Sunday, October 3, 2010

ချောင်းကြည့်သူရဲ့ အမှား အမှတ် ၂၆

ကိုကြီးပေါ်ကို မိတ်ဆွေများက မေးလေ့ရှိပါတယ်။ “ချောင်းလို့ မကုန်သေးဘူးလား”တဲ့။ အကောင်း မေးတာလား။ ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ဒီလို မေးဖော်ရတာကိုပဲ ကိုကြီးပေါ်က ငါဟုတ်လှပြီ ဆိုပြီး ဘ၀င် ကြိတ်မြောက်နေတာကိုတော့ သူတို့ မသိရှာဘူး ထင်ပ။ အဟဲ…။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ကြံဖန်ပြီး အထင်ကြီးအောင် လုပ်ရတာပဲ မဟုတ်လား။ ဟို အမေရိကန် ဆိုတဲ့ နိုင်ငံကြီးမှာတောင် ကျောင်းပညာရေးထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် မွေးပေးရမယ်လို့ လုပ်ခဲ့ကြသေးတယ်လေ။ နောက်ဆုံးတော့ ဘ၀င်ရူးလေးတွေ များများလာလို့ သူတို့ ပညာရေးကို ပြန်ပြင်လိုက်ပါပြီ။ ဒါပေမယ့် အမေရိကန်လို့ ဆိုတာနဲ့ ငါတို့က အားလုံးထက်သာတယ် ဆိုတဲ့ ညဉ်ကလေးကတော့ ကျန်နေသေးတယ် ထင်ရဲ့။

တကယ်တော့ အမေရိကန်တွေက အထင်ကြီးစိတ်ကို မွေးမြူပေးရမယ်လို့ မသိခင်ကတည်းက မြန်မာဏသီ ရွှေပြည်တော်ကြီးက အနှီ ပုဂ္ဂိုလ်ကြီးငယ်တွေ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလို့ လေထဲမှာ တလူလူလွင့်နေခဲ့တာ ကြာလှပေါ့။ ရွှေပြည်တော်ကို ငါတို့ စစ်တပ်ကြီး ကယ်တင်မှရမယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင် အကြီးကြီးနဲ့ လုပ်ခဲ့ကြတာ ခုဆိုရင် ကမ္ဘာမှာ သတင်းတမွှေးမွှေးနဲ့ ဖြစ်နေရော့ မဟုတ်လား။

၈၈ မှာ အာဏာလက်ရှိ မဆလပါတီက သူ့ခါးပိုက်ဆောင် စစ်တပ်ကို အာဏာ ခဏလွှဲပေးပြီး ရွေးကောက်ပွဲ လုပ်ခိုင်းခဲ့တယ်လေ။ ရည်ရွယ်ချက်ကတော့ “တပါတီစနစ်” ကနေ “စစ်တပ်ထောက်ခံသော တပါတီ ကြီးစိုးတဲ့စနစ်” ကို အသက်သွင်းဖို့ပါပဲ။ သွားလေသူ ဗိုလ်နေ၀င်း အပါအ၀င် ထိပ်ပိုင်း ပုဂ္ဂိုလ်ကြီးများ အသေအချာ ပေသီးခေါက်ထားတဲ့ တွက်ကိန်းကြီးပေါ့ ခင်ဗျာ။ သူတို့ တွက်ကိန်းကလည်း မဆိုးပါဘူး။ ကလေးက အစ အလွယ်ကလေး သိတယ်ဆိုတော့ အတော်လေး ကြိုးစား တွက်ချက်ထားပုံ ရပါတယ်။

ဒီမိုကရေစီကို လိုလားတဲ့ ပါတီတွေက ရာနဲ့ချီလို့။ ဒီတော့ မဲတွေက အကုန် ပြန့်ကုန်မှာ။ နှစ်ဆယ့်ခြောက်နှစ် စည်းရုံးထားတဲ့ ငါတို့ တစညပါတီက မဲအရေအတွက် ၂၅ ရာနှုန်းလောက်ပဲ ရဦး မဲတနယ်ချင်းအလိုက် အများဆုံး ဖြစ်ပြီး ငါတို့ပဲ အနိုင်ရမယ်ပေါ့။ တကယ်တော့ သူတို့ တွက်တာ မမှားပါဘူး။ တစညပါတီဟာ စုစုပေါင်း မဲအရေအတွက်မှာ ၃၅ ရာနှုန်းလောက်နဲ့ ဒုတိယလိုက်ပါတယ်။ ရွှေပြည်တော်သားတွေကသာ တက်တက်ကြွကြွ မဲမထည့်ခဲ့ဘူး ဆိုရင်၊ ဒီချုပ်တခုတည်းကိုပဲ သဲသဲမဲမဲ မဲမထည့်ခဲ့ကြဘူး ဆိုရင် ဗိုလ်နေ၀င်းတို့ လက်ခမောင်း ခတ်ဦးမှာပေါ့။ အဲသလို ပိုင်ပြီဆိုပြီး အထင်ကြီး တခွဲသားနဲ့ လုပ်ချလိုက်တာ ငါ့နဖူး ဟက်တက်ကွဲရောဟ ဆိုသလိုပေါ့။

ဒီတခါလည်း ဗိုလ်ချုပ်မင်းကြီးများက ကိုယ့်ကိုယ်ကိုယ် အထင်တကြီးနဲ့ လုပ်နေပြန်ပါပြီ။ အထင်ကြီးချက်များ ဘယ်လောက်သင်းသလဲ ဆိုရင် ကြပ်ပြေး ပျဉ်းမနားမှာ မဲဆန္ဒနယ်ဖွဲ့ပြီး ပုဆိုးဝတ် ဗိုလ်ချုပ်ကြီးများက ၀င်အရွေးခံမတဲ့လေ။ အဲသည့်မှာ မဲပေးနိုင်သူ စာရင်းက ထောင်ဂဏန်းတောင် မရှိပါဘူးတဲ့။ ဒါတောင် ဗိုလ်ချုပ်မင်းတွေရဲ့ တဆွေလုံး တမျိုးလုံး တပည့် ကပ်ပါး လက်ပါးစေ အိမ်မွေးတဲ့ ခွေး ကြောင်က အစ စာရင်းထည့်ထားတာလို့ ဆိုသဗျ။

ပျဉ်ဖိုးနားလည်ထားတဲ့ ဗိုလ်ချုပ်မင်းတွေက ဒီတခါတော့ အငှားပါတီတွေ ဘာတွေ မထားတော့ပါဘူး။ သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး ပေးလို့ ရထားတဲ့ အာဏာအမွေကလေး အတော်ခိုင်သွားပြီ ဆိုတော့ သူ့ပါတီနဲ့လည်း အိုးစားခွဲလိုက်တာ ကြာပါပြီ။ ဟုတ်တာပေါ့။ ကိုယ်ရထားတဲ့ အမွေ ဘာလို့ ပြန်ပေးမလဲ။ ဘာလို့ ရှယ်ယာ လုပ်မလဲ။ ကိုယ်ပဲ အပိုင် ကိုင်ထားရပေမပေါ့။ ဒီတော့ ကိုယ်ပိုင်ပါတီ ထောင်သပေါ့။ လွှတ်တော်ထဲမှာလည်း ၂၅ ရာနှုန်း ယူသပေါ့။ ကဲ ဘာဖြစ်သေးလဲပေါ့။ ငါတို့ အကုန်လုပ်နိုင်တယ် ဆိုတဲ့ အထင်ကြီးစိတ်နဲ့ ဗိုလ်ချုပ်မင်းများ ထင်ရာစိုင်းချက်ကတော့ နာဂစ်ထက် ပြင်းပါသေးရဲ့။

ရွှေပြည်တော်ကြီးမှာ ကျင်းပဖို့ အကြီးအကျယ် ပြင်ဆင်နေတဲ့ ကောက်ရွေးပွဲ ဆိုတာက ကမ္ဘာပေါ်မှာ တခါမှာ မပေါ်ထွန်းသေးတဲ့ ဖြစ်စဉ်တခုပါပဲ။ ဒီဖြစ်စဉ်ကို အသေးစိတ် လေ့လာမှတ်သားပြီး စာတမ်းတွေ ကျမ်းတွေ ပြုစုမယ်ဆိုရင် ဒေါက်တာဘွဲ့လောက်တော့ အသာကလေး ရနိုင်တာပ။ ဘာကြောင့်လဲ ဆိုတော့ ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်တဲ့ ကောက်ရွေးပွဲဆိုတာ လူ့သမိုင်းမှာ ဒါပထမဆုံးပဲလေ။ ဒီအထဲမှာ မထည့်မဖြစ် ထည့်ရမှာကတော့ ဒီမိုကရေစီ ဆိုင်းဘုတ်အောက်က အမတ်ရူးတွေ ပါပဲ။

အမတ်ရူးတွေလို့ ပြောရတာတော့ အားနာစရာ ကောင်းပါရဲ့။ ကောက်ရွေးပွဲ ဖြစ်စဉ်ကြီးကို ရှောင်လွှဲမရလို့ ဒီကွင်းထဲ ၀င်ကစားတာကို ကိုကြီးပေါ်က နားလည်ပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ့်ရဲ့ နိုင်ငံရေး ကစားစရာ ကွင်းအဖြစ် သဘောထား လှုပ်ရှားကြမယ်ဆိုရင်၊ လူထုမှာ နိုင်ငံရေး နိုးကြားမှု လှုပ်ရှားမှု တစုံတရာ ဖြစ်လာနိုင်တာပေါ့။ ကလိမ်ကကျစ် ကိစ္စတွေကိုလည်း တဖက်တလမ်း ဖော်ထုတ်နိုင်စရာ ရှိတာပေါ့။ အခုတော့ ၃၇ မင်း … အဲ ယောင်လို့ ၃၇ ပါတီစလုံးရဲ့ ဦးတည် လှုပ်ရှားနေပုံက ကောက်ရွေးပွဲမှာ အောင်နိုင်ရေးတဲ့လေ။ ပွဲမစခင်ကတည်းက အဖြေထွက်ပြီးသား ကောက်ရွေးပွဲမှာ နိုင်ငံရေး အကျိုးအမြတ်ကို မရည်ရွယ်ဘဲ အမတ်ဖြစ်ဖို့ ရည်ရွယ်တယ်ဆိုတော့ အနှီပုဂ္ဂိုလ်များကို အမတ်ရူးလို့ ကင်ပွန်းတပ်ရုံမှတပါး အခြားမရှိတော့ဘူးပေါ့။

ဟိုး အတော် စောစောတုန်းကတော့ လွှတ်တော်ကနေ အခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ အသံတွေ ကြားခဲ့ရသေးရဲ့။ အဟဲ အခုလို မဲဆွယ်ကာလလည်း ရောက်ရော အဲဒီအသံတွေ ဘယ်ရောက်သွားပါလိမ့်။ ကိုကြီးပေါ် အင်တာနက်က ချောင်းနားထောင်တာ ဘာမှ မကြားရတော့ပါလား ဟရို့။ လွှတ်တော်မှာ ဘာတင်ပြမယ် ညာတင်ပြမယ် ဆိုတာတွေတော့ ကြားလာပြန်ရဲ့။ အမတ်မင်းကြီးများက ကောင်းပေ့ ညွန်ပေ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ဆိုတာ ခဏထားပါဦး။ အမတ်မင်း တို့အတွက် လွှတ်တော်တက်တဲ့ ရုံးစရိတ် ဘယ်လောက်ရမှာလဲ ဆိုတာ သေချာအောင် အရင်လုပ်ပါဦးလို့ ကိုကြီးပေါ်က တိုက်တွန်းချင်ပါရဲ့။

ရွှေပြည်တော်ကို မျှော်ကြည့်လိုက်ရင် ဒီပွဲက တယောက်တည်းပြေးတဲ့ ပွဲပါပဲ။ အခြား ပြိုင်ပွဲဝင် ပါတီတွေဟာ ကင်ပေတိုင် လက်ချက်နဲ့တင် အားလုံး ပက်လက်လန်နေကြပြီ ဟုတ်။ ပြေးလမ်းပေါ်တောင် တက်မယ် မကြံရသေးဘူး ကင်ပေတိုင်က ကုပ်ကိုင် ဆွဲထုတ်နေပြီကော။ အမျိုးသားညီလာခံမှာ ခေါင်းပေါင်း တလူလူနဲ့ အသုံးတော်ခံခဲ့တဲ့ ကချင်ခေါင်းဆောင်ကြီးခမျာ ပါတီလည်း ဖွဲ့မရ၊ အမတ်လည်း ၀င်ရွေးမရ၊ လက်နက် ပြန်ကိုင်လို့လည်း မရ။ အင်း မျောက် သစ်ကိုင်းလွတ်တယ် ပြောရလား။ ကျောချမှ ဓားပြမှန်းသိတယ် ပြောရမလား။ အရှင်ကြီး ချီးမြောက်ခါမှ သမီးပါ လင်နောက်လိုက်တယ် ပြောရမလား။

သြော် စဉ်းစားကြည့်ရင် အနှီပုဂ္ဂိုလ်တွေလည်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဒီတပွဲမှာ ၀င်နွှဲကြတာပဲ မဟုတ်လား။ နိုင်ငံရေး အကွေ့တခုမှာ ငါတို့ တနေရာတော့ ရနိုင်တယ်ဆိုတဲ့ အတွေးနဲ့ ၀င်ကြိတ်တာ မဟုတ်ပါဘူး ဆိုရင် ဘယ်လို ဆင်ခြေပေးမလဲ ဆိုတာ ကိုကြီးပေါ် ကြားလိုက်ချင်ပါရဲ့။

ရွှေပြည်တော်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူတွေ လှုပ်လှုပ်ရွရွ ဖြစ်နေသလောက် သာမန် ရွှေပြည်တော်သား တွေကတော့ ၀မ်းရေးအတွက် ရတက်မအေးရလို့ ကောက်ရွေးပွဲဆိုတာ ဂျိုနဲ့လားလို့တောင် မေးယူရမယ့် အဖြစ်ပါပဲ။ ကောက်ရွေးပွဲကို ရွှေပြည်တော်သားတွေကို စိတ်ဝင်စားစေချင်တယ် ဆိုရင် လုပ်တဲ့နည်းတွေ ရှိပါရဲ့။ မဲဆွယ်စည်းရုံးရေးတွေ လုပ်ပြီး နိုင်ငံရေး နိုးကြားအောင် လုပ်ဖို့ မလိုပါဘူး။ ထိုင်းက သက်ဆင်လို ပိုက်ဆံပေးပြီး မဲဝယ်စရာလည်း မလိုပါဘူး။

လုပ်ရမယ့်နည်းက မဲဆန္ဒနယ်ထဲမှာ ကောက်ရွေးပွဲလုပ်လို့ ထွက်ပေါ်လာမယ့် ဂဏန်းတွေရဲ့ နောက်ဆုံး သုံးလုံး နှစ်လုံးကိုသာ လောင်းကစားလုပ်ဖို့ ခွင့်ပေးလိုက်ပါ။ မဲဆန္ဒရှင်တွေ မဲရုံရှေ့မှာ တအုန်းအုန်းနဲ့ ၀ရုန်းသုန်းကား ဖြစ်မနေရင် ကိုကြီးပေါ်ကို ပြောချင်တိုင်းပြော။

ကိုကြီးပေါ်

No comments: