Saturday, January 17, 2009

၄၅ သန်းတန် ယုံကြည်မှု

ဒီကဗျာလေးကို ဆရာဇေယျာလင်းရဲ့ ထင်ရှားသည့် အမှတ်အသားများကဗျာစာအုပ်မှ ကူးယူဖော်ပြပါတယ်။ ကဗျာစာအုပ်မျက်နှာဖုံးမှာ ကဗျာဆရာက ဒီလို ပြောခဲ့ပါတယ်။
ကျွန်တော်ကဗျာရေးတာဟာ “မပြောတတ်တဲ့စကားကို ပြောဖြစ်အောင် ပြောကြည့်တာ” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “အဖော်ရှာတာ” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “အနာတူရှာတာ” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “နားလည်သူ ရှာတာ” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “ကဗျာဆိုတာ ဘာလဲဆိုတာကို ကျွန်တော်လက်ခံထားပုံနဲ့ ရေးထားတာ” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “ကျွန်တော်ကိုကျွန်တော်သိဖို့” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “ကျွန်တော်ရဲ့ စာနာမှု” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “ဘာသာစကားကို ချဲ့ထွင်ခြင်း” ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “ခေါင်းထဲပေါ်လာတဲ့ ဘာသာစကားတွေ”ကို ပြန်ဆန်းစစ်တာဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “နေ့စဉ်ဖြစ်ပျက်ဘ၀” ထဲက “ကဗျာမမြည်တဲ့ဟာတွေ” ကို ကဗျာထဲထည့်သွင်းလိုတာ ဖြစ်တယ်။ကျွန်တော်ကဗျာရေးတာဟာ “နေ့စဉ်ဘ၀နဲ့ စကားပြောကြည့်ခြင်း” ဖြစ်တယ်။


၄၅ သန်းတန် ယုံကြည်မှု

Newsweek Magazine Cover က God & China ပုံတစ်ပုံပါတယ်။
ခရစ်တော်ရဲ့ ရုပ်ထုကို တရုတ်လယ်သမားတစ်ယောက်က သူ့ကိုယ်နဲ့
မှီထား၊ တစ်ယောက်က လက်တစ်ဖက်တပ်ဆင်၊ နောက်တစ်ယောက်က
တိုက်အိုထဲက အခြားလက်တစ်ဖက် သယ်ထမ်းလာ။
ယောင်္ကျား ၃ ယောက်စလုံး အင်္ကျီကျွတ်နဲ့၊
ခရစ်တော်လည်း လံကွတ်တီနဲ့ အဲဒီအကြောင်း ကဗျာရေးချင်တယ်
ဘယ်လိုရှုထောင့်က ရေးမလဲ
(၁) ဘုရားကို လူကလုပ်တယ်
(၂) ခရစ်တော်ရုပ်တုကို လူတွေပြန်တပ်ဆင်
(၃) ကွန်မြူနစ်တိုင်းပြည်မှာ ခရစ်တော်ကို ကိုးကွယ်
(၄) လူသားနဲ့ ဘာသာရေးယုံကြည်မှု
အဲဒီလိုရေးရင်
(၁) မိမိခံစားချက် ဖော်ထုတ်တာမဟုတ်
(၂) လူနဲ့ပတ်သက်တဲ့ အတွေးတစ်ခုကို ရေးတာ
(၃) မြန်မာပြည်အကြောင်း၊ ဟိုဟာအကြောင်းမဟုတ်
“အာဖဂန် နစ္စတန်”ကဗျာလို
ဒါပေမယ့်
(၁) သူ့ချည်းပဲ တစ်ပုဒ်လုံးရေးမလား
(၂) ဘယ်လို Form နဲ့ရေးမလဲ၊
ဘုရားသခင်ရဲ့ ကွန်မြူနစ်တိုင်းပြည်မှာ
ခရစ်တော်ကို လယ်သမားတွေ ပြန်တပ်ဆင်နေကြတယ်။
ဘုရားသခင်ရဲ့ ကွန်မြူနစ်တိုင်းပြည်မှာ
လယ်သမားတွေ( )ခရစ်တော်ကို
ပြန်လည်တပ်ဆင်နေကြတယ်

လယ်သမားသုံးယောက် အင်္ကျီကျွတ်တွေနဲ့
လံကွတ်တီပဲပတ်ထားတဲ့ ခရစ်တော်

ရုပ်တုဟာ ဒူးညွှတ်ကွေးပြီး တစ်ယောက်ကိုမှီ
တစ်ယောက်က ဘယ်ဘက်ပခုံးငုတ်ထဲ
ဘယ်ဘက်လက်တံ ကို လူလိုထိုးသွင်း

တတိယလူဟာ တိုက်အိုထဲက ထွက်လာတယ်
ခရစ်တော်ရဲ့ ညာဘက်လက်တစ်ဖက်လုံး
ပခုံးမှာ မြင့်မြတ်စွာထမ်းလို့

ယနေ့တရုတ်ပြည်တွင် ခရစ်ယာန်ဘာသာဝင်
၄၅ သန်းထက်မနည်း ရှိကြောင်း သတင်းထုတ်ပြန်
Newsweek မေ၊ ၁၆၊ ၂၀၀၄

တိုင်းပြည်စီးပွားရေး ဦးမော့လာတာနဲ့အမျှ
ဒီအနောက်တိုင်း ဘုရားသခင်ဝါဒ
(ဥရောပကို ခြောက်လှန့်ခဲ့တဲ့ တစ္ဆေကြီး)
မြေအောက်ဝတ်ပြုကျောင်းတွေထဲက
နေ့အလင်းရောင်ထဲ စမ်းသပ်ထွက်ခွင့်ရ

ရာစုနှစ်များစွာ သွေးစွန်းဆူးခက်သရဖူနဲ့
ဘုရားဝိညာဉ်ပူးသောသားတော်ဟာ လူဖြစ်မှုဝေဒနာနဲ့
ဦးခေါင်းညာဘက် လည်လိပ်ဇက်ကျိုးလို့
အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကများ
ပြန်ရောက်ရှိလာသလား အောက်မေ့ရ
(အောက်မေ့ဖွယ်ခန်းမမှာ)
လက်ဝါးကပ်တိုင်ပေါ် ပြန်တင်ဖို့)

သိုးမည်းတွေရှာဖွေဖို့
ဝိညာဉ်တွေကယ်တင်ဖို့
ဘုရားသခင်ရဲ့ အာဏာနီနှုတ်ထွက်စကား ကမ္ဘာအနှံ့ဖြန့်ဖို့

အဖဘုရားသခင်
ယုံကြည်သူများရဲ့ ကယ်တင်ရှင်
တနင်္ဂနွေဟာ အရှင့်အတွက်
ကျန်ခြောက်ရက်ဟာ ပြည်သူနဲ့ ပါတီအတွက်
ဘုရားသခင်ရဲ့ လက်ဝါးကပ်တိုင်းပြည်
ရှေ့ဆက်လှမ်းကြ ခရစ်ယာန်စစ်သည်
ပြည်သူ့တရုတ်ပြည်ရဲ့ ပစ္စည်းမဲ့ရောင်နီ။ ။

ဇေယျာလင်း
၁၁၊ ဇွန်လ၊ ၂၀၀၅
(ထင်ရှားသည့်အမှတ်အသားကဗျာစာအုပ်မှ)

No comments: