Saturday, April 30, 2011

အာရှတလွှားက ဖုန်မှုန့်များ


မင်္ဂလာပါ။

ကိုရီးယားနိုင်ငံမှာ နွေဦးရောက်ပြီဆိုတာနဲ့ မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့ အန္တရာယ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုရီးယားလို ၀ှန်းဆာ(황사) လို့ခေါ်တဲ့ အာရှတိုက် အလယ်ပိုင်းဒေသဖြစ်တဲ့ တရုပ်ပြည်မြောက်ပိုင်းနဲ့ မွန်ဂိုဒေသမှာ ရှိတဲ့ သဲကန္တာရတွေက လွင့်ပျံ့လာတဲ့ မြေ၀ါမှုန်တွေ ထူထပ်စွာ ကျရောက်လာတဲ့ အခြေအနေတစ်မျိုးပါပဲ။

ရှေးတုန်းကတော့ မြေမှုန်တွေ မိုးလို ရွာချတယ်ဆိုပြီးတော့ စာနဲ့ ရေးသားကြတဲ့အခါ 우토(雨土), 토우(土雨) လို့ ရေးသားခဲ့ကြပြီး ရွံ့မိုးရွာတယ်လို့ သုံးနှုန်းခဲ့ကြကာ ၁၉၁၀ခုနှစ်နောက်ပိုင်းမှာတော့ ၀ှန်းဆာလို့ ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြပါတယ်။

မြောက်ကိုရီးယားမှာတော့ 흙비 သို့မဟုတ် 비흙 ဆိုပြီး ဖုန်မိုးလို့ သုံးနှုန်းနေဆဲဖြစ်ပါတယ်။ ဥရောပတလွှားမှာ သဲမုန်းတိုင်းလို့ ခေါ်ကြပြီး ဂျပန်နိုင်ငံမှာတော့ အမြင့်က ဖုန်မှုန့်များဆိုတဲ့ အဓိပ္ပါယ်နဲ့ ခိုဆာ(코사-高沙)လို့ ခေါ်ဝေါ်ကြပါတယ်။ ရံဖန်ရံခါ ဟာဝိုင်အီနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တွေအထိ ရောက်သွားတတ်လို့ အမေရိကန်နိုင်ငံမှာတော့ အနောက်အရပ်က ဖုန်မှုန့်တွေ(dust from the west)လို့ ခေါ်ပါတယ်။ ကမ္ဘာတစ်လွှားမှာတော့ အာရှဖုန်မှုန့်(Asian Dust)လို့ အများအားဖြင့် သုံးနှုန်း ခေါ်ဝေါ်လေ့ ရှိကြပါတယ်။




ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့ ဖုန်မှုန့်များရဲ့ မူလဒေသကတော့ တရုပ်ပြည် အလယ်ပိုင်း၊ မြစ်ဝါမြစ် အထက်ပိုင်းဒေသနဲ့ တရုပ်ပြည်နဲ့ မွန်ဂိုနိုင်ငံ နယ်စပ်မှာ ရှိတဲ့ ခြောက်သွေ့တဲ့ သဲကန္တာရဒေသတွေပဲ ဖြစ်ပါတယ်။ အဲဒီလို ခြောက်သွေ့တဲ့ ဒေသတွေဖြစ်တဲ့ ဂိုဘီသဲကန္တာရနဲ့ တက္ကလာမေကန် သဲကန္တာရဒေသတွေမှာ ရှိတဲ့ မြေ၀ါမှုန့်နဲ့ အလွန်သေးငယ်တဲ့ သဲမှုန့်တွေဟာ ပြင်းထန်တဲ့ လေပြင်းအတိုင်း အမြင့်မီတာ ၃၀၀၀မှ ၅၀၀၀ ကနေ အမြန်နှုန်း မီတာ ၃၀လောက်နဲ့ လွင့်ပျံ့လာတတ်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို အခြေအနေမျိုး ကျရောက်လာရင် ဘေးပတ်ဝန်းကျင်ကို ၁ ကီလိုမီတာလောက်ပဲ မြင်ရပြီး၊ သိပ်ဆိုးဝါးလာတဲ့ အခါမျိုးမှာတော့ မီတာ ၂၀၀ လောက်အထိပဲ မြင်နိုင်ပါတယ်။

မနက်ဖြန် ၅လပိုင်း ၁ရက်နေ့မှာ ကျရောက်မယ့် အာရှဖုန်မှုန့်တွေကတော့ ၂၀၁၁ခုနှစ် နွေဦးရာသီရဲ့ နိဒါန်းလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။


ဝှန်းဆာလို့ ခေါ်တဲ့ ဖုန်မှုန့်တွေထဲမှာ အများအားဖြင့် မက်ဂနီစီယမ်(Magnesium)၊ ဆီလီကွန်(silicon)၊ အလူမီနီယမ်(aluminum)၊ သံ(iron)၊ ပိုတက်စီယမ်(potassium)၊ ကယ်စီယမ်အောက်ဆိုဒ်(calcium oxide)စတဲ့ ဓာတ်ပစ္စည်းတွေ ထူထပ်စွာ ပါဝင်နေပါတယ်။ အဲဒီလို ဓာတ်သတ္ထုတွေဟာ အသက်ရှူအင်္ဂါနဲ့ လေပြွန်တလျှောက် အလွန် အန္တရာယ်ကြီးမားပါတယ်။ အဆုပ်ထဲ ၀င်သွားတဲ့အခါမျိုးမှာဖြစ်စေ၊ အဆုပ်နဲ့ အသက်ရှူလမ်းကြောင်း ဆုံတဲ့နေရာမှာ အဲဒီ ဖုန်မှုန့်တွေ ပိတ်သွားတဲ့အခါမျိုးမှာဖြစ်စေ အသက်သေဆုံးမှု ဖြစ်နိုင်ပါတယ်။ အသည်းထဲ ၀င်သွားတဲ့အခါမျိုးမှာလည်း အလားဂျစ်ခေါ်တဲ့ ဓာတ်မတည့်မှုကြောင့် ယားယံတာနဲ့ အသက်ရှူပြွန် ယောင်ရမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မျက်စေ့ထဲ ၀င်သွားတဲ့အခါမျိုးမှာ အမြင်စွမ်းရည် ထိခိုက်နိုင်ပြီး၊ အာသီးယောင် ရောဂါလိုမျိုး ယောင်ရမ်းခြင်းမျိုးကိုလည်း အဓိက ဖြစ်ပွားစေတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက် အလွန်ပဲ အန္တရာယ် ရှိလှပါတယ်။

ကိုရီးယားနိုင်ငံမှာတော့ ဒီလို ဖုန်မှုန့်တွေ ကျရောက်နေစဉ်မှာ ဂရုမထားပဲ ပန်းခြံတွေထဲမှာ ကျန်းမာရေးအားကစား လုပ်ရင်းက လဲကျသေဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတတ်တာပါ။ ဒီလို ဖုန်မှုန့်တွေကြောင့် သက်ရှိလူသားများသာမက ကားတွေလည်း အများအပြား ပျက်စီးတာကြောင့် ကိုရီးယားနိုင်ငံမှာတော့ အထူးသတိပြုကြပါတယ်။


ဒါကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဒီလို ဖုန်မှုန့်တွေ ထူထပ်စွာ ကျရောက်တဲ့ အချိန်မျိုးမှာ အပြင်ထွက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ အထူးသဖြင့် အဆုပ်နဲ့ အသက်ရှူလမ်းကြောင်း အားနည်းတဲ့သူများအနေနဲ့ အပြင်ထွက်ခြင်းကို လုံးဝ ရှောင်ရှားသင့်ပါတယ်။ သင့်လျှော်သော အစားအစာများအနေနဲ့ကတော့ အသက်ရှူလမ်းကြောင်းကို အထောက်အကူ ဖြစ်စေသော မုန်လာဥ၊ လိမ္မော်သီး၊ ဂျင်းစိမ်း၊ ဂင်ကိုသီး(은행)တို့ကို စားသုံးသင့်ပါသည်။






သတိပြုရမည့် အချက်များ

၁။ အပြင်ထွက်ပြီး ပြန်လာလျှင် ခြေ၊ လက်၊ မျက်နှာတို့ကို စင်ကြယ်စွာ ဆေးကြောပါ။ (ဖုန်မှုန့်ထဲ၌ ပါဝင်သော ဓာတ်သတ္ထုများသည် အသဲရောင်ရောဂါကို ဖြစ်ပွားစေသည်။)


၂။ အပြင်ထွက်လျှင် နှာခေါင်းကာကို မဖြစ်မနေ တပ်ဆင်ပါ။ (သာမန်အချိန် အသုံးပြုသော နှာခေါင်းကာများထက် အရည်အသွေးကောင်းမွန်သော နှာခေါင်းကာကိုသာ အသုံးပြုသင့်ပါသည်။ ဆေးဆိုင်များတွင် 황사마스크 ဟု မေးမြန်းဝယ်ယူနိုင်ပါသည်။)



၃။ မိမိ အခန်းရှိ လေ၀င်လေထွက် နေရာများကို လုံခြုံစွာ ပိတ်ဆို့ထားပါ။



၎။ အကာအကွယ်မျက်မှန်ကို အသုံးပြုပါ။ ( အချိန်ကြာမြင့်စွာ အပြင်၌ ရှိနေလျှင် မျက်စိယားယံခြင်းများ ဖြစ်ပွားတတ်ပါသည်။)

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ...။

No comments: