Wednesday, October 20, 2010

EPS-KLT(၂ဝဝ၈) အောင်မြင်ထားပြီး သူများနဲ့ သက်ဆိုင်သည့် ကိုရီးယား သတင်း

ကိုရီးယားနိုင်ငံသို့ အလုပ်သမားအသုံးပြုခွင့်စနစ်(EPS)ဖြင့် လာရောက် အလုပ်လုပ်ကိုင်ရန် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ(EPS-KLT)အား ၂ဝဝ၈ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့က ဖြေဆိုပြီး ၂ဝဝ၈ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့က ထုတ်ပြန်ခဲ့သော အောင်စာရင်းတွင် ပါဝင်သူများအား မြန်မာနိုင်ငံအစိုးရမှ လျှောက်လွှာများ ပြန်လည်ခေါ်ယူ နေသည့် ကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယား အစိုးရဖက်မှ အခြေအနေအား စုံစမ်းမေးမြန်းခဲ့သည်များကို ပြန်လည် လက်ဆင့်ကမ်း အသိပေးလိုက်ပါတယ်။

၂ဝ၁ဝခုနှစ် အောက်တိုဘာလ ၂ဝရက်နေ့ ညနေ ၄နာရီ မိနစ် ၃ဝခန့်က ကိုရီးယား အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားအသုံးပြုမှု အထောက်အကူပြု စင်တာ(employment support center)အား မေးမြန်း စုံစမ်းရာ တာဝန်ရှိ ဝန်ထမ်းသည် မြန်မာနိုင်ငံမှ အလုပ်သမားများ ထပ်မံခေါ်ယူ အသုံးပြုမည် ဆိုသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အလုပ်သမားဦးရေ မည်မျှခေါ်မည်ဆိုသည်ကိုမူ မသိရှိရသေးကြောင်း ဖြေကြားခဲ့ပါတယ်။ ထို့အပြင် မိမိ၏ ပုဂ္ဂလိက အမြင်အရ ယခုနှစ် ၂ဝ၁ဝအတွင်းမှာမူ အချိန်အတိုင်းအတာအရ ခေါ်ယူနိုင်လိမ့်မည် မထင်ကြောင်း ကိုပါ ပြောပြပါသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများ စေလွှတ်ပေးသည့် အကျိုးဆောင်ကုမ္ပဏီနှင့်မူ စာချုပ်သက်တမ်းသည် ကုန်ဆုံးသွားပြီး အလုပ်သမားစေလွှတ်ရန် ၂နိုင်ငံ နားလည်မှုစာချွှန်လွှာ (MOU- Memorandum of Understanding)သည်လည်း သက်တမ်းကုန်ဆုံး သွားပြီ ဖြစ်သည့် အတွက် စာချုပ်အသစ် အမြန်ဆုံး ချုပ်ဆိုရန် ၂နိုင်ငံ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရထုတ်၂ဝ၁ဝခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ(၁၁)တွင် မြန်မာနိုင်ငံဖက်မှ အလုပ်သမားပို့ဆောင်ရေးအား Government Overseas Employment Agency မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသော်လည်း ကိုရီးယားဝန်ထမ်းမှ ဖြေကြားမှုမှာ မြန်မာနိုင်ငံဖက်မှ Public Overseas Employment Agency (POEA) မှ တာဝန်ယူပို့ဆောင် ပေးမည်ဟု မိမိတို့အနေဖြင့် သိရှိထားကြောင်း ဖြေကြားပါသည်။ မြန်မာနိုင်ငံအတွက် (EPS-KLT) ထပ်မံစစ်ဆေးမည့် အစီအစဉ်ရှိမရှိ မေးမြန်းချက်အား လက်ရှိအနေအထားအရ အစီအစဉ် မရှိသေးကြောင်း ဖြေဆိုခဲ့ပါသည်။

ကိုရီးယားနှင့် အလုပ်သမားပို့ဆောင်ရန် သဘောတူညီထားသည့် နိုင်ငံများအနက် ၂ဝဝ၇ခုနှစ် နောက်ပိုင်းတွင် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-KLT)အား မြန်မာနိုင်ငံအတွက် ၁ကြိမ်တည်းသာ ကျင်းပပေးနိုင်ခဲ့သည်။ အကြိမ်အများဆုံး ကျင်းပပေးခဲ့သည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၈ကြိမ်မြောက် စာမေးပွဲအား ၂ဝ၁ဝခုနှစ် အောက်တိုဘာလ ၁ဝရက်နေ့က ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၈ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့က ကျင်းပခဲ့သော ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် (၄၇၇၉)ဦး လျှောက်လွှာတင်သွင်းခဲ့ပြီး (၄၇၃၅)ဦး ဝင်ရောက်ဖြေဆိုကာ (၃၅၃၆)ဦး အောင်မြင်ခဲ့သည်။


အသေးစိတ် မေးမြန်းလိုသူများ 고용지원센터 1588-1919 သို့ ဆက်သွယ်မေးမြန်း ကြပါလို့ လမ်းညွန်ပါရစေ။

မြန်မာနိုင်ငံသား တိုင်းရင်သား ညီအစ်ကို မောင်နှမများ ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေ စိတ်ချမ်းသာမှု အပေါင်းနဲ့ ပြည့်စုံပြီး မိမိတို့ တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုလူချစ်(ကိုရီးယား)

No comments: