခြုံနဲ့ ဣနြေ္ဒရဖို့၊ နေမှုထိုင်မှုသိက္ခာရှိဖို့ အင်မတန်မှပဲအရေးကြီးပါတယ်။ ပုရိသတို့ရဲ့စိတ်ကို ရာဂနိုးကြွစေတဲ့ အပြုအမူအနေအထိုင် အ၀တ်အစားမျိုး ရှောင်ရှားစေချင်တာပါ။ (ကာမေသုမိစ္ဆာစာရနဲ့ပတ်သက်လို့ ပြောစရာတွေတော့အများကြီးပါပဲ၊ ဒါလောက်ဆိုခြုံငုံမိမယ်ထင်တယ်)။
ကာမေသုမိစ္ဆာစာရကို အများအားဖြင့် “သူတစ်ပါးအိမ်ရာ၌ပြစ်မှားခြင်း” လို့ အနက်ဖွင့်ကြပေမဲ့၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကတော့ ရတနာ့ဂုဏ်ရည်ကျမ်းမှာ “ကာမဂုဏ်၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်”လို့ ပြည့်ပြည့်စုံစုံ ဖော်ညွှန်းထားတာ တွေ့ရတယ်။

စတုတ္ထတားမြစ်ချက်က လူတွေအကျူးလွန်ဆုံး မုသာဝါဒပါပဲ။ လျှာမှာအရိုးမရှိတော့ လှည့်ပတ်ပြီး အမျိုးမျိုးလိမ်ညာနေကြတာ၊ အမှန်တရားနဲ့ အမှန်စကားရဲ့တန်ဖိုးကို သိပ်ပြီးနားမလည်နိုင်ကြတော့ဘူး။ လိမ်ပြောရတာကို အရသာရှိနေကြသလိုပဲ၊ မုသားမပါ လင်္ကာမချောလို့တောင် ဆိုလိုက်ကြသေးတယ်။ မှန်မှန်ကန်ကန်ပြောဖို့ထက် လင်္ကာချောဖို့ ပိုအရေးထားကြတယ်။ လူတွေရဲ့နှုတ်ဖျားမှာ သစ္စာစကားဆိုတာ ရှားပါးပစ္စည်းဖြစ်သွားပြီ၊ ကိုယ်ကျိုးရှိမယ်ဆိုရင် မုသားထည်လဲသုံးဖို့ ၀န်မလေးကြတော့ဘူး၊ အရှက်မရှိကြတော့ဘူး။
ရှေးရှေးကလူတွေအတွက် သစ္စာတန်ခိုးနဲ့ သစ္စာအကျိုးဟာ လောကမှာရှိတဲ့ နွယ်မြက် သစ်ပင်တွေတောင် ဆေးဖက်ဝင်နိုင်ပါသတဲ့၊ နောက်နောက်လူများကြတော့ဝေးပါသေးရဲ့။ မုသားတန်ခိုး မုသားအကျိုးကြောင့် ဆေးပင်တွေတောင် နွယ်မြက်ဖြစ်ကုန်ကြတော့မယ်။
မျက်မှောက်လူ့ဘောင်လောကမှာ မုသာဝါဒရဲ့ အကျိုးသက်ရောက်ပုံကို ပိုပြီးသိသာထင်ရှားအောင် ပြောရဦးမယ်။ ဥပမာတွေကတော့ ပေးစရာအများကြီးပဲ။ ဒါပေမဲ့ သိတာရုံလောက်ပဲပြောမယ်။

အရောင်းအ၀ယ်လုပ်ငန်း လုပ်နေကြတဲ့သူတွေဟာ ကိုယ့်ဖောက်သည်အပေါ်မှာ ကတိမဖျက်ရဲကြဘူး။ ပေးမယ်ဆိုတဲ့ပစ္စည်းကို မပျက်မကွက် အချိန်မီပေးကြရတယ်။ ချိန်းထားတဲ့အချိန်ကို အရောက်သွားကြရတယ်။ ဒီကတိပျက်ကွက်မှုဟာလည်း မုသာဝါဒပါပဲ။ တိုးတက်တယ်ဆိုတဲ့နိုင်ငံကြီးတွေမှာ နိုင်ငံကြီးသားတွေဟာ ချိန်းထားတဲ့အချိန်ကို တိတိကျကျလေးစားလိုက်နာကြတယ်။ ပေးထားတဲ့ကတိကိုလည်း ကျေပွန်အောင်လုပ်ဆောင်ကြတယ်။ ဒါဟာ မုသာဝါဒကိုရှောင်ကြဉ်ပြီး သစ္စာတရားကို စောင့်ထိန်းကြတဲ့ သဘောကိုပြတာပါပဲ။ သစ္စာကတိတည်တဲ့ နိုင်ငံနဲ့လူမျိုးတွေဟာ ကြီးပွားတိုးတက်ကြတယ်။ သစ္စာကတိမတည်တဲ့ နိုင်ငံနဲ့လူမျိုးတွေဟာ ဆုတ်ယုတ်နေကြတယ်ဆိုတာ မျက်မြင်လက်တွေ့ဖြစ်နေတယ်။

လိမ်ညာမှု၊ ဟန်ဆောင်မှု၊ လှည့်စားမှု၊ ကတိသစ္စာမတည်မှု၊ ဒါတွေဟာ မုသာဝါဒချည်းပဲ။ ပါးစပ်ကပြောမှ မုသာဝါဒမဟုတ်ဘူး။ လုပ်မယ်ဆိုပြီးမလုပ်ရင်၊ လာမယ်ပြောပြီးမလာရင်၊ တာဝန်ယူပြီးမှ တာဝန်မကြေရင်၊ ကိုယ့်မှာမရှိဘဲနဲ့ဟန်ဆောင်ရင် တစ်ဖက်သားရဲ့အသိဥာဏ်ကို ချွတ်လွဲစေရာရောက်တဲ့ အတွက် မုသာဝါဒလို့ပဲခေါ်တယ်။ လောကမှာ ဒီမုသာဝါဒကံဟာ အပြစ်အကြီးဆုံးဖြစ်တယ်။ မုသာဝါဒကံကို ကျူးလွန်ရဲသူဟာ ယုတ်မာမှုမှာတော့ မကျန်တော့ဘူးလို့ဆိုတယ်။ လိမ်ရဲတဲ့သူဟာ ခိုးရဲတယ်၊ သတ်ရဲတယ်၊ ကြာကူလီလည်းလုပ်ရဲတယ်။ လူလိမ်တစ်ယောက်မလုပ်ရဲတဲ့ အကုသိုလ်အမှုရယ်လို့ မရှိဘူးလို့ မြတ်စွာဘုရား ဟောကြားတော်မူတယ်။ တချို့က လူသတ်မှုကျူးလွန်ပေမဲ့ သတ်ရင်သတ်တယ်လို့ အမှန်အတိုင်း ၀န်ခံရဲကြတယ်။ ခိုးစားပေမဲ့ တရားရုံးမှာ ခိုးပါတယ်လို့ ၀န်ခံရဲတဲ့သူတွေရှိတယ်။ သူတစ်ပါးမယား ပြစ်မှားမိတဲ့ လူဟာလည်း မိမိအပြစ်ကို အမှန်အတိုင်း ၀နိခံရဲတဲ့သူရှိတယ်။ ဒီလို ကိုယ့်အပြစ်ကိုဝနိခံရဲတယ်ဆိုရင် ဒီလူဟာ လူကောင်းတစ်ယောက်ပြန်ဖြစ်ဖို့ မျှော်လင့်ချက်ရှိပါသေးတယ်။ ဘေးကလူပြုပြင်ဖို့ အခွင့်အလမ်းရှိတယ်။

လူလိမ်ကတော့ ကိုယ့်အပြစ်ကို ဘယ်တော့မှဝန်မခံဘူး။ အပြစ်မရှိပါဘူးလို့ဆိုတော့ သူအပြစ်ကို ဘယ်လိုလုပ်ပြီး ထောက်ပြဝေဖန်လို့ရတော့မလဲ။ ဒါကြောင့် အပြစ်တကာ့အပြစ်ထဲမှာ မုသာဝါဒအပြစ်လောက် ကြီးကျယ်တာမရှိဘူးလို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ခြင်းဖြစ်တယ်။ ဘုရားအလောင်းတော်ဟာ နုစဉ်ဘ၀တုန်းက သူခိုး,ဓားပြလည်းလုပ်ဖူးတယ်။ အရက်သေစာလည်းသောက်ဖူးတယ်။ သတ်ဖြတ်ညှင်းပန်းမှုတွေလည်းလုပ်ဖူးတယ်။ သူတစ်ပါးမယားနဲ့လည်း မှားယွင်းဖူးတယ်။ ဒါပေမဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ မုသာဝါဒကံကိုတော့ တစ်ခါမှမကျူးလွန်ဖူးဘူးလို့ ဆိုတယ်။

ပဉ္စမတားမြစ်ချက်က သုရာမေရယကံဖြစ်တယ်။ သုရာမေရယကံဟာ ငါးပါးသီလမှာ နောက်ဆုံးကပါပေမဲ့ မကောင်းမှုအားလုံးရဲ့ ရှေ့သွားခေါင်းဆောင်ဖြစ်ပါသတဲ့။ အမှန်တော့ မူးယစ်ဆေးဝါးဆိုတာ ကောင်းမှုအားလုံးကို မေ့လျော့စေပြီး မကောင်းမှုမှန်သမျှလုပ်ဖြစ်အောင် ရဲဆေးတင်ပေးတဲ့မာရ်နတ်ပါပဲ။

တကယ်သုံးသပ်ကြည့်ရင် သတ်တာ၊ ခိုးတာ၊ ယုတ်ယုတ်မာမာကျင့်တာ၊ လိမ်တာ၊ အရက်နဲ့မူးယစ်ဆေးဝါးသုံးတာ… ဒီငါးချက်ဟာ လူမျိုးတိုင်း ဘာသာတိုင်းက ခွင့်မလွှတ်နိုင်တဲ့ကိစ္စရပ်ပါ။ ဒါကြောင့်မို့လို့ မသတ်နဲ့၊ မခိုးနဲ့၊ အကျင့်မယုတ်နဲ့၊ မလိမ်နဲ့၊ မမူးယစ်နဲ့လိှု့ ဗုဒ္ဓဘုရားက လူ့စည်းမျဉ်းဥပဒေအနေနဲ့ တားမြစ်ခဲ့တာပေါ့။ လူ့မှုအဆောက်အအုံတစ်ခု တိုးတက်တယ်၊ ဆုတ်ယုတ်တယ်ဆိုတဲ့နေရာမှာ သီလစောင့်တယ်၊ မစောင့်ဘူးဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ လူမှုရေးလမ်းညွှန်ချက်တွေထဲမှာ သီလဟာ အခြေခံအုတ်မြစ်ဖြစ်တယ်။

ငါးပါးသီလစောင့်ထိန်းတဲ့အတွက် ရတဲ့အကျိုး၊ မစောင့်ထိန်းတဲ့အတွက် ရတဲ့အပြစ်တွေကို ဥပမာ,ဥပမေယျတွေ၊ ဇတ်တော်တွေနဲ့ အကျယ်တ၀င့်ရှင်းပြစရာတွေတော့ အများကြီးပဲ ဒီနေရာမှာတော့ ဒီလောက်နဲ့ပဲကျေနပ်တော့နော် နောက်မှသိချင်တာကို တစ်ခုချင်းပြန်မေးပေါ့။
ဒီတစ်ပတ်တော့ ဒီလောက်ပဲနော်။ နောက်အပတ်မှ အခြားအကြောင်းအရာတခုကို ဆက်တာပေါ့။

၂၀၁၀၊ ဇူလိုင်လ(၁၈)၊ ည၁၀နာရီ၂၀မိနစ်။

No comments: